ကက်ရှ်မီးယားနယ်စပ်တွင် တိုက်ခိုက်ခဲ့ပြီးနောက် အိန္ဒိယက ပါကစ္စတန်နယ်စပ် အနီးမှ လူအမြောက်အမြားကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့

ကက်ရှ်မီးယားနယ်စပ်တွင် တိုက်ခိုက်ခဲ့ပြီးနောက် အိန္ဒိယက ပါကစ္စတန်နယ်စပ် အနီးမှ လူအမြောက်အမြားကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့
စက်တင်ဘာ ၂၄ ရက်က အိန္ဒိယနိုင်ငံ ရန်ဘီယာဆင်းပူရာရှိ အိန္ဒိယ-ပါကစ္စတန် နယ်စပ်ဂိတ်တစ်ခုအနီး စောင့်ကြပ်နေသော အိန္ဒိယစစ်သားများ (Photo: AP)
စက်တင်ဘာ ၂၄ ရက်က အိန္ဒိယနိုင်ငံ ရန်ဘီယာဆင်းပူရာရှိ အိန္ဒိယ-ပါကစ္စတန် နယ်စပ်ဂိတ်တစ်ခုအနီး စောင့်ကြပ်နေသော အိန္ဒိယစစ်သားများ (Photo: AP)
Published 30 September 2016

အငြင်းပွား ကက်ရှ်မီးယားတွင် ရှေ့တန်း စစ်မျက်နှာ၌ တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ပြီးနောက် တစ်ရက်အကြာတွင် အိန္ဒိယက ပါကစ္စတန် နယ်စပ် အနီးမှ ဒေသခံ ထောင်ပေါင်းများစွာကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၂၉ ရက်က တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ပြီးနောက် နယ်စပ်မှ ခြောက်မိုင်အကွာရှိ ကျေးရွာများ၌ ဒေသခံများကို ရွှေ့ပြောင်းပေးနေကြောင်း ပန်ဂျပ်ပြည်နယ် အာဏာပိုင်များက စက်တင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။
ကွန်မန်ဒိုများသည် ပါကစ္စတန် ထိန်းချုပ်ထားသော ကက်ရှ်မီးယားဘက် အခြမ်းရှိ နယ်မြေများ အတွင်းမှ အကြမ်းဖက် ပစ်မှတ်များကို တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ကြောင်း အိန္ဒိယ သတင်းရင်းမြစ်များက စက်တင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။
ကက်ရှ်မီးယားရှိ အိန္ဒိယ စစ်အခြေစိုက် စခန်းတစ်ခု တိုက်ခိုက်ခံရမှု၌ စစ်သား ၁၈ ဦး သေဆုံးခဲ့ပြီး ယင်းတိုက်ခိုက်မှုသည် ပါကစ္စတန် အခြေစိုက် စစ်သွေးကြွများ လက်ချက်ဟု အိန္ဒိယက အပြစ်တင်ခဲ့ပြီးနောက် နယ်စပ်တွင် အိန္ဒိယ၏ ကွန်မန်ဒို တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ကက်ရှ်မီးယားရှိ နှစ်နိုင်ငံ နယ်စပ်မျဉ်းအဖြစ် သတ်မှတ်ထားသော Line of Control ကို ဖြတ်ကျော်၍ အိန္ဒိယနှင့် ပါကစ္စတန် တပ်ဖွဲ့ဝင်များ အပြန်အလှန် တိုက်ခိုက်နေကြဖြစ်သည်။ သို့သော်လည်း မြေပြင်တပ်ဖွဲ့ဝင်များ LoC အနီးသို့ စေလွှတ်မှုသည် ရှားရှားပါးပါးဖြစ်ရပ် ဖြစ်သည်။ အိန္ဒိယက ပစ်မှတ်ရွေးချယ် တိုက်ခိုက်မှု ဆောင်ရွက်ခဲ့ကြောင်း ပြောကြားမှုများသည် ထင်ယောင်ထင်မှား ကိစ္စတစ်ခုသာ ဖြစ်သည်ဟု ပါကစ္စတန်ဘက်က ပြောကြားခဲ့သည်။ ထို့ပြင် လက်နက်ငယ် ပစ်ခတ်မှုကြောင့် ပါကစ္စတန် စစ်သားနှစ်ဦး သေဆုံးခဲ့ကြောင်း ပါကစ္စတန် အစိုးရက ပြောကြားခဲ့သည်။
ဟိမဝန္တာဒေသ အတွင်းရှိ LoC ကို ဖြတ်ကျော်ခဲ့ပြီးနောက် အိန္ဒိယစစ်သားတစ်ဦး ဖမ်းဆီးခံခဲ့ရကြောင်း အိန္ဒိယ မီဒီယာများနှင့် သတင်းရင်းမြစ်များက စက်တင်ဘာ ၃၀ ရက်တွင် ဖော်ပြခဲ့ကြသည်။ တင်းမာမှု မြင့်တက်လာနေသော အခြေအနေအတွက် ထိန်းချုပ်ဆောင်ရွက်ကြရန် နိုင်ငံတကာက တောင်းဆိုမှုများ ကြုံခဲ့ရပြီးနောက် ယင်းအခြေအနေကို ဆွေးနွေးရန် ပါကစ္စတန် ဝန်ကြီးချုပ် နဝပ်ရှရစ်က အစိုးရအဖွဲ့ အစည်းအဝေး ခေါ်ယူခဲ့သည်။
အိန္ဒိယနှင့် ပါကစ္စတန်တို့သည် လွန်ခဲ့သော ဆယ်စုနှစ် ခုနစ်ခုခန့်က ဗြိတိန်ထံမှ လွတ်လပ်ရေးရခဲ့ပြီးနောက် စစ်ပွဲသုံးကြိမ် ဖြစ်ပွားခဲ့ကြပြီး နှစ်ကြိမ်သည် ကက်ရှ်မီးယားအတွက် တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။ စက်တင်ဘာ ၁၈ ရက်က အိန္ဒိယစစ်စခန်း စီးနင်း တိုက်ခိုက်ခံရမှုသည် ဆယ်စုနှစ်တစ်ခုကျော်အတွင်း အဆိုးရွားဆုံး တိုက်ခိုက်မှု ဖြစ်ခဲ့ပြီး အိန္ဒိယက ထိုနောက်ပိုင်းတွင် ပါကစ္စတန်ကို အထီးကျန်ထားရန် သံတမန်ရေးအရ အရှိန်မြှင့် ကြိုးပမ်းခဲ့သည်။
Ref: AFP

Most Read

Most Recent