အလက်ပိုမြို့ထဲ၌ သွေးချောင်းစီးစေသော လုပ်ရပ်များအား ရပ်တန့်ရန် ဆီးရီးယားနှင့် ရုရှားအစိုးရတို့ကို MSF က မေတ္တာရပ်ခံ

အလက်ပိုမြို့ထဲ၌ သွေးချောင်းစီးစေသော လုပ်ရပ်များအား ရပ်တန့်ရန် ဆီးရီးယားနှင့် ရုရှားအစိုးရတို့ကို MSF က မေတ္တာရပ်ခံ
Published 30 September 2016

အလက်ပိုမြို့ အရှေ့ပိုင်း၌ ပြုလုပ်နေသော ဗုံးကြဲမှုများကို ရပ်တန့်ရန် ဆီးရီးယားနှင့် ၎င်း၏ မဟာမိတ် ရုရှားတို့ကို နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) က စက်တင်ဘာ ၃၀ ရက်တွင် အနူးအညွတ် မေတ္တာရပ်ခံခဲ့ပြီး ၎င်းတို့၏ လုပ်ရပ်များက အလက်ပိုမြို့ထဲမှ အရပ်သားတို့၏သွေးများ ချောင်းစီးအောင် လုပ်ဆောင်နေသကဲ့သို့ ဖြစ်နေကြောင်း သတိပေးခဲ့သည်။
“ဆီးရီးယား ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့ရဲ့ လေယာဉ်တွေဟာ မိုးရွာသလို ဗုံးတွေကြဲချနေတဲ့အတွက် အလက်ပို အရှေ့ခြမ်း တစ်ခုလုံးဟာ ကြီးမားတဲ့ လူသတ်ကွင်းကြီး ဖြစ်နေပါပြီ” ဟု MSF ၏စီမံကိန်း ဒါရိုက်တာဖြစ်သူ Xisco Villalonga က ပြောကြားခဲ့သည်။ “ဆီးရီးယားအစိုးရရဲ့ အခုလို မြင်မြင်ရာ ဗုံးကြဲနေတာတွေကို ရပ်တန့်လိုက်ပါတော့။ ဆီးရီးယား အစိုးရရဲ့ အရေးပါတဲ့ စစ်ရေးနဲ့ နိုင်ငံရေးမဟာမိတ်ဖြစ်တဲ့ ရုရှားကလည်း ဒီလုပ်ရပ်တွေကို ရပ်တန့်သွားအောင် ဖိအားပေးဖို့ တာဝန်ရှိပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
သေဆုံးသူ ၃၀၀,၀၀၀ ကျော် ရှိနေပြီ ဖြစ်သည့် ငါးနှစ်ကျော်ကြာ ဆီးရီးယား စစ်ပွဲအတွင်း ယခင်က မကြုံခဲ့ဖူးသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးကြီးတစ်ခု အလက်ပိုထဲ၌ ဖြစ်နေသည်ဟု ကုလသမဂ္ဂကလည်း သတိပေးနေသည်။
ကုလသမဂ္ဂ၏ အချက်အလက်များအရ စက်တင်ဘာ အစောပိုင်းမှစ၍ အစိုးရ စစ်တပ်က ဝန်းရံပိတ်ဆို့ထားသည့် ခန့်မှန်းခြေ လူပေါင်း ၂၅၀၀၀၀ ခန့် နေထိုင်သော အလက်ပို အရှေ့ပိုင်းတွင် ဆရာဝန် ၃၅ ဦး ဝန်းကျင်သာ ကျန်တော့သည်ဟု သိရသည်။
ဆီးရီးယားသူပုန်တို့ ထိန်းချုပ်ထားသည့် အလက်ပို အရှေ့ပိုင်းတွင် ရှိနေသေးသော ဆေးရုံအနည်းငယ်သို့ စက်တင်ဘာ ၂၁ ရက်မှ ၂၆ ရက်အတွင်း အလောင်းပေါင်း ၂၇၈ လောင်း ရောက်လာခဲ့ပြီး ယင်းတို့ထဲ၌ ကလေး ၉၆ ဦးပါဝင်သည်ဟု MSF ၏ အလက်ပိုဌာနခွဲ၏ စာရင်းများအရ သိရသည်။ ဒဏ်ရာ ရရှိသူ ၈၂၂ ဦးထက် မနည်းတွင်လည်း ကလေး ၂၂၁ ဦးခန့် ပါဝင်နေသည်။
“အရေးပေါ် လူနာခန်းတွေအားလုံး ပြည့်နေပါပြီ။ လူနာတွေဟာ အရေးပေါ် ဆေးကုသမှုရဖို့ အတွက် အရေးပေါ်ခန်းထဲ ရောက်နေတဲ့သူတွေ သေဖို့ကို စောင့်နေရပါတယ်။ ဆေးရုံဝန်ထမ်းတွေဟာလည်း တစ်နေ့ကို နာရီ ၂၀ ကျော် အလုပ်လုပ်နေရပါတယ်” ဟု အလက်ပို အရှေ့ခြမ်းရှိ MSF က ထောက်ပံ့ထားသော ဆေးရုံတစ်ရုံ၏ မန်နေဂျာ အဘူဝါစင်က ဆိုသည်။ ယခု အခြေအနေအတိုင်း ဆက်လက်ဗုံးကြဲနေမည် ဆိုပါက ရက်အနည်းငယ် အတွင်းမှာပင် ဆေးရုံတစ်ရုံမျှပင် ဆက်လက်ရပ်တည်နိုင်တော့မည် မဟုတ်ဟု ၎င်းက ပြောကြားခဲ့သည်။ ထို့ကြောင့် ဗုံးကြဲတိုက်ခိုက်မှုကို ရပ်တန့်ပြီး ဒဏ်ရာရသူများ၊ နေမကောင်း ဖြစ်သူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးရန် ဝါစင်က တောင်းဆိုခဲ့သည်။
Ref: AFP

Most Read

Most Recent