ကိုလံဘီယာ သူပုန်အဖွဲ့ FARC က အစိုးရနှင့် သမိုင်းဝင်ငြိမ်းချမ်းရေး သဘောတူညီချက်ကို အတည်ပြု

ကိုလံဘီယာ သူပုန်အဖွဲ့ FARC က အစိုးရနှင့် သမိုင်းဝင်ငြိမ်းချမ်းရေး သဘောတူညီချက်ကို အတည်ပြု
Published 24 September 2016

ကိုလံဘီယာ တော်လှန်ရေး လက်နက်ကိုင်တပ် (FARC) သူပုန်အဖွဲ့က အစိုးရနှင့် ရရှိခဲ့သော သမိုင်းဝင် ငြိမ်းချမ်းရေး သဘောတူညီချက်ကို အတည်ပြုခဲ့ချိန်တွင် ၅၂ နှစ်ကြာ စစ်ပွဲ အဆုံးသတ်ပြီဟု စက်တင်ဘာ ၂၃ ရက်၌ ကြေညာခဲ့သည်။ နိုင်ငံအရှေ့တောင်ပိုင်းရှိ FARC သူပုန်အဖွဲ့က အစဉ်အလာအရ အင်အားကောင်းခဲ့သော ဝေးလံခေါင်သီသည့် အီဒီယာမန်တီဒေသတွင် နိုင်ငံအဆင့် ကွန်ဖရင့်၏ ခြောက်ရက်မြောက်နှင့် နောက်ဆုံးနေ့ကို ကျင်းပစဉ် ပြောက်ကျားသူပုန်များသည် အစိုးရနှင့် နောက်ဆုံး သဘောတူညီချက်ကို တညီတညွတ်တည်း ထောက်ခံခဲ့ကြသည်ဟု FARC ၏ ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးသူ အကြီးအကဲ အိုင်ဗန်မာကွက်ဇ်က ကြေညာခဲ့သည်။
စီစဉ်ထားသည့်အတိုင်း ဖြစ်မြောက်ခဲ့ပါက ယင်းကွန်ဖရင့်သည် FARC က ပြောက်ကျားစစ်တပ်အဖြစ် နောက်ဆုံးအကြိမ် ပြုလုပ်သော ဆွေးနွေးပွဲ ဖြစ်လာမည်ဖြစ်သည်။ ယင်းသဘောတူညီချက်အရ သူပုန်အဖွဲ့သည် ယခုအခါ နိုင်ငံရေးပါတီ တစ်ခုအဖြစ် ပြန်လည် ထူထောင်မည်ဖြစ်သည်။ ကိုလံဘီယာသမ္မတ ဟွမ်မန်နျူရယ်ဆန်းတို့စ်နှင့် စစ်ပွဲကာလအတွင်း တီမိုလီယွန်တီမိုချင်ကိုဂျင်မီနက်ဇ်ဟု လူသိများခဲ့သည့် FARC သူပုန်အဖွဲ့ခေါင်းဆောင် ရိုဒရီဂိုလန်ဒိုနိုတို့သည် ယင်းငြိမ်းချမ်းရေး သဘောတူညီချက်ကို ကာရစ်ဘီယံ ကမ်းရိုးတန်းမြို့ ကာတာဂျီနာတွင် စက်တင်ဘာ ၂၆ ရက်၌ လက်မှတ်ထိုးမည်ဖြစ်သည်။ ယင်းသဘောတူညီချက်ကို အောက်တိုဘာ ၂ ရက်တွင် ကိုလံဘီယာ၌ ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပမည်ဖြစ်ပြီး မကြာသေးမီက ပြုလုပ်ခဲ့သော စစ်တမ်းများတွင် ထောက်ခံသည့်ဘက်က အသာရနေကြောင်း သိရသည်။
လယ်သမားများ အုံကြွမှုကို ရက်ရက်စက်စက် နှိမ်နင်းခံခဲ့ရပြီးနောက် မာ့စ်ပြောက်ကျားသူပုန်အဖွဲ့ FARC သည် ၁၉၆၄ ခုနှစ်တွင် ကိုလံဘီယာ အစိုးရကို စတင် တိုက်ခိုက်ခဲ့သည်။ ယင်းကဲ့သို့ ပြောက်ကျားလက်နက်ကိုင်တပ်များသည် ၂၀ ရာစု အလယ်နှောင်းပိုင်းတွင် လက်တင်အမေရိကတစ်ဝန်း အများအပြား ထွက်ပေါ်ခဲ့သည်။ သို့သော် စစ်အေးကာလအပြီး ၂၅ နှစ်အကြာ ယခုအချိန်တွင် ကိုလံဘီယာသည် လက်တင်အမေရိက၌ နောက်ဆုံး လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားနေသည့်နေရာ ဖြစ်သည်။
လတ်တလောတွင် ခန့်မှန်းခြေအင်အား ၇၅၀၀ ရှိသော FARC အဖွဲ့သည် အမည်သစ်ပြောင်းမှု အပါအဝင် နိုင်ငံရေးပါတီအဖြစ် အသွင်ပြောင်းမည့် အသေးစိတ် အချက်အလက်များကို ထုတ်ပြန်မည်ဖြစ်သည်။ တီမိုချင်ကိုသည် FARC အဖွဲ့နေရာတွင် အစားထိုးမည့် မည်သည့်အဖွဲ့အစည်း၌မဆို ခေါင်းဆောင်သစ်အဖြစ် ဆက်ရှိနေမည်ဟု ယူဆရသည်။
လက်ရှိ သမ္မတ ဆန်းတို့စ်က ၂၀၀၆ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ ကာကွယ်ရေးဝန်ကြီးအဖြစ် ထမ်းဆောင်ခဲ့သည့် ကာလအတွင်း အဓိက ထိုးစစ်ဆင်မှုကြောင့် အားနည်းခဲ့ပြီးနောက် FARC သူပုန်အဖွဲ့သည် ဆွေးနွေးပွဲသို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ ၂၀၁၁ ခုနှစ်တွင် စစ်တပ်၏ စီးနင်းမှုအတွင်း အဖွဲ့ခေါင်းဆောင်ဟောင်း အယ်ဖွန်ဆိုကာနို သေဆုံးခဲ့ပြီးနောက် ၎င်းနေရာ ဆက်ခံခဲ့သော တီမိုချင်ကိုက ငြိမ်းချမ်းရေးဆွေးနွေးပွဲသစ် ပြုလုပ်ရန် ဆန်းတို့စ်ထံ အဆိုပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းတို့အကြား ဆွေးနွေးပွဲကို ၂၀၁၂ ခုနှစ် နိုဝင်ဘာတွင် ကျူးဘား၌ စတင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
Ref: AFP

Most Read

Most Recent