အွန်လိုင်းလောင်းကစား လုပ်ငန်းကို စင်ကာပူက အကန့်အသတ်ဖြင့် ခွင့်ပြုမည်

အွန်လိုင်းလောင်းကစား လုပ်ငန်းကို စင်ကာပူက အကန့်အသတ်ဖြင့် ခွင့်ပြုမည်
Published 30 September 2016

အွန်လိုင်းတွင် လောင်းကစားခြင်းကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားသော စည်းကမ်းသတ်မှတ်ချက်များဖြင့် ခွင့်ပြုသွားမည်ဖြစ်ကြောင်း စင်ကာပူ အစိုးရက စက်တင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
စင်ကာပူ ပြည်ထဲရေး ဝန်ကြီးဌာနက လောင်းကစားဝက်ဘ်ဆိုက်များကို ပိတ်ပင်သည့် ဥပဒေတွင် အစိုးရက တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်သော Singapore Pools နှင့် Singapore Turf Club တို့ကို ခြွင်းချက်ပေးခဲ့သည်။ ထို့ပြင် လောင်းကစားဝက်ဘ်ဆိုက်များ၌ အီလက်ထရွန်နစ် နည်းလမ်းဖြင့် ငွေပေးငွေယူ ဆောင်ရွက်ခြင်းကိုလည်း စင်ကာပူက တားမြစ်မည်ဖြစ်သည်။
Singapore Pools နှင့် Singapore Turf Club တို့သည် လာမည့်နှစ်လအတွင်း အွန်လိုင်းလောင်းကစားဝန်ဆောင်မှု စတင်မည်ဖြစ်ပြီး ကာစီနိုပုံစံဂိမ်းများကိုမူ ဝန်ဆောင်မှုပေးမည် မဟုတ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ လမ်းညွှန်ချက်များကို ချိုးဖောက်ပါက ယင်းလောင်းကစား ဝန်ဆောင်မှု လုပ်ငန်းများသည် ဒဏ်ငွေဒေါ်လာ ၇၃၄၀၀၀ (စင်ကာပူဒေါ်လာ တစ်သန်း) ချမှတ်ခံရမည်ဖြစ်သည်။ အွန်လိုင်းမှနေ၍ စင်ကာပူထီ 4D၊ F1 ပြိုင်ပွဲများနှင့် ဘောလုံးပွဲများ၊ မြင်းပြိုင်ပွဲများကို အလောင်းအစား ပြုလုပ်နိုင်မည် ဖြစ်သည်။ စင်ကာပူ အွန်လိုင်းလောင်းကစား လုပ်ငန်းများ အနေဖြင့် ကင်းလွတ်ခွင့်ကို သုံးနှစ် ရရှိမည်ဖြစ်ပြီး ထိုနောက်ပိုင်းတွင် သက်တမ်းတိုးရမည် ဖြစ်သည်။ ကာစီနိုနှစ်ခုရှိသော စင်ကာပူတွင် အားကစားပွဲများ၌ အထူးသဖြင့် ဥရောပကလပ် ဘောလုံးပြိုင်ပွဲများကို အလောင်းအစား ပြုလုပ်နေကြသည်။ အွန်လိုင်းတွင် အလောင်းအစား ပြုလုပ်ခြင်းကို အလုံးစုံ တားမြစ်ပါက အဝေး၌ တရားမဝင် အလောင်းအစား ပြုလုပ်ခြင်းကို တွန်းပို့သကဲ့သို့ ဖြစ်မည်ဖြစ်ကြောင်း၊ ထိုအခါ စစ်ဆေးရန် ပိုမို ခက်ခဲလာပြီး ဥပဒေ စိုးမိုးမှုကို ထိပါးမှုနှင့် လူမှုရေးဆိုင်ရာ စိုးရိမ်မှုများကို ပိုမိုဆိုးရွားစေမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
စင်ကာပူသည် ပြီးခဲ့သည့် နှစ်မှစ၍ ပြည်ပအခြေစိုက် လောင်းကစား ဝက်ဘ်ဆိုက် အားလုံးကို ပိတ်ပင်ခဲ့သည်။ ထိုမတိုင်ခင်က စင်ကာပူ၏ အွန်လိုင်းလောင်းကစား လုပ်ငန်းသည် စင်ကာပူဒေါ်လာ သန်း ၅၀၀ ခန့် ဈေးကွက်တန်ဖိုးရှိကြောင်း စထရိတ်တိုင်းမ် သတင်းစာက ၂၀၁၅ ဇူလိုင်လတွင် ခန့်မှန်းဖော်ပြခဲ့သည်။
အွန်လိုင်းလောင်းကစားကို စင်ကာပူ၏ ချဉ်းကပ်မှုသည် ဟောင်ကောင်၊ နော်ဝေတို့နှင့် မတူညီကြောင်း၊ ယင်းနိုင်ငံများတွင် စည်းကမ်းသတ်မှတ်မှုများဖြင့် လောင်းကစား လုပ်ငန်းများကို တရားဝင် ခွင့်ပြုထားကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
Ref: AFP

Most Read

Most Recent