တရုတ်တွင် ရေကြီးမြေပြိုမှုများကြောင့် လူတစ်ဦး သေဆုံးခဲ့ပြီး အမြောက်အမြား ပျောက်ဆုံးနေ

တရုတ်တွင် ရေကြီးမြေပြိုမှုများကြောင့် လူတစ်ဦး သေဆုံးခဲ့ပြီး အမြောက်အမြား ပျောက်ဆုံးနေ
စက်တင်ဘာ ၂၉ ရက်က တရုတ်အရှေ့ပိုင်း ကျဲကျန်ပြည်နယ်တွင် မြေပြိုမှုဖြစ်ပွားနေမှုကို ရိုက်ကူးထားသော ဓာတ်ပုံ (Photo: AFP)
စက်တင်ဘာ ၂၉ ရက်က တရုတ်အရှေ့ပိုင်း ကျဲကျန်ပြည်နယ်တွင် မြေပြိုမှုဖြစ်ပွားနေမှုကို ရိုက်ကူးထားသော ဓာတ်ပုံ (Photo: AFP)
Published 30 September 2016

တရုတ်နိုင်ငံ အရှေ့ပိုင်းတွင် မေဂျီတိုင်ဖွန်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မြေပြိုမှုများ ဖြစ်ပွားခဲ့ပြီးနောက် လူတစ်ဦး သေဆုံးခဲ့ပြီး အမြောက်အမြား ပျောက်ဆုံးနေကြောင်း နိုင်ငံပိုင်မီဒီယာ ဆင်ဟွာက စက်တင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။
အရှေ့ပိုင်း ကျဲကျန်ပြည်နယ် ရွှီချန်ကောင်တီ၌ မြေပြိုမှုများကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ၂၆ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း ဆင်ဟွာက ဖော်ပြခဲ့သည်။ လူမှုမီဒီယာများ၌ ပြသခဲ့သော ဗီဒီယို တစ်ပိုင်းတစ်စတွင် တောင်ကြားရှိ အိမ်များဆီသို့ ရေများ စီးကျလာမှုကို မြင်တွေ့ခဲ့ရသည်။
“ကျောက်တုံးတွေက ရေတွေလို ပြိုဆင်းလာတာပါ။ ကျွန်တော် အမြန်ပြေးတာ ဖိနပ်တစ်ဖက်တောင် ပျောက်သွားခဲ့ပါတယ်” ဟု အသက် ၅၈ နှစ်အရွယ် အသက်ရှင် ကျန်ရစ်သူ တစ်ဦးက ဆင်ဟွာကို ပြောကြားခဲ့သည်။
အိမ်အလုံး ၂၀ ခန့် ပျက်စီးခဲ့ပြီး အိမ် ၁၇ လုံး၌ အပျက်အစီး ကုဗမီတာ ၄၀၀,၀၀၀ ခန့် ကျန်ရစ်ခဲ့ကြောင်း ကောင်တီတာဝန်ရှိသူ တစ်ဦးကို ကိုးကားပြီး ဆင်ဟွာက ဖော်ပြခဲ့သည်။ ဒေသခံ ၁၅၀၀ ခန့်ကို နေရာရွှေ့ပြောင်းပေးခဲ့ပြီး ကယ်ဆယ်ရေး အလုပ်သမား ၁၂၀၀ ခန့်အား စက်ကိရိယာများနှင့်အတူ စေလွှတ်ခဲ့ကြောင်း တရုတ်အစိုးရက ပြောကြားခဲ့သည်။
သို့သော်လည်း ရေကြီးမှုများကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးနေပြီး အသေးစား မြေပြိုမှုများ ဖြစ်ပွားနိုင်ဖွယ် ရှိသေးကြောင်း ဆင်ဟွာက ဖော်ပြခဲ့သည်။
မေဂျီတိုင်ဖွန်းသည် တစ်နာရီလျှင် ၇၅ မိုင်ထိ လေတိုက်နှုန်းရှိခဲ့ပြီး မြေပြိုမှုများကို ဖြစ်စေခဲ့သည်။ တိုင်ဖွန်းကြောင့် ဖူူကျန်ပြည်နယ် တစ်ဝိုက်တွင် မိုးရေချိန် ၁၂ လက်မကျော် ရွာသွန်းခဲ့ပြီး တစ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ မီဒီယာများက ဖော်ပြခဲ့သည်။ ထိုင်ဝမ်ကို ယခုတစ်ပတ် အစောပိုင်းက ဝင်ရောက်ခဲ့သော မေဂျီတိုင်ဖွန်းသည် အင်အားအပြင်းဆုံး ကာလ၌ လူလေးဦး သေဆုံးခဲ့ပြီး ၆၂၅ ဦး ဒဏ်ရာရရှိခဲ့သည်။
မေဂျီတိုင်ဖွန်းကြောင့် ထိုင်ဝမ်တွင် စိုက်ပျိုးရေးကဏ္ဍ၌ ဒေါ်လာ ၄၂ သန်းခန့် နစ်နာဆုံးရှုံးခဲ့ပြီး လူလေးသန်းကျော်သည် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့သည်။ စက်တင်ဘာ ၂၉ ရက်ထိ လူ ၁၇၀,၀၀၀ ခန့်သည် လျှပ်စစ်ဓာတ်အား မရရှိဘဲ နေထိုင်ခဲ့ရသည်။
Ref: AFP

Most Read

Most Recent