ပြင်သစ်က မိုဆူးရှိ IS များကို လေကြောင်းမှ စတင်တိုက်ခိုက်

ပြင်သစ်က မိုဆူးရှိ IS များကို လေကြောင်းမှ စတင်တိုက်ခိုက်
Published 30 September 2016

ပြင်သစ်က အီရတ်နိုင်ငံ မိုဆူးမြို့ရှိ IS ဂျီဟတ်များကို လေယာဉ်တင်သင်္ဘော ချားဒီဂေါမှ တိုက်လေယာဉ်များဖြင့် လေကြောင်း တိုက်ခိုက်မှုကို စတင်ခဲ့ကြောင်း အေအက်ဖ်ပီ သတင်းဌာနက စက်တင်ဘာ ၃၀ ရက်တွင် ဖော်ပြခဲ့သည်။ ယင်းလေယာဉ်တင် သင်္ဘောမှ ရာဖေးတိုက်လေယာဉ်များသည် စက်တင်ဘာ ၃၀ ရက် အစောပိုင်းတွင် ပျံတက်ခဲ့ပြီး မိုဆူး၌ စစ်ဆင်ရေးတွင် ပါဝင်မည်ဖြစ်ကြောင်း ယင်းလေယာဉ်တင် သင်္ဘောမှ တာဝန်ရှိသူ တစ်ဦး၏ ပြောစကားကို အေအက်ဖ်ပီက ကိုးကားဖော်ပြခဲ့သည်။
ပြင်သစ်၏ တစ်စင်းတည်းသော လေယာဉ်တင် သင်္ဘော ချားဒီဂေါကို စက်တင်ဘာ အစောပိုင်း ကတည်းက အရှေ့မြေထဲပင်လယ်သို့ စေလွှတ်ခဲ့ကြောင်း သိရသည်။
၂၀၁၄ ခုနှစ် ဇွန်တွင် IS အဖွဲ့၏ သိမ်းပိုက်ခြင်း ခံခဲ့ရသော မိုဆူးမြို့ကို ပြန်လည် သိမ်းယူရန်အတွက် ကြိုးပမ်းနေသော အီရတ် တပ်ဖွဲ့ဝင်များသည် မြေပြင်တိုက်ပွဲများတွင် ကြီးမားသော အောင်မြင်မှုများ ရရှိနေပြီး ယင်းမြို့ကို ပြန်လည် သိမ်းယူရန်အတွက် ထိုးစစ်တစ်ရပ်ကို မကြာမီ ဆင်နွှဲမည်ဖြစ်သည်။
အီရတ်မြောက်ပိုင်း မိုဆူးမြို့ကို ပြန်လည် သိမ်းယူရေး ထိုးစစ်ဆင်ရန် ကြိုတင်ပြင်ဆင်နေသော အီရတ်တပ်ဖွဲ့ဝင်များကို ကူညီရန် အမေရိကန်တပ်ဖွဲ့ဝင် ၆၀၀ ကို တိုးမြှင့် တပ်စွဲခဲ့ကြောင်း အမေရိကန်နှင့် အီရတ် တာဝန်ရှိသူများက စက်တင်ဘာ ၂၈ ရက်တွင် ကြေညာခဲ့သည်။
စက်တင်ဘာ ၃၀ ရက်က စစ်ဆင်ရေးတွင် ရာဖေးတိုက်လေယာဉ် ၂၄ စင်း ပါဝင်မည်ဖြစ်ပြီး ပျမ်းမျှအားဖြင့် သုံးမိနစ်လျှင် တစ်ကြိမ် ပျံသန်းမည်ဖြစ်ကြောင်း ပြင်သစ် အသံလွှင့်ဌာန RTL က ထုတ်ပြန်ခဲ့သည်။ ယင်းတိုက်လေယာဉ်များတွင် ၂၅၀ ကီလိုဂရမ်လေးသော လေဆာလမ်းညွှန် စနစ်ပါ ဗုံးလေးလုံးစီ တပ်ဆင်ထားကြောင်းလည်း RTL က ဖော်ပြခဲ့သည်။
အီရတ်နှင့် ဆီးရီးယားရှိ IS များကို အမေရိကန် ဦးဆောင်သော နိုင်ငံတကာ ညွန့်ပေါင်းက လေကြောင်းမှ တိုက်ခိုက်နေစဉ်အတွင်း ချားဒီဂေါလေယာဉ်တင် သင်္ဘောက တတိယအကြိမ် စစ်ဆင်ရေး၌ ပါဝင်ခဲ့ခြင်း ဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် IS နှိမ်နင်းသည့် စစ်ဆင်ရေး၌ စတင်ပါဝင်ခဲ့သော ပြင်သစ်သည် ပါရီတွင် အကြမ်းဖက်တိုက်ခိုက်မှုများ ကြုံတွေ့ခဲ့ရပြီးနောက် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်း ဂျီဟတ်စစ်ဆင်ရေးကို တိုးမြှင့်လုပ်ဆောင်ခဲ့သည်။ ပါရီအကြမ်းဖက် တိုက်ခိုက်မှုများတွင် IS စစ်သွေးကြွများက လူပေါင်း ၁၃၀ ကို သတ်ဖြတ်ခဲ့သည်။
နျူကလီးယား ဓာတ်ပေါင်းဖိုနှစ်လုံးဖြင့် လည်ပတ်သော တန်ချိန် ၃၈၀၀၀ ရှိသည့် လေယာဉ်တင်သင်္ဘော ချားဒီဂေါသည် မီတာ ၂၆၀ (ပေ ၈၅၀) ရှည်လျားပြီး အမှုထမ်း ၁၉၀၀ ကျော် လိုက်ပါနေကြောင်း သိရသည်။
အီရတ်၏ ဒုတိယအကြီးဆုံးမြို့ မိုဆူးကို ထိုးစစ်စတင်သည့် အချိန်တွင် လူပေါင်း ၇၀၀,၀၀၀ ထက်မနည်း အကူအညီ လိုအပ်မည်ဟု မျှော်လင့်ရကြောင်း ကုလသမဂ္ဂက စက်တင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အီရတ်သည် ကမ္ဘာပေါ်တွင် အကြီးမားဆုံး အိုးမဲ့အိမ်မဲ့ ပဋိပက္ခတစ်ခုကို ရင်ဆိုင်နေရပြီဖြစ်ပြီး ၂၀၁၄ ခုနှစ်နောက်ပိုင်း လူ ၃ ဒသမ ၃ သန်း ဝန်းကျင်သည် ၎င်းတို့၏ နေအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ရကြောင်း သိရသည်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) က ယခုနှစ်မကုန်မီ အီရတ်တွင် လူပေါင်း ၁၂၀,၀၀၀ ကို ထားရှိနိုင်သော စခန်း ၁၁ ခုကို တည်ဆောက်ပြီးစီးမည်ဟု မျှော်လင့်ထားသည်။ သို့သော် ယင်းအစီအစဉ်များ ပြီးမြောက်လျှင်ပင် အိုးအိမ်မဲ့သူ ၄၃၀,၀၀၀ အထိသည် နေထိုင်စရာ မရှိဘဲ နေထိုင်ရမည်ဖြစ်ကြောင်း UNHCR မှ အီရတ်ဆိုင်ရာ အထူးကိုယ်စားလှယ် ဘရူနိုဂက်ဒိုက ပြောကြားခဲ့သည်။
Ref: AFP

Most Read

Most Recent