တရုတ် အိမ်ခြံမြေဈေးကွက်သည် သမိုင်းတွင် အကြီးမားဆုံး အိမ်ခြံမြေပူဖောင်း ဖြစ်နေသည်ဟု တရုတ် အချမ်းသာဆုံး ပုဂ္ဂိုလ်က သတိပေး

တရုတ် အိမ်ခြံမြေဈေးကွက်သည် သမိုင်းတွင် အကြီးမားဆုံး အိမ်ခြံမြေပူဖောင်း ဖြစ်နေသည်ဟု တရုတ် အချမ်းသာဆုံး ပုဂ္ဂိုလ်က သတိပေး
Published 29 September 2016

တရုတ် အချမ်းသာဆုံး ပုဂ္ဂိုလ် အိမ်ခြံမြေလုပ်ငန်း သူဌေးကြီး ဝမ်ကျန်းလင်က တရုတ်အိမ်ခြံမြေ ဈေးကွက်သည် သမိုင်းတွင် အကြီးမားဆုံး အိမ်ခြံမြေပူဖောင်း ဖြစ်နေသည်ဟု CNN နှင့် အင်တာဗျူးတွင် သတိပေးခဲ့သည်။
အိမ်ခြံမြေ လုပ်ငန်းနှင့် ဖျော်ဖြေရေး လုပ်ငန်း (Wanda) ကို ပိုင်ဆိုင်သော ဝမ်က တရုတ်၏ မြို့ကြီးများတွင် အိမ်ခြံမြေဈေးနှုန်းများ ဆက်လက်မြင့်တက်နေပြီး မြို့ငယ်များတွင် မရောင်းချရသေးသော အိမ်အမြောက်အမြား ရှိနေကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ တစ်ဝန်းတွင် ဟိုတယ်ကြီးများ၊ ဈေးဝယ်စင်တာကြီးများ ၂၀၀ ကျော်ကို ပိုင်ဆိုင်သော ဝမ်က တရုတ်အစိုးရ အနေဖြင့် ချေးငွေကန့်သတ်ခြင်း၊ ဝယ်ယူမှု ကန့်သတ်ခြင်း အပါအဝင် ထိန်းချုပ်အရေးယူမှုများ မျိုးစုံဆောင်ရွက်နေသော်လည်း အိမ်ခြံမြေပူဖောင်း ပြဿနာကို မကုစားနိုင်သေးကြောင်း ပြောကြားခဲ့သည်။
မြို့ပြဖြစ်ထွန်းမှုနှင့် အိမ်ခြံမြေဈေးကွက် ဖွံ့ဖြိုးမှုတို့ကြောင့် တရုတ်စီးပွားရေး တိုးတက်မှုကို တွန်းအားဖြစ်ခဲ့သည်။ တရုတ်အစိုးရက ချေးငွေထုတ်ပေးခြင်း၊ စိုက်ထုတ်သုံးစွဲခြင်းတို့ကြောင့် တရုတ်၏ အိမ်ခြံမြေဈေးကွက်သည် ဖွံ့ဖြိုးနေခဲ့ပြီး တရုတ်နိုင်ငံ တစ်ဝန်းတွင်လည်း အိမ်ခြံမြေသစ်များ အမြောက်အမြား ပေါ်ထွန်းခဲ့သည်။
အိမ်ခြံမြေ ဈေးနှုန်းများကို ထိန်းချုပ်ရန် တရုတ်အစိုးရက ချေးငွေများကို ကန့်သတ်ခဲ့သော်လည်း ဈေးကွက်ကို မထိန်းသိမ်းနိုင်ခဲ့ဘဲ ပြီးခဲ့သည့် နှစ်နှစ်အတွင်း ဖွံ့ဖြိုးတိုးတက်မှုများ ရပ်ဆိုင်းသွားခဲ့သည်။
မြို့ကြီးများတွင်လည်း အိမ်ခြံမြေဈေးနှုန်းများ တစ်ရှိန်ထိုး မြင့်တက်နေခဲ့သည့်တိုင် မြို့သစ် အမြောက်အမြားတွင် ရောင်းမထွက်သော အိမ်ခြံမြေများ အလွတ်အတိုင်း ဖြစ်နေသော တစ္ဆေမြို့များ ဖြစ်လာခဲ့သည်။ ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် တိုးတက်မှု နှေးကွေးနေပြီး ကြွေးမြီများ မြင့်တက်လာမှုနှင့်အတူ အိမ်ခြံမြေဈေးကွက် ပြိုလဲမှုကြောင့် တရုတ် စီးပွားရေးသည် ပြီးခဲ့သည့်နှစ်က ၂၅ နှစ်အတွင်း အနိမ့်ဆုံး တိုးတက်မှု ဖြစ်သွားခဲ့သည်။
သို့သော် တရုတ်စီးပွားရေး နှေးကွေးမှုနှင့် ပတ်သက်ပြီး မစိုးရိမ်ကြောင်း ကွမ်ကျန်းလင်က ပြောကြားခဲ့သည်။ အလွန်အမင်း တိုးတက်နေမှုအား မထိန်းချုပ်ပါက စီးပွားရေးသည် ပို၍ အထိနာနိုင်ကြောင်း၊ စီးပွားရေး ပြန်လည်တိုးတက်မှု မရောက်မီ အချိန်ထိ စောင့်ဆိုင်းကြရမည်ဖြစ်ကြောင်း ဝမ်က ပြောကြားခဲ့သည်။
ဝမ်သည် မကြာသေးမီ နှစ်များအတွင်းက သူ၏ စီးပွားရေး အာရုံစိုက်မှုများကို အိမ်ခြံမြေ လုပ်ငန်းမှ ဝန်ဆောင်မှုနှင့် ဖျော်ဖြေရေး လုပ်ငန်းသို့ ပြောင်းလဲခဲ့သည်။ ဝမ်သည် ဟောလိဝုဒ်သို့ ထိုးဖောက်ဝင်ရောက်ရန် ကြိုးပမ်းနေပြီး ၂၀၁၂ ခုနှစ်က အမေရိကန် ရုပ်ရှင်ရုံလုပ်ငန်း AMC ကို ဒေါ်လာ ၂ ဒသမ ၆ ဘီလျံဖြင့် ဝယ်ယူခဲ့ပြီး ပြီးခဲ့သည့် ဇန်နဝါရီတွင် ဟောလိဝုဒ် ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်း Legendary Entertainment ကို ဒေါ်လာ ၃ ဒသမ ၅ ဘီလျံဖြင့် ဝယ်ယူခဲ့သည်။
Ref: AFP

Most Read

Most Recent