မဲ ရာခိုင်နှုန်း ၉၀ ကျော် ရေတွက်ပြီးချိန်တွင် ပူတင်၏ အာဏာရပါတီက အနိုင်ရနေ

မဲ ရာခိုင်နှုန်း ၉၀ ကျော် ရေတွက်ပြီးချိန်တွင် ပူတင်၏ အာဏာရပါတီက အနိုင်ရနေ
Published 19 September 2016

တစ်စိတ်တစ်ပိုင်း ထွက်ပေါ်လာသော မဲရလဒ်များအရ ရုရှားအာဏာရ ပါတီဖြစ်သည့် ပြည်ထောင်စု ရုရှားပါတီသည် ပါလီမန် ရွေးကောက်ပွဲများ၌ လွယ်လင့်တကူ အနိုင်ရနေကြောင်း သိရသည်။ ထို့ကြောင့်  သမ္မတ ဗလာဒီမာ ပူတင်၏ စတုတ္ထမြောက် သက်တမ်းကို ရှေ့ဆက်နိုင်မည့် ၂၀၁၈ခုနှစ် ရုရှားသမ္မတ ရွေးကောက်ပွဲအတွက် လမ်းပွင့်စေခဲ့သည်။ ရုရှားအာဏာပိုင်များသည် ၂၀၁၁ ခု နှစ်ပါလီမန် ရွေးကောက်ပွဲများအပြီး ဖြစ်ပေါ်ခဲ့သည့် ဆန္ဒပြပွဲများ ထပ်မဖြစ်ရန်နှင့် အရှည်ကြာဆုံးစီးပွားရေး အကျပ်အတည်းနှင့် တွေ့ကြုံနေရသည့် ရုရှားနိုင်ငံကို ဆက်လက်အုပ်စိုးရန် ကြိုးပမ်းနေကြစဉ် ယခုရွေးကောက်ပွဲ ရလဒ်က ၎င်းတို့ခရီးလမ်းကို လွယ်ကူစေခဲ့သည်။
စက်တင်ဘာ ၁၈ ရက်က ရွေးကောက်ပွဲသည် ရုရှားဒူးမား လွှတ်တော်ထဲမှ အမတ်နေရာ ၄၅၀ အတွက် မဲပေးရခြင်းဖြစ်သည်။ သို့သော် လာရောက်မဲပေးသူ ပမာဏသည် ၄၇ ရာခိုင်နှုန်း ဝန်းကျင်သာ ရှိခဲ့သဖြင့် အာဏာကို အလုံးစုံနီးပါး ချုပ်ကိုင်ရန် ကြိုးပမ်းနေသည့် ရုရှားအစိုးရကို ရုရှားပြည်သူ အများအပြားက စိတ်ပျက်နေကြကြောင်း ညွှန်ပြနေသကဲ့သို့ ဖြစ်နေသည်။ ၂၀၁၁ ခုနှစ် ရွေးကောက်ပွဲတွင် မြို့တော်မော်စကို၌ လာရောက်မဲပေးသူ ဦးရေသည် ရာခိုင်နှုန်း ၅၀ ကျော်ရှိခဲ့ရာမှ ယခုရွေးကောက်ပွဲတွင် ၂၉ ရာခိုင်နှုန်းအောက် ရောက်ကာ စံချိန်တင် နည်းပါးခဲ့ပြီး ဒုတိယမြို့တော် စိန့်ပီတာစဘတ်တွင် ရာခိုင်နှုန်း ၂၀ အောက်သာ ရှိခဲ့ကြောင်း သိရသည်။
“ပါတီအတွက် ရလဒ်ကောင်း အသေအချာ ထွက်ပေါ်လာမယ်ဆိုတာ ကျွန်တော်တို့ ကြိုပြီးကြေညာနိုင်ပါပြီ။ အခြေအနေတွေက ခက်ခဲကြမ်းတမ်းပေမယ့် ပြည်သူတွေက ပြည်ထောင်စုရုရှား ပါတီကိုပဲ မဲပေးနေတုန်းပါပဲ” ဟု သမ္မတပူတင်က မဲရုံများ ပိတ်ပြီးချိန်တွင် အစိုးရရုပ်သံမှတစ်ဆင့် ပြောကြားခဲ့သည်။
မဲများကို ရာခိုင်နှုန်း ၉၀ ရေတွက်ပြီးချိန်တွင် ပြည်ထောင်စုရုရှားပါတီက ထောက်ခံမဲ ၅၄ ဒသမ ၃ ရာခိုင်နှုန်း ရရှိထားသဖြင့် အမတ်နေရာ ၄၅၀ ရှိသည့် လွှတ်တော်ထဲ၌ အမတ်နေရာ ၃၃၈ နေရာထက် မနည်းကို ချုပ်ကိုင်နိုင်ပြီဖြစ်သည်။ ယခင်ရွေးကောက်ပွဲတွင် အာဏာရပါတီသည် အမတ်နေရာ ၂၃၈ နေရာခန့်ကိုသာ ရရှိခဲ့သည်။ ယင်းနောက်တွင် ထောက်ခံမဲ ၁၃ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၁၃ ဒသမ ၃ ရာခိုင်နှုန်း အသီးသီး ရရှိကြသော ကွန်မြူနစ်ပါတီနှင့် အစွန်းရောက် အမျိုးသားရေး ဝါဒီများဖြစ်သည့် လစ်ဘရယ် ဒီမိုကရက်တစ် ပါတီတို့က ရပ်တည်နေသည်။ A Just Russia ပါတီက ထောက်ခံမဲ ၆ ဒသမ ၂ ရာခိုင်နှုန်း ရရှိခဲ့သည်။ ထိုလေးပါတီစလုံးက ကရင်မလင်ကို ထောက်ခံခဲ့ကြသည်။
လွှတ်တော်ထဲတွင် ပါတီတစ်ခုကို ကိုယ် စားပြုရန် ထောက်ခံမဲ ငါးရာခိုင်နှုန်းနှင့်အ ထက်ရရှိရမည်ဖြစ်သဖြင့် အဓိကအတိုက် အခံပါတီများဖြစ်သော Yabloko ပါတီနှင့် Parnas ပါတီ အပါအဝင် မည့်သည့်လစ်ဘရယ် အတိုက်အခံပါတီမှ လွှတ်တော်ထဲသို့ ရောက်မလာနိုင်ကြပေ။
စက်တင်ဘာ ၁၈ ရက် ရွေးကောက်ပွဲတွင် မဲရုံအများအပြား၌ ကားများဖြင့် လူအများအပြား ရောက်လာကာ မဲပေးကြခြင်း အပါအဝင် စည်းမျဉ်းချိုးဖောက်မှုများ ရှိသည်ဟု ရွေးကောက်ပွဲကို စောင့်ကြည့်ရန် ဖိတ်ခေါ်ထားသော နိုင်ငံတကာမှ လေ့လာစောင့်ကြည့်သူများက ပြောကြားခဲ့သည်။         
Ref : AFP

Most Read

Most Recent