နယူးယောက်မြို့ ချယ်ဆီးရပ်ကွက်၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လူ ၂၉ ဦး ဒဏ်ရာရရှိ

နယူးယောက်မြို့ ချယ်ဆီးရပ်ကွက်၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လူ ၂၉ ဦး ဒဏ်ရာရရှိ
Published 18 September 2016

နယူးယောက်မြို့ရှိ လူစည်ကားသည့် အထက်တန်းလွှာ ရပ်ကွက်တစ်ခုတွင် စက်တင်ဘာ ၁၇ ရက်ညပိုင်းက ရည်ရွယ်ချက်ရှိရှိ ဖောက်ခွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၂၉ ဦး ဒဏ်ရာရသွားခဲ့ပြီး ယင်းတို့အနက် တစ်ဦးမှာ ဒဏ်ရာပြင်းထန်သည်ဟု သိရသည်။
ပေါက်ကွဲမှုသည် ဒေသစံတော်ချိန် ည ၈ နာရီခွဲက ချယ်ဆီးရပ်ကွက်ထဲ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အလုပ်ပိတ်ရက် ဖြစ်သောကြောင့် ဘားများ၊ စားသောက်ဆိုင်များ၊ ဇိမ်ခံတိုက်ခန်းများရှိသော ထိုနေရာ၌ လူအများအပြား ရှိနေစဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ထိုပေါက်ကွဲမှုသည် အကြမ်းဖက်မှုနှင့် ဆက်နွှယ်ခြင်း မရှိကြောင်း နယူးယောက်မြို့တော်ဝန် ဘီဒီဘလာဆီယိုနှင့် နယူးယောက် ရဲတပ်ဖွဲ့၏ ကော်မရှင်မင်းကြီးက ပြောကြားခဲ့သည်။
“ကနဦး ရရှိတဲ့ အချက်အလက်တွေအရ ဒီဖြစ်စဉ်ဟာ အကြမ်းဖက်မှုနဲ့ ဆက်စပ်နေတယ်လို့ သက်သေ မရှိသေးပါဘူး” ဟု ဒီဘလာဆီယိုက ပြောကြားခဲ့သည်။ ဒဏ်ရာရသူ ၂၉ ဦးအနက် ၂၄ ဦးကို ဆေးရုံသို့ခေါ်သွားခဲ့ပြီး ယင်းတို့သည် မှန်ကွဲများ၊ သတ္တုစများရှပြီး ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်ဟု မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ယခုဖြစ်စဉ် မဖြစ်ပွားမီ နာရီအနည်းငယ် အလိုတွင် နယူးဂျာစီ၌ အမှိုက်ပုံး တစ်လုံးအတွင်း ပိုက်ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သေးသည်။ ယင်းပေါက်ကွဲမှုနှစ်ခုသည် ဆက်စပ်မှု ရှိမရှိကို သေသေချာချာ မသိရသေးကြောင်း နယူးယောက်မြို့တော်ဝန်က ပြောကြားခဲ့သည်။  နယူးဂျာစီရှိ ပန်းခြံတစ်ခုထဲ၌ ပရဟိတပွဲတစ်ခု ပြုလုပ်နေစဉ် ပိုက်ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်အတွင်း ဒဏ်ရာရသူ မရှိသော်လည်း အစိုးရ အရာရှိများက ထိုပရဟိတပွဲကို ဖျက်သိမ်းခဲ့သည်။
ချယ်ဆီးရပ်ကွက်ထဲရှိ နောက်ထပ်နေရာ တစ်ခုတွင် မိုဘိုင်းဖုန်းတစ်လုံးနှင့် ဝိုင်ယာကြိုးများဖြင့် ဆက်စပ်ထားသော ပေါင်းအိုးတစ်လုံးကိုလည်း လုံခြုံရေး တပ်ဖွဲ့ဝင်များက ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။
နယူးယောက် လုံခြုံရေး အရာရှိများက စုံစမ်းမှုနှင့် ပတ်သက်၍ တစ်စုံတစ်ရာ မပြောသေးဘဲ ယခု ပေါက်ကွဲမှုသည် ဂတ်စ်ယိုစိမ့်မှုကြောင့် မဟုတ်ကြောင်းကိုသာ အတည်ပြုခဲ့သည်။ “ကျွန်တော်တို့ အထင်တော့ ဒီပေါက်ကွဲမှုဟာ မတော်တဆ မဟုတ်ဘဲ တမင်သက်သက် ရည်ရွယ်တယ်လို့ ယူဆပါတယ်” ဟု မြို့တော်ဝန် ဒီဘလာစီယိုက ပြောကြားခဲ့သည်။
ချယ်ဆီးသည် မန်ဟတ္တန်ခရိုင်ထဲရှိ ခေတ်အမီဆုံး ရပ်ကွက်များထဲမှ တစ်ခုဖြစ်သည်။
Ref: AFP

Most Read

Most Recent