ဆီးရီးယား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပျက်ပြားခဲ့ပြီး ကယ်ဆယ်ရေးယာဉ်တန်း တိုက်ခိုက်ခံရ

ဆီးရီးယား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပျက်ပြားခဲ့ပြီး ကယ်ဆယ်ရေးယာဉ်တန်း တိုက်ခိုက်ခံရ
Published 20 September 2016
Ref: AFP

ဆီးရီးယားစစ်ဘက်က တစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အဆုံးသတ်ကြောင်း ကြေညာခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် အလက်ပိုရှိ ဆီးရီးယားတို့ထံ အကူအညီများ ဖြန့်ဖြူးပေးရန် သွားနေသည့် ကယ်ဆယ်ရေး ယာဉ်တန်းသည် လေကြောင်းမှ ပြင်းထန်စွာ တိုက်ခိုက်ခံခဲ့ရသည်။ ယာဉ် ၃၁ စီးပါ ကယ်ဆယ်ယာဉ်တန်းတွင် ထရပ်ကား ၁၈ စီးထက်မနည်း ပျက်စီးသွားခဲ့ကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့ပြီး ယင်းတိုက်ခိုက်မှုသည် စစ်ရာဇဝတ်မှုမြောက်နိုင်ကြောင်း သတိပေးခဲ့သည်။
 
ကယ်ဆယ်ရေးအကူအညီများ ရောက်ရှိရန် ခက်ခဲသော အိုရန်အယ်ဂူဘတာမြို့ကို လူသားချင်း စာနာထောက်ထားမှုှု အကူအညီများပေးရန် သွားနေသည့် ကယ်ဆယ်ရေးယာဉ်တန်းကို လေကြောင်းမှ ပြင်းထန်းစွာ တိုက်ခိုက်မှုကြောင့် လခြမ်းနီ၏ စေတနာ့ဝန်ထမ်း ၁၂ ဦးနှင့် ယာဉ်မောင်းများ သေဆုံးခဲ့ကြောင်း ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောကြားခဲ့သည်။ 
 
ကုလသမဂ္ဂ ကယ်ဆယ်ရေးတာဝန်ခံ စတီဖင်အိုဘရိုင်ရန်က ယာဉ်တန်း တိုက်ခိုက်ခံရမှုကြောင့် လူအမြောက်အမြား သေဆုံးကြောင်း ပြောကြားခဲ့သည်။
 
ဆီးရီးယားအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိထားချိန်တွင် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ဖြန့်ဖြူးပေးနိုင်ရန် ကုလသမဂ္ဂနှင့် ဆီးရီးယား အာရပ်လခြမ်းနီအဖွဲ့တို့က ကြိုးပမ်းခဲ့ကြသည်။ သို့သော်လည်း စက်တင်ဘာ ၁၉ ရက် ညတွင် အလက်ပိုမြို့နှင့် အနီးဝန်းကျင်ဒေသများတွင် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပျက်ပြားသွားခဲ့သည်။
 
အလက်ပိုမြို့တွင်းသို့ အဆက်မပြတ် ဗုံးကြဲမှုများဖြစ်ပွားခဲ့ကြောင်း အေအက်ဖ်ပီ သတင်းထောက်တစ်ဦးက ပြောကြားခဲ့သည်။ အမေရိကန်နှင့် ရုရှားတို့အကြား စေ့စပ်ညှိနှိုင်းမှုဖြင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို သူပုန်တို့က အကြိမ် ၃၀၀ ကျော် ချိုးဖောက်ခဲ့ပြီး လိုက်နာရန် ပျက်ကွက်ခဲ့သောကြောင့် သဘောတူညီချက်ကို ရပ်ဆိုင်းကြောင်း ဆီးရီးယားက စက်တင်ဘာ ၁၉ ရက် အစောပိုင်းတွင် ကြေညာခဲ့သည်။
 
စက်တင်ဘာ ၁၂ ရက်တွင် အာဏာသက်ဝင်ခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကြောင့် အစောပိုင်းတွင် တိုက်ပွဲများ လျော့ကျသွားခဲ့သော်လည်း ပြီးခဲ့သည့် သီတင်းပတ်နှောင်းပိုင်တွင် တိုက်ပွဲများ စတင် မြင့်တက်လာခဲ့သည်။ 
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အား အဆုံးသတ်ကြောင်း ဆီးရီးယားစစ်တပ်က ကြေညာခဲ့ပြီးနောက် အစိုးရစစ်လေယာဉ်များသည် လေကြောင်းတိုက်ခိုက်မှု အကြိမ် ၄၀ ကျော် ဆောင်ရွက်ခဲ့ကြောင်း ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ပြောခဲ့သည်။
 
ကယ်ဆယ်ရေးယာဉ်တန်းကို တိုက်ခိုက်မှုက နယူးယောက်တွင် ကျင်းပနေသော ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ဒေါသူပုန်ထမှု ဖြစ်စေခဲ့သည်။ ကယ်ဆယ်ရေးယာဉ်တန်းအား လေကြောင်းမှ တိုက်ခိုက်မှုအတွက် ရုရှားစစ်ဘက်က စုံစမ်းစစ်ဆေးနေကြောင်း ကရင်မလင်ပြောခွင့်ရပုဂ္ဂိုလ်က စက်တင်ဘာ ၂၀ ရက်တွင် ပြောကြားခဲ့သည်။
 
ဆီးရီးယားအရပ်သားများအား အကူအညီများ ဖြန့်ဖြူးပေးရေးသည် အခက်အခဲများနှင့် ကြုံနေခဲ့ရပြီး လုံခြုံရေးအာမခံချက် မရှိသောကြောင့် အလက်ပိုမြို့သို့ ဦးတည်နေသော ကယ်ဆယ်ရေးပစ္စည်းများကို ကုလသမဂ္ဂက ဆိုင်းငံ့ထားသည်။ 
ကယ်ဆယ်ရေးအဖွဲ့အစည်းများသည် စစ်မြေပြင် ရှိအဖွဲ့အားလုံးနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သော်လည်း ယာဉ်တန်းကို ဗုံးကြဲခံရခြင်းဖြစ်ကြောင်း ဆီးရီးယားဆိုင်ရာ ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှု အထူးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ယန်အင်ဂျလန်က ပြောကြားခဲ့သည်။
 
အလက်ပိုမြို့တွင်းတွင် လူ ၂၇၅,၀၀၀ ခွဲခန့် ပိတ်မိနေပြီး အကူအညီများ အရေးတကြီး လိုအပ်နေသည်။                                                 
 

Most Read

Most Recent