Grab က စင်ကာပူတွင် မောင်းသူမဲ့ကား စမ်းသပ်မောင်းနှင်မှုကို တိုးချဲ့

Grab က စင်ကာပူတွင် မောင်းသူမဲ့ကား စမ်းသပ်မောင်းနှင်မှုကို တိုးချဲ့
Published 24 September 2016

အရှေ့တောင်အာရှ၏ အဓိက အငှားယာဉ် ကုမ္ပဏီဖြစ်သော Grab က စင်ကာပူတွင် အကန့်အသတ်ရှိသော မောင်းသူမဲ့ကား ဝန်ဆောင်မှု စမ်းသပ်မှုကို တိုးချဲ့ရန်အတွက် အမေရိကန် အခြေစိုက် ဆော့ဖ်ဝဲကုမ္ပဏီ NuTonomy နှင့် ပူးပေါင်းခဲ့သည်ဟု စက်တင်ဘာ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဝန်ဆောင်မှုကို လာမည့် သီတင်းပတ်တွင် စတင်မည်ဖြစ်ပြီး မောင်းသူမဲ့ robo-car များအား အခမဲ့ စီးမှုအတွက် မိုဘိုင်းဆော့ဖ်ဝဲကို စက်တင်ဘာ ၂၃ ရက်တွင် မိတ်ဆက်ခဲ့သည်ဟု Grab စင်ကာပူဥက္ကဋ္ဌ လင်ကဲဂျေက ဂျာနယ်လစ်များကို ပြောကြားခဲ့သည်။
ကမ္ဘာ့ ထိပ်တန်းအငှားယာဉ်ကုမ္ပဏီ ဖြစ်သည့် Uber က အမေရိကန်ပြည်ထောင်စု၊ ပစ္စဘာ့ဂ်မြို့၌ စက်တင်ဘာ ၁၅ ရက်တွင် မောင်းသူမဲ့ကား ဝန်ဆောင်မှုကို စတင်ခဲ့ပြီးနောက် Grab နှင့် NuTonomy တို့ ပူးပေါင်းခဲ့ခြင်း ဖြစ်သည်။
တော်လှန်ပြောင်းလဲသော ယင်းနည်းပညာအသစ်သည် ခရီးသည်များ ပို့ဆောင်ရာတွင် အသုံးပြုမည်ဖြစ်ပြီး ကန့်သတ်ထားသော ယာဉ်ကြော၌ သုတေသနနယ်မြေ ဖြစ်သော One North အနီး မောင်းနှင်ရာတွင် စိတ်ချရသော ယာဉ်မောင်းတစ်ဦးနှင့် အင်ဂျင်နီယာတစ်ဦး ပါဝင်မည်ဖြစ်သည်။
“One North အပြင်ဘက် လမ်းမတွေကို သွားမယ်ဆိုရင်တော့ အဲဒီခရီးအတွက် ယာဉ်မောင်းက ကားကို ထိန်းချုပ်မှာ ဖြစ်တယ်” ဟု Grab နှင့် NuTonomy က ပူးတွဲ ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့သည်။
စမ်းသပ်မောင်းနှင်မှုကို လာမည့် နှစ်လအထိ ပြုလုပ်သွားမည်ဖြစ်ပြီး မောင်းသူမဲ့ အငှားယာဉ်များကို ၂၀၁၈ ခုနှစ်တွင် စီးပွားဖြစ် လုပ်ကိုင်နိုင်မည်ဟု ယင်း ကုမ္ပဏီနှစ်ခုက ခန့်မှန်းထားသည်။
မက်ဆာချူးဆက် နည်းပညာတက္ကသိုလ် (MIT)မှ သုတေသီနှစ်ဦး တည်ထောင်ထားသည့် NuTonomy ကုမ္ပဏီသည် စင်ကာပူ အစိုးရ၏ ထောက်ခံမှုဖြင့် ၎င်း၏ မောင်းသူမဲ့ ကားများကို စင်ကာပူတွင် သြဂုတ်လက စတင်ခဲ့သည်ဟု သိရသည်။
စင်ကာပူ အခြေစိုက် Grab ကုမ္ပဏီက ရင်းနှီးမြှုပ်နှံသူများထံမှ ဒေါ်လာ သန်း ၇၅၀ ရန်ပုံငွေ ကောက်ခံခဲ့ပြီး ၎င်း၏ စုစုပေါင်း ရင်းနှီးငွေသည် ဒေါ်လာ တစ်ဘီလျံကျော်ပြီဟု ထုတ်ပြန်ခဲ့ပြီး သုံးရက်အကြာတွင် NuTonomy နှင့် ပူးပေါင်းသည့် ကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
Uber နှင့် Grab အပြင် ဂူဂဲလ်၏ မိခင် ကုမ္ပဏီဖြစ်သော Alphabet ကလည်း မောင်းသူမဲ့ကားများကို ဈေးကွက်သို့ ပို့ဆောင်ရန် ကြိုးပမ်းနေသည်။ လူဦးရေသန်း ၆၀၀ ကျော် ရှိပြီး လူလတ်တန်းစား မြင့်တက်လာသည့် အရှေ့တောင်အာရှတွင် Uber နှင့် Grab အကြား ပြိုင်ဆိုင်မှုသည် ပြင်းထန်လာသည်။ Grab သည် စင်ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံတို့တွင် အငှားယာဉ်ဝန်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်နေသည်။
Ref: AFP

Most Read

Most Recent