ဆီးရီးယားတွင် ဆေးရုံကို တိုက်ခိုက်မှုများသည် စစ်ရာဇဝတ်မှုဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ပြောကြား

ဆီးရီးယားတွင် ဆေးရုံကို တိုက်ခိုက်မှုများသည် စစ်ရာဇဝတ်မှုဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ပြောကြား
Published 29 September 2016

ဆီးရီးယားမြောက်ပိုင်း အလက်ပိုရှိ သူပုန်တို့ ထိန်းချုပ်ထားသော နယ်မြေများမှ အကြီးဆုံး ဆေးရုံနှစ်ခုကို စက်တင်ဘာ ၂၈ ရက်က တိုက်ခိုက်မှုများသည် စစ်ရာဇဝတ်မှုများဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်က ရှုတ်ချခဲ့သည်။ အလက်ပိုရှိ သူပုန်တို့ ထိန်းချုပ်ထားသော နယ်မြေမှ အကြီးဆုံး ဆေးရုံနှစ်ခုကို ဗုံးကြဲခံခဲ့ရပြီး ဆီးရီးယား အစိုးရနှင့် မဟာမိတ် ရုရှားတို့က ရည်ရွယ်ချက်ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများနှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများက ပြောကြားခဲ့ကြသည်။
ဆီးရီးယားနိုင်ငံ၊ အလက်ပိုမြို့ရှိ သူပုန် ထိန်းချုပ်သော ဒေသများကို စက်တင်ဘာ ၂၈ ရက် အစောပိုင်းက လေကြောင်းထိုးစစ် ပြုလုပ်ခဲ့ရာတွင် ဆေးရုံကြီးနှစ်ရုံ ဗုံးထိမှန်ခဲ့ပြီး ဆေးရုံဝန်ဆောင်မှုများကို ယာယီရပ်ဆိုင်းထားရသည်ဟု ဆီးရီးယား အမေရိကန် ဆေးဘက်ဆိုင်ရာအဖွဲ့ SAMS က ထုတ်ပြန်ခဲ့သည်။
“လေကြောင်း တိုက်ခိုက်မှုက ဒေသစံတော်ချိန် နံနက် လေးနာရီမှာ ဖြစ်ပွားခဲ့တယ်။ စစ်လေယာဉ် တစ်စင်းက ဆေးရုံနှစ်ရုံကို ပစ်မှတ်ထားခဲ့တယ်” ဟု SAMS မှ အဒမ်ဆာလူက ပြောကြားခဲ့သည်။ M2 နှင့် M10 သည် လုပ်ငန်းများ ယာယီရပ်ဆိုင်းထားရသောကြောင့် အလက်ပိုတွင် လက်ရှိ လည်ပတ်နေသည့် ဆေးရုံ ခြောက်ရုံသာ ရှိသည်ဟု ၎င်းက ဆိုသည်။
ဗုံးကြဲ တိုက်ခိုက်ခံရမှုကြောင့် M2 ဆေးရုံမှ လူနာတင်ကား မောင်းသည့် ယာဉ်မောင်းတစ်ဦး၊ သူနာပြု တစ်ဦးနှင့် စာရင်းကိုင်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
“လူနာနှစ်ဦး သေဆုံးခဲ့တယ်။ တိုက်ခိုက်မှုကြောင့် (သို့မဟုတ်) ကုသမှုရပ်လို့ သေဆုံးတာ ဟုတ်၊ မဟုတ် ဆိုတာကို ဆုံးဖြတ်ဖို့ ကြိုးစားနေတယ်” ဟု ဆာလူက ပြောကြားခဲ့သည်။
ဆီးရီးယား စစ်တပ်က အတိုက်အခံ ထိန်းချုပ်သော ဒေသများကို ပြန်လည်သိမ်းပိုက်ရန် စစ်ဆင်ရေး စတင်မည်ဟု စက်တင်ဘာ ၂၂ ရက်တွင် ကြေညာခဲ့ပြီးနောက် အလက်ပို အရှေ့ပိုင်းတွင် ပြင်းထန်သည့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူဒါဇင်များစွာ သေဆုံးခဲ့သည်။
စက်တင်ဘာ ၂၃ ရက်မှစပြီး အလက်ပို၏ သူပုန်တို့ ထိန်းချုပ်ထားသော နယ်မြေများတွင် ကလေး ၉၆ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၂၂၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယူနီဆက်ဖ်က ပြောကြားထားသည်။ သူပုန်တို့ နယ်မြေရှိ ကျန်းမာရေး စနစ်သည် ပြိုလဲနေပြီး ဒဏ်ရာရသူများကို ကုသရန်အတွက် ဆရာဝန် ၃၀ ခန့်သာ ရှိတော့ကြောင်း ယူနီဆက်ဖ်က ဆိုသည်။
လက်နက်ကိုင် ပဋိပက္ခများအတွင်း ကျန်းမာရေး အလုပ်သမားများနှင့် ကျန်းမာရေးဆိုင်ရာ အဆောက်အအုံများကို ကာကွယ်ပေးသည့် ဆုံးဖြတ်ချက် တစ်ခုကို လုံခြုံရေးကောင်စီက မေလတွင် အတည်ပြု ပြဋ္ဌာန်းခဲ့သည်။ သို့သော်လည်း ယီမင်နှင့် ဆီးရီးယားတွင် ဆေးရုံတိုက်ခိုက်ခံရမှုများ ရပ်တန့်မသွားခဲ့ပေ။
Ref: AFP

Most Read

Most Recent