ဗြိတိန်နိုင်ငံသား တက်ကြွလှုပ်ရှားသူကို ထိုင်းနိုင်ငံက အသရေဖျက်မှုဖြင့် ပြစ်ဒဏ်ချမှတ်

ဗြိတိန်နိုင်ငံသား တက်ကြွလှုပ်ရှားသူကို ထိုင်းနိုင်ငံက အသရေဖျက်မှုဖြင့် ပြစ်ဒဏ်ချမှတ်
Published 20 September 2016
Ref:AFP

ထိုင်းနိုင်ငံ၏ အမြတ်အစွန်းကြီးမားသော သစ်သီးလုပ်ငန်းတွင် အလွဲသုံးစားမှုများ ရှိသည်ဟု အစီရင်ခံခဲ့ခြင်းနှင့် ပတ်သက်၍ ဗြိတိန်နိုင်ငံသား တက်ကြွလှုပ်ရှားသူတစ်ဦးကို ထိုင်းနိုင်ငံက စက်တင်ဘာ ၂၀ ရက်တွင် ရာဇဝတ်မှုမြောက်သော အသရေဖျက်မှုဖြင့် အပြစ်ရှိကြောင်း ဆုံးဖြတ်ကာ ဆိုင်းငံ့ထောင်ဒဏ် ချမှတ်ခဲ့ကြောင်း သိရသည်။ ကုလသမဂ္ဂက ယင်းစီရင်ချက်ကို အလွန်စိတ်အနှောင့်အယှက်ဖြစ်စရာဟု ပြောကြားခဲ့သည်။
 
ထိုင်းနိုင်ငံတွင် နေထိုင်သည့် အင်ဒီဟောက ထိုင်းနိုင်ငံတောင်ပိုင်းရှိ သစ်သီးလုပ်ငန်းတစ်ခုနှင့် ပတ်သက်၍ ၂၀၁၃ ခုနှစ် အစီရင်ခံစာတစ်စောင် ဖြန့်ချိခဲ့ပြီး ယင်းတွင် ဥပဒေချိုးဖောက်မှု များစွာရှိသည်ဟု ရှုမြင်ခဲ့ခြင်းဖြစ်သည်။ အင်ဒီဟောက ယင်းလုပ်ငန်းတွင် လုပ်ငန်းခွင်အခြေအနေရပ်များ ညံ့ဖျင်းခြင်း၊ လုပ်ခနည်းပါးခြင်းနှင့် ကလေးအလုပ်သမား အသုံးပြုမှုများရှိခြင်းတို့ ရှိကြောင်း စွပ်စွဲဖော်ပြခဲ့သည်။
 
စက်တင်ဘာ ၂၀ ရက်တွင် Natural Fruit ကုမ္ပဏီက တရားစွဲဆိုခဲ့မှုအတွက် အင်ဒီဟောသည် အသရေဖျက်မှုနှင့် ကွန်ပျူ တာပြစ်မှုများ ချိုးဖောက်မှုတို့အတွက် အပြစ်ရှိကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။
 
ဟောအား ဆိုင်းငံ့ထောင်ဒဏ် သုံးနှစ် နှင့် ဒဏ်ငွေ ၁၅၀,၀၀၀ ဘတ်(အမေရိကန် ဒေါ်လာ ၄၃၀၀) ချမှတ်ခဲ့ကြောင်း သူ၏ရှေ့နေ နာခွန်ချွမ်ဖူးခက်က အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားခဲ့သည်။
 
ထိုင်းနိုင်ငံတွင် စုံစမ်းထောက်လှမ်းဆိုင်ရာ သတင်းရယူမှုများအား နှိပ်ကွပ်ရန်အတွက် ရာဇဝတ်မြောက်သော အသရေဖျက်မှုနှင့် ကွန်ပျူတာအလွဲသုံးစားမှု ဥပဒေတို့ကို ပုံမှန် အသုံးပြုလျက်ရှိသည်ဟု လူ့အခွင့်အရေးအဖွဲ့များက ပြောကြားခဲ့သည်။
 
ကမ္ဘာ့စားနပ်ရိက္ခာအတွက် အဓိက ထောက်ပံ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်သော ထိုင်းနိုင်ငံသည် အထူးသဖြင့် ဈေးပေါပေါဖြင့် လုပ်ရပြီး ဖိနှိပ်မှုခံရသည့် ရွှေ့ပြောင်းအလုပ်သမားများအပေါ် လုပ်အား အလွဲသုံးစားမှု ပြုလုပ်သည်ဟူသည့် စွဲချက်များအတွက် နာမည်ပျက်နေသည်။
 
ဥရောပအဖျော်ယမကာ ဈေးကွက်အတွက် အဓိကထောက်ပံ့သူဖြစ်သည့် Natural Fruit ကုမ္ပဏီနှင့် ထိုင်းတရားစွဲဆိုရေးအဖွဲ့ နှစ်ခုစလုံးက အင်ဒီဟောအား သီးခြားစီ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
 
ကုလသမဂ္ဂ၏ အရှေ့တောင်အာရှဆိုင်ရာ လူ့အခွင့်အရေးရုံးက ယခုစီရင်ချက်သည် အလွန်စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းကြောင်း ပြောကြားခဲ့သည်။
 
“ Finnwatch အစီရင်ခံစာမှာ ဖော်ပြခဲ့တဲ့ ပြင်းထန်တဲ့ စွပ်စွဲချက်တွေကို လွတ်လပ်ပြီး စေ့စပ်သေချာတဲ့ စုံစမ်းစစ်ဆေးမှုတစ်ရပ် ဆောင်ရွက်တာက ပိုပြီး သင့်တော်ပါလိမ့်မယ်” ဟု ကုလသမဂ္ဂ၏ ဒေသဆိုင်ရာ ကိုယ်စားလှယ် လောရင့်မေလန်က ထုတ်ပြန်ချက်တစ်ရပ်၌ ပြောကြားထားသည်။
 
အင်ဒီဟော၏ “ဈေးပေါခြင်း၌ မြင့်မားသောဈေးနှုန်း တစ်ရပ်ရှိသည်” ဟူသည့် အစီရင်ခံစာကို ဖင်လန်အရပ်ဘက် လူ့အခွင့်အရေးအဖွဲ့ဖြစ်သည့် Finnwatch  အဖွဲ့က  ဖြန့်ချိခဲ့ခြင်းဖြစ်ပြီး ယင်းသည် ထိုင်းစားနပ်ရိက္ခာလုပ်ငန်းအပေါ် ကြီးမားသော ဖိအားဖြစ်စေခဲ့သည်။ 

Most Read

Most Recent