အာဖရိက ဆင်ကောင်ရေသည် ၂၅ နှစ်အတွင်း အဆိုးရွားဆုံး ကျဆင်း

အာဖရိက ဆင်ကောင်ရေသည် ၂၅ နှစ်အတွင်း အဆိုးရွားဆုံး ကျဆင်း
Published 26 September 2016

ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း အာဖရိက ဆင်ကောင်ရေသည် ၁၁၁၀၀၀ ဝန်းကျင် ကျဆင်းသွားခဲ့သည်ဟု ဂျိုဟန်နက်စဘတ်တွင် ပြုလုပ်သော တောရိုင်းတိရစ္ဆာန်ကုန် သွယ်မှုဆိုင်ရာ ညီလာခံတစ်ခုတွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာ အသစ်၌ ဖော်ပြခဲ့သည်။ ယခုကဲ့သို့ ၂၅ နှစ်အတွင်း ဆင်ကောင်ရေ အဆိုးရွားဆုံး ကျဆင်းရသည့် အကြောင်းရင်းမှာ ခိုးယူသတ်ဖြတ်မှုများကြောင့် ဖြစ်သည်ဟု အစီရင်ခံစာထဲ၌ အပြစ်တင်ထားသည်။
ညီလာခံ ဒုတိယနေ့တွင် အစွယ်အတွက် ပစ်မှတ်ထားခံနေရသော အာဖရိက ဆင်များပြဿနာကို ဖြေရှင်းရန် နည်းလမ်းနှင့် ပတ်သက်၍ သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်နေစဉ် ယခုအစီရင်ခံစာ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
ညီလာခံတွင် နမီဘီးယားနှင့်ဇင်ဘာ ဘွေနိုင်ငံတို့က ဆင်ထိန်းသိမ်းစောင့်ရှောက် ရေးလုပ်ငန်းများအတွက် ရန်ပုံငွေ ရရှိစေရန် ၎င်းင်းတို့နိုင်ငံထဲ၌သဘာဝအလျောက်သေ ဆုံးခဲ့သည့်ဆင်များမှ စုဆောင်းထားသည့် အစွယ်များကို ထုတ်ရောင်းလိုနေကြသည်။ ထိုသို့ရောင်းချခြင်းကို ကန့်ကွက်နေကြသည့် နိုင်ငံများအား ဇင်ဘာဘွေ သဘာ၀ ပတ်ဝန်းကျင်ရေးရာဝန်ကြီး အောပါမူချင်ဂူဂီက နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာ အခွင့်အရေးကို ချိုးဖောက်နေခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။ ထိုနမီဘီးယားနှင့် ဇင်ဘာဘွေ နှစ်နိုင်ငံစလုံးသည် ၎င်းတို့၌ များပြားကောင်းမွန်သော ဆင်ကောင်ရေရှိခြင်း အတွက် ဂုဏ်ယူနေကြသည်။
တရားမဝင် တောရိုင်းတိရစ္ဆာန် ကုန်သွယ်မှု မြင့်တက်လာခြင်းက နိုင်ငံပေါင်း ၁၈၀ ကျော် ပါဝင်လက်မှတ် ထိုးထားကြသော မျိုးသုဉ်းမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် မျိုးစိတ်များအား ကုန်သွယ်မှုဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက် (CITES) အပေါ် ကြီးမားသည့် ဖိအားဖြစ်နေသည်။ ကမ္ဘာတစ်ဝန်းမှ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်သူများနှင့် အစိုးရ တာဝန်ရှိသူများ ထောင်နှင့်ချီ တက်ရောက်ခဲ့ကြသည့် ဂျိုဟန်နက်စဘတ်တွင် ပြုလုပ်သော ၁၂ ရက်ကြာ ယခုညီလာခံ၌ အမျိုးမျိုးသော မျိုးစိတ်များကို ကာကွယ်ရန် နိုင်ငံတကာ ကုန်သွယ်ရေး စည်းမျဉ်းအသစ်များ ချမှတ်နိုင်ရန် ကြိုးပမ်းနေကြသည်။
“ဒီဆင်စွယ်တွေကို ထိန်းသိမ်းထားရတာ ကိုးနှစ်လောက် ရှိနေပါပြီ။ ဆင်စွယ်ရောင်းချခွင့် ပိတ်ပင်မှုကို ဖယ်ရှားပေးလိုက်ရင် ကျွန်မတို့ဟာ ဒါတွေကိုရောင်းချတာ ဒါမှမဟုတ် လက်ဝတ်ရတနာ အသုံးအဆောင်တွေ ထုတ်လုပ်တာတို့ လုပ်နိုင်ပြီး ကျွန်မတို့ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်” ဟု ဇင်ဘာဘွေဝန်ကြီး မူချင်ဂူဂီက ပြောကြားခဲ့သည်။ CITES သည် ၁၉၈၉ ခုနှစ်ကစတင်၍ နိုင်ငံတကာ ဆင်စွယ်ရောင်းဝယ်ခွင့်ကို ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။
အာဖရိကတိုက် တစ်ဝန်းမှ သုံးသပ်ချက် ၂၇၅ ခုကို အခြေခံထားသည့် ထိုအစီရင်ခံစာ၌ ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း အာဖရိက ဆင်ကောင်ရေသည် ၁၁၁၀၀၀ ဝန်းကျင် ကျဆင်းကာ ကောင်ရေ ၄၁၅၀၀၀ ဝန်းကျင်သာ ရှိတော့ကြောင်း ဖော်ပြခဲ့သည်။    
Ref : AFP

Most Read

Most Recent