ဆန္ဒပြမည့် နိုင်ငံရေး အတိုက်အခံများအား ရှင်းထုတ်ပစ်မည်ဟု ကမ္ဘောဒီးယား ဝန်ကြီးချုပ်က ကတိပြု

ဆန္ဒပြမည့် နိုင်ငံရေး အတိုက်အခံများအား ရှင်းထုတ်ပစ်မည်ဟု ကမ္ဘောဒီးယား ဝန်ကြီးချုပ်က ကတိပြု
Published 19 September 2016

နိုင်ငံတကာက စိုးရိမ်ရသည့် အခြေအနေအထိ ဖြစ်လာသော ကမ္ဘောဒီးယားတွင် အတိုက်အခံများအား နှိမ်နင်းမှုများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆန့်ကျင်ဆန္ဒပြကြရန် ဆက်လက် စီစဉ်နေပါက အတိုက်အခံများကို ရှင်းထုတ်ပစ်မည်ဟု ကမ္ဘောဒီးယား အာဏာရှင် ဝန်ကြီးချုပ် ဟွန်ဆန်က စက်တင်ဘာ ၁၉ ရက်တွင် ကတိပြု ပြောကြားခဲ့သည်။
၂၀၁၈ ခုနှစ်တွင် အမျိုးသား ရွေးကောက်ပွဲများ ကျင်းပမည့် ကမ္ဘောဒီးယား နိုင်ငံထဲ၌ နိုင်ငံရေး တင်းမာမှုများ မြင့်တက်လာစဉ် ဝန်ကြီးချုပ်ဟွန်ဆန်၏ ယခုပြောစကား ထွက်ပေါ်လာခြင်းဖြစ်သည်။ နိုင်ငံကို ကာလရှည်ကြာစွာ အုပ်ချုပ်ခဲ့သည့် ဟွန်ဆန်အစိုးရသည် ဝေဖန်သူများနှင့် အတိုက်အခံများကို ဖမ်းဆီးပြီး တရားစွဲဆိုမှုများ လုပ်ဆောင်နေသည်ဟု လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသည့် အဖွဲ့များက စွပ်စွဲနေသည်မှာ ကာလရှည်ကြာ ရှိပြီဖြစ်သည်။
လိင်အရှုပ်တော်ပုံ တစ်ခုတွင် ပါဝင်ပတ်သက်နေသည်ဟု စွဲချက်တစ်ခုအတွက် တရားရုံးသို့ ရောက်မလာခဲ့သည့် အဓိက အတိုက်အခံ ပါတီ၏ ဒုတိယခေါင်းဆောင် ကမ်ဆိုခါသည် ပြီးခဲ့သည့်လ အစောပိုင်းက မျက်ကွယ်ထောင်ဒဏ် ချမှတ်ခံခဲ့ရသည်။ အတိုက်အခံများက ထိုစွဲချက်သည် နိုင်ငံရေးလှုံ့ဆော်မှု ဖြစ်သည်ဟု ပြောကြားခဲ့သည်။ ထိုသို့ထောင်ဒဏ် ချလိုက်ပြီးနောက်ပိုင်း ဆိုခါသည် ပါတီရုံးထဲမှာပင် သီတင်းပတ်ပေါင်းများစွာ အောင်းကာ အိပ်ရာလိပ်ဖြင့် နေနေရသည်။ ဆိုခါအပေါ် ဖမ်းမိန့်ထုတ်ထားခြင်းအား မရုပ်သိမ်းပေးလျှင် သို့မဟုတ် ယခုအတိုင်း အတိုက်အခံများအား နှိမ်နင်းမှုများကို ဆက်လုပ်နေလျှင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆန္ဒပြမှုများ လုပ်ဆောင်သွားမည်ဟု ၎င်း၏ပါတီက ခြိမ်းခြောက်ထားသည်။
“ဆွေးနွေးဖို့အတွက် ကျုပ်ကို ဆန္ဒပြမှုတွေနဲ့ လာမခြိမ်းခြောက်ပါနဲ့။ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး ညီငယ်လေး။ ဒါဟာ သတိပေးရုံသက်သက် မဟုတ်ပါဘူး။ လုံခြုံရေးနဲ့ ပြည်သူ့တည်ငြိမ်ရေးကို ဖျက်ဆီးတဲ့သူတွေ အားလုံးကို ရှင်းထုတ်ပစ်မယ့် အမိန့်တစ်ခုပါ” ဟု ဟွန်ဆန်က စက်တင်ဘာ ၁၉ ရက် တွင် ပြုလုပ်သည့် တက္ကသိုလ် ဘွဲ့နှင်းသဘင်၌ ပြောကြားခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်ကလည်း ဥရောပသမဂ္ဂနှင့် အမေရိကန်နိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၃၆ နိုင်ငံပါသည့် အဖွဲ့က ကမ္ဘောဒီးယားနိုင်ငံထဲတွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေး တင်းမာမှုများနှင့် ပတ်သက်၍ အလွန်အမင်း စိုးရိမ်မိကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။
ခမာနီ အစိုးရဘက်မှ ဘက်ပြောင်းလာသည့် စစ်ဗိုလ်မှူးကြီး တစ်ဦးဖြစ်သော ဟွန်ဆန်သည် ကမ္ဘောဒီးယားနိုင်ငံကို လွန်ခဲ့သည့် ၃၁ နှစ်ကတည်းက အုပ်စိုးနေခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် လွှတ်တော် အမတ်နှစ်ဦး အပါအဝင် အတိုက်အခံပုဂ္ဂိုလ် ဒါဇင်နှင့်ချီ အကျဉ်းထောင်ထဲသို့ ရောက်နေကာ ပြီးခဲ့သည့်နှစ် အတွင်းက တရားရင်ဆိုင် ခဲ့ရသည့် နိုင်ငံရေးနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ၂၀ ကျော် ရှိခဲ့သည်။
Ref : AFP

Most Read

Most Recent