ဟောင်ကောင်တွင် ထီးလှုပ်ရှားမှု (၂) နှစ်ပြည့် အခမ်းအနားကို ကျင်းပ

ဟောင်ကောင်တွင် ထီးလှုပ်ရှားမှု (၂) နှစ်ပြည့် အခမ်းအနားကို ကျင်းပ
Published 29 September 2016

တရုတ်ကို စိန်ခေါ်ခဲ့သော ကြီးမားသည့် ဆန္ဒပြမှုဖြစ်သော ထီးလှုပ်ရှားမှု (၂) နှစ်ပြည့် အခမ်းအနားကို ဟောင်ကောင်တွင် စက်တင်ဘာ ၂၈ ရက်၌ ကျင်းပခဲ့ရာ ဒီမိုကရေစီ လိုလားသော ထောက်ခံသူ ရာပေါင်းများစွာသည် သင်္ကေတအဖြစ် အဝါရောင် ထီးများကို ကိုင်ဆောင်လျက် အစိုးရရုံးများ အပြင်ဘက်တွင် စုဝေးခဲ့ပြီး သုံးမိနစ် ငြိမ်သက်ခဲ့ကြကြောင်း သိရသည်။ တရုတ်၏ အထူးကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဟောင်ကောင်တွင် တရုတ်၏ လွှမ်းမိုးချုပ်ကိုင်မှု တိုးမြှင့်လာမှုအား စိုးရိမ်မှု မြင့်တက်နေပြီး တင်းမာနေဆဲ အချိန်တွင် ထီးလှုပ်ရှားမှု (၂) နှစ်ပြည့်ကို ကျင်းပခဲ့ခြင်း ဖြစ်သည်။ ၂၀၁၄ ခုနှစ်က အပြည့်အ၀ လွတ်လပ်သော ခေါင်းဆောင်ရွေးချယ်ပွဲနှင့် အခြား ဒီမိုကရေစီနည်းကျ ပြုပြင်ပြောင်းလဲမှုအချို့ ဖော်ဆောင်ပေးရန် လမ်းပေါ်ထွက် ဆန္ဒပြမှုများကြောင့် ဟောင်ကောင်၏ နေရာ အများစုသည် နှစ်လကျော်ကြာ ရပ်ဆိုင်းသွားခဲ့သည်။ သို့သော် ယင်းတောင်းဆိုချက်များကို တရုတ်က အရေးမစိုက်ဘဲ ပယ်ချခဲ့သည်။ ယင်းနောက်ပိုင်း ထီးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ခေါင်းဆောင်အချို့သည် မကြာသေးမီက ကျင်းပခဲ့သော ဥပဒေပြု ရွေးကောက်ပွဲများတွင် အမတ်များအဖြစ် ရွေးချယ်ခံခဲ့ရသည်။
ဟောင်ကောင် လွတ်လပ်ရေးအတွက် ကြိုးပမ်းမှုအား ထောက်ခံမှု မြင့်တက်လာချိန်တွင် ယင်းဥပဒေပြုအမတ်သစ် အချို့က ဟောင်ကောင်ကို တရုတ်မှ လုံးဝခွဲထွက်ရေးအတွက် တွန်းအားပေး လုပ်ဆောင်နေသည်။ ယင်းတို့အနက် ထီးလှုပ်ရှားမှု ခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်ပြီး ဥပဒေပြု လွှတ်တော်တွင် အသက်ငယ်ဆုံးအမတ် ဖြစ်လာသော အသက် ၂၃ နှစ်ရှိ နာသန်လောက ဟောင်ကောင်သည် ကိုယ့်ကိုယ်ကိုယ် ဆုံးဖြတ်ပိုင်ခွင့် ရရှိရေးအတွက် စည်းရုံးလှုံ့ဆော်နေသည်။
လောနှင့်အတူ နိုင်ငံရေး မဟာမိတ်ဖြစ်သည့် အသက် ၁၉ နှစ်ရှိ ဂျိုရှာဝေါင်ကလည်း ဒီမိုကရေစီအတွက် လှုပ်ရှားမှုသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံး ကွန်မြူနစ် အစိုးရဖြစ်သော တရုတ်နှင့် ရင်ဆိုင်ရသည့် ရေရှည် တိုက်ပွဲတစ်ခုဖြစ်ကြောင်း စက်တင်ဘာ ၂၈ ရက်တွင် အေအက်ဖ်ပီနှင့် အင်တာဗျူး၌ ပြောကြားခဲ့သည်။ “ကျွန်တော်တို့တွေရဲ့ မဆုတ်မနစ် ကြိုးပမ်းမှု၊ ရဲရင့်မှုနဲ့ ခိုင်မာတဲ့ ကတိတွေကို ပြသရမယ်” ဟု ၎င်းက ဆိုသည်။
ကျောင်းသားများ ဦးဆောင်ခဲ့သော ဒီမိုကရေစီလိုလားသည့် ဆန္ဒပြသူများအား ရဲများက မျက်ရည်ယို ဓာတ်ငွေ့ဖြင့် ပစ်ခတ်ခဲ့သည့် အချိန်ဖြစ်သော ဒေသစံတော်ချိန် ညနေ ၅ နာရီ ၅၈ မိနစ်တွင် ယင်း(၂)နှစ်ပြည့် အခမ်းအနား၌ သုံးမိနစ်ခန့် ငြိမ်သက်ခဲ့ကြသည်။ ယင်းဆန္ဒပြမှုအား ထောက်ခံသည့် ထောင်နှင့်ချီသော လူစုကလည်း လမ်းပေါ် ထွက်လာခဲ့ကြသည်။ အများစုကို ငြိမ်းချမ်းစွာ ပြုလုပ်ခဲ့သော ယင်းဆန္ဒပြသူများသည် အဝေးပြေး လမ်းမများနှင့် ဈေးဝယ်သူများဖြင့် စည်ကားသည့် လမ်းများပေါ်တွင် တဲများနှင့် အနုပညာ လက်ရာများနှင့်အတူ ပြန့်ကြဲနေသော ဆန္ဒပြ စခန်းများ၌ စခန်းချခဲ့ကြသည်။ ရဲများ၏ မျက်ရည်ယိုဓာတ်ငွေ့နှင့် ငရုတ်ကောင်းရည် ပက်ဖျန်းမှုနှင့် နေပူမှုနှင့် မိုးရွာမှုဒဏ်များမှ ကာကွယ်ရန် ဆန္ဒပြသူများက ထီးများကို အသုံးပြုရာမှ ထီးလှုပ်ရှားမှုဟု အမည်တွင်ခဲ့ခြင်းဖြစ်သည်။
Ref: AFP

Most Read

Most Recent