သက်တမ်း နှစ် ၂၀၀၀ ရှိ အရိုးစုကို မြေထဲပင်လယ်အတွင်း သင်္ဘောပျက်၌ တွေ့ရှိ

သက်တမ်း နှစ် ၂၀၀၀ ရှိ အရိုးစုကို မြေထဲပင်လယ်အတွင်း သင်္ဘောပျက်၌ တွေ့ရှိ
 စက်တင်ဘာ ၆ ရက်က ဂရိနိုင်ငံ အင်တီကီသာရာကျွန်းအနီး ရှေးဟောင်းသင်္ဘောပျက်၌ တွေ့ရှိသည့် အရိုးစုအနီး ရေငုပ်သမားများ အလုပ်လုပ်နေစဉ် (Photo:Greek Ministry of Culture)
စက်တင်ဘာ ၆ ရက်က ဂရိနိုင်ငံ အင်တီကီသာရာကျွန်းအနီး ရှေးဟောင်းသင်္ဘောပျက်၌ တွေ့ရှိသည့် အရိုးစုအနီး ရေငုပ်သမားများ အလုပ်လုပ်နေစဉ် (Photo:Greek Ministry of Culture)
Published 25 September 2016
Ref: AFP

ရှေးဟောင်းသုတေသန ပညာရှင်များသည် သက်တမ်း နှစ် ၂၀၀၀ ရှိ လူသားအရိုးစုကို မြေထဲပင်လယ်အတွင်း သင်္ဘောပျက်၌ တွေ့ရှိရပြီး ယင်းသင်္ဘောပျက်သည် အထူးဆန်းဆုံး နည်းပညာ တစ်စိတ်တစ်ပိုင်းဖြစ်သည့် သံပတ်နာရီ တွေ့ရှိရသည့် သင်္ဘောပျက်ပင်ဖြစ်ကြောင်း Nature ဂျာနယ်က စက်တင်ဘာ ၁၉ ရက်တွင် ဖော်ပြခဲ့သည်။ဂရိနိုင်ငံ အင်တီကီသာရာကျွန်း၏ ကမ်းလွန်တွင် သြဂုတ် ၃၁ ရက်က တွေ့ရှိခဲ့ရသည့် အဆိုပါရုပ်ကြွင်းကို ဒီအင်အေ စစ်ဆေးချက်များ ဆောင်ရွက်နိုင်ပါက အရိုးစုကို မည်သူမည်ဝါဖြစ်ကြောင်း ခြေရာခံရန် သဲလွန်စများ ဖော်ထုတ်နိုင်လိမ့်မည်ဟု အဆိုပါသိပ္ပံဂျာနယ်က ပြောကြားထားသည်။ဦးခေါင်းခွံ တစ်စိတ်တစ်ပိုင်း၊ လက်ဖျံရိုးနှစ်ခု၊ နံရိုးများစွာနှင့် ပေါင်ရိုးနှစ်ခု အပါအဝင် အံ့သြဖွယ်ကောင်းလောက်အောင် အကောင်းအတိုင်း ကျန်နေသည့် အရိုးများသည် မုန်တိုင်းအတွင်း နစ်မြုပ်ခဲ့ဖွယ်ရှိသော ဘီစီ ပထမရာစုက ကျော်ကြားသော ကုန်သည်သင်္ဘောနှင့် ပတ်သက်သည့် လျှို့ဝှက်ချက်များကိုလည်း ဖော်ထုတ်နိုင်စေဖွယ်ရှိသည်။ဂရိအစိုးရက ယခုအထိ ဒီအင်အေ စမ်းသပ်ချက်များ ပြုလုပ်ရန် ခွင့်ပြုချက် မပေးသေးပေ။ယခုအရိုးစုသည် အလွန်ရှားပါးသော တွေ့ရှိချက် ဖြစ်သည်။ သင်္ဘောပျက်ရာတွင် သေဆုံးသူတို့၏ အလောင်းများသည် မျောပါးသွားခြင်း သို့မဟုတ် ငါးများက စားသွားခြင်းတို့ ဖြစ်ပေါ်လေ့ရှိပြီး ရာစုနှစ် မဆိုထားနှင့်၊ ဆယ်စုနှစ်များ ချီလျက် ကျန်ရစ်ရန်ပင် ဖြစ်နိုင်ခဲလှသည်ဟု ဆိုသည်။“ဒါမျိုး ရှိခဲ့ဖူးလားဆိုတာ ကျွန်တော်တို့ မသိဘူး” ဟု ယခုရှာဖွေမှုကို ပူးတွဲညွှန်ကြားသူ မက်ဆာချူးဆက်ပြည်နယ် ဝုဒ်ရှိုး သမုဒ္ဒရာပိုင်းပညာဌာနမှ ရေအောက်ရှေးဟောင်း သုတေသနပညာရှင် ဘရန်ဒန်ဖိုလေးက ပြောကြားခဲ့သည်။ကနဦးကြည့်ရှုသုံးသပ်မှုအရ ယင်းအရိုးစုရုပ်ကြွင်းသည် လူငယ်တစ်ဦး ဖြစ်ပုံရသည်ဟု ဒိန်းမတ် သဘာဝသမိုင်းပြတိုက်မှ ရှေးဟောင်း ဒီအင်အေ သုံးသပ်ရေးကျွမ်းကျင်သူ ဟန်နက်စ်ဆခရိုးဒါးက ပြောကြားခဲ့သည်။သူက “ဒါဟာ သက်တမ်း ၂၀၀၀ ရှိတဲ့ အရိုးစုနဲ့ မတူပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။ဆခရိုးဒါးက နားရွက် အနောက်ဘက်တွင်ရှိသည့်  အရိုးကို ရရှိခဲ့ခြင်းအတွက် ကျေနပ်နေပြီး ယင်း အရိုးသည် သွားများ သို့မဟုတ် အရိုးစု၏ အခြားအစိတ်အပိုင်းများထက် ပို၍ ကောင်းစွာ ဒီအင်အေကို ထိန်းသိမ်းထားနိုင်သည်ဟု ဆိုသည်။“အဲ့ဒီမှာ ဒီအင်အေ ရှိနိုင်သလားဆိုတော့ ကျွန်တော်တို့ သိထားတဲ့ အချက်အရတော့ ရှိနိုင်ပါတယ်”  ဟု ဆခရိုးဒါးက ဆိုသည်။ဒီအင်အေကို ရရှိပါက ဆံပင်နှင့် မျက်လုံးအရောင်တို့ကို ဖော်ထုတ်နိုင်သည့်အပြင် အဆက်အနွှယ်နှင့် နေရင်းဌာနေ ဇာစ်မြစ်ကိုလည်း ဖော်ထုတ်နိုင်လိမ့်မည်ဟု ဆိုသည်။             

Most Read

Most Recent