ဆောက်လုပ်ရေး လုပ်ငန်းများအတွက် အစိုးရနှင့် ပုဂ္ဂလိကဘဏ်များက ၂၀၁၆ ခုနှစ် မတ်လအထိ ကျပ် နှစ်ထရီလျံကျော် (ဒေါ်လာ နှစ်ဘီလျံကျော်) အထိ ထုတ်ချေးပေးထားကြောင်း သိရ

ဆောက်လုပ်ရေး လုပ်ငန်းများအတွက် အစိုးရနှင့် ပုဂ္ဂလိကဘဏ်များက ၂၀၁၆ ခုနှစ် မတ်လအထိ ကျပ် နှစ်ထရီလျံကျော် (ဒေါ်လာ နှစ်ဘီလျံကျော်) အထိ ထုတ်ချေးပေးထားကြောင်း သိရ
Published 19 September 2016
ဖြိုးဝေ

ဆောက်လုပ်ရေး လုပ်ငန်းများအတွက် ပြည်တွင်းဘဏ်များက ကျပ်နှစ်ထရီလျံကျော် (ဒေါ်လာ နှစ်ဘီလျံကျော်) ထုတ်ချေးပေးခဲ့သည်ဟု မေခဆောင်ဖောင်ဒေးရှင်း နာယက နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဒါရိုက်တာ ဒေါက်တာလှမောင်က ပြောကြားသည်။
“ဗဟိုဘဏ်ဆိုတာ စကားအနည်းဆုံး ပြောရတဲ့ဌာနပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က နည်းနည်းလေး ပြောလိုက်ရင် လုပ်ငန်းရှင်တွေက အတိတ်ယူပြီးတော့ အမြတ်တွေ အများကြီး ယူသွားပါလိမ့်မယ်။ အမေရိကန်တို့၊ အင်္ဂလန်တို့မှာဆို အတိတ်ပေးတဲ့ စကားမျိုးပြောလို့ အဲဒီအရာရှိတွေ ခဏခဏ အဖမ်းခံရပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ အစိုးရဘဏ်တွေနဲ့ ပုဂ္ဂလိကဘဏ်တွေ စုစုပေါင်းရဲ့ ၂၀၁၆ မတ် ၃ ရက်မှာ ရှိတဲ့ ချေးငွေတွေမှာ ဒုတိယအများဆုံး ရှိတာက ဆောက်လုပ်ရေးနဲ့ အိုးအိမ် တည်ဆောက်ရေးအတွက် ချေးတာပါ။ နှစ်ထရီလျံကျော် ရှိပါတယ်” ဟု ဒေါက်တာလှမောင်က ပြောကြားသည်။
မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေး လုပ်ငန်းသည် ၂၀၁၅ ခုနှစ်တွင် ဒေါ်လာ ၈ ဒသမ ၅ ဘီလျံရှိခဲ့ပြီး နှစ်စဉ်တိုးတက်မှုနှုန်း ၁၀ ဒသမ ၄ ရာခိုင်နှုန်းရှိနေကာ လာမည့် ငါးနှစ်အတွင်း ဒေါ်လာ ၁၃ ဒသမ ၈ ဘီလျံ အထိ တိုးတက်လာမည် ဖြစ်ကြောင်း ကမ္ဘာ့နိုင်ငံပေါင်း ၈၅ ခုမှ ဆောက်လုပ်ရေးစက်မှု ဈေးကွက်များအကြောင်း သုတေသန စာတမ်းများ လေ့လာရောင်းချသည့် CIC (Construction  Intelligence Center) ၏ ‘Myanmar's Construction Industry to reach US$ 13.5 Billion in 2020’ အစီရင်ခံစာနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံတွင် လက်ရှိ အကောင်အထည် ဖော်ဆောင်နေသည့် အမျိုးသား သယ်ယူပို့ဆောင်ရေး မဟာဗျူဟာ စီမံကိန်း၊ အမျိုးသားပို့ကုန် မဟာဗျူဟာနှင့် လျှပ်စစ်ဓာတ်အား တိုးမြှင့်ရရှိရေး စီမံချက်ကာလများ အတွင်း ဆောက်လုပ်ရေးဆိုင်ရာ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်လာမည် ဖြစ်သော်လည်း မြန်မာနိုင်ငံ၏ စည်းမျဉ်းစည်းကမ်း ဥပဒေများနှင့် ပွင့်လင်းမြင်သာမှု မရှိခြင်းများက ဆောက်လုပ်ရေးဆိုင်ရာ စက်မှုလုပ်ငန်းများ၏ တိုးတက်မှုကို ဟန့်တားမည် ဖြစ်ကြောင်း CIC က သုံးသပ်ထားသည်။ လက်ရှိတွင်လည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ တားမြစ်ချက်များကြောင့် ဆောက်လုပ်ရေး လုပ်ငန်းများ အခက်ကြုံနေ ရသည်။
၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဇူလိုင်လကုန်အထိ မြန်မာနိုင်ငံ၏ အိမ်ရာအဆောက်အအုံ ကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၂၂ ခုကို ခွင့်ပြု ပေးထားပြီး စင်ကာပူနိုင်ငံက စီမံကိန်း ၁၇ ခုဖြင့် ဒေါ်လာ ၁၅၈၅ ဒသမ ၁၃၉ သန်းအထိ အများဆုံး ဝင်ရောက်ထားကာ ဟောင်ကောင်က စီမံကိန်းနှစ်ခုတွင် ဒေါ်လာ ၂၂၂ ဒသမ ၃၄၅ သန်းဖြင့် ဝင်ရောက်လုပ်ကိုင်နေသည်။ တရုတ်နိုင်ငံက စီမံကိန်းတစ်ခုတွင် ဒေါ်လာသန်း၈၀၊ မလေးရှားနိုင်ငံက စီမံကိန်းတစ်ခုတွင် ဒေါ်လာ ၁၅ သန်းနှင့် ဂျပန်နိုင်ငံက ဒေါ်လာ ၆ ဒသမ ၇၆၈ သန်း တန်ဖိုးရှိ စီမံကိန်းတစ်ခု ဝင်ရောက် လုပ်ကိုင်နေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
 

Most Read

Most Recent