အမေရိကန် ညွန့်ပေါင်း၏ တိုက်ခိုက်မှုက ဆီးရီးယား စစ်စခန်းကို ထိမှန်ခဲ့သောကြောင့် အပစ်အခတ် ရပ်စဲရေး ပိုမို ယိမ်းယိုင်လာ

အမေရိကန် ညွန့်ပေါင်း၏ တိုက်ခိုက်မှုက ဆီးရီးယား စစ်စခန်းကို ထိမှန်ခဲ့သောကြောင့် အပစ်အခတ် ရပ်စဲရေး ပိုမို ယိမ်းယိုင်လာ
Published 18 September 2016

အမေရိကန် ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့က ၎င်းတို့၏ စက်တင်ဘာ ၁၇ ရက်က လေကြောင်းတိုက်ခိုက်မှုသည် ဆီးရီးယား စစ်စခန်း တစ်ခုကို ထိမှန်သွားခဲ့ဖွယ် ရှိသည်ဟု ဝန်ခံ ပြောကြားခဲ့သည်။ ရုရှားကမူ ညွန့်ပေါင်းအဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်သား ၆၂ ဦးထက်မနည်း သေဆုံးခဲ့ရသည်ဟု ဆိုပြီး ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဆွေးနွေးရန် လုံခြုံရေးကောင်စီတွင် အရေးပေါ် အစည်းအဝေးတစ်ရပ် ခေါ်ခဲ့သည်။
ငါးနှစ်ကြာ ဆီးရီးယား စစ်ပွဲကို အဆုံးသတ်ရန် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စတင် အသက်ဝင်သည်မှာ သီတင်းတစ်ပတ်ပင် မပြည့်သေးသည့် အချိန်တွင် အမေရိကန်နှင့် ရုရှား အစိုးရတို့ကြား၌ တင်းမာမှုများ မြင့်တက်လာပြီး ယခုဖြစ်စဉ် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
အမေရိကန် ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့သည် IS ဂျီဟတ်များကို တိုက်ခိုက်နေရင်း ဆီးရီးယား စစ်စခန်းများအား ထိမှန်သွားခြင်း ဖြစ်နိုင်သည်ဟု အမေရိကန် အစိုးရ အရာရှိများက ပြောကြားခဲ့သည်။ “ညွန့်ပေါင်းတပ်ဖွဲ့တွေဟာ သူတို့ IS တွေရဲ့ နေရာကို တိုက်ခိုက်နေတယ်လို့ပဲ ယုံကြည်နေတာပါ။ အဲဒီ အချိန်မှာ ဆီးရီးယား စစ်တပ်ဘက်က ယာဉ်တွေနဲ့ တပ်ဖွဲ့ဝင်တွေ ပစ်မှတ်ထား တိုက်ခိုက်ခံနေရတယ်လို့ ရုရှားဘက်က အကြောင်းကြားမှုကို ရတဲ့ အချိန်မှာ ညွန့်ပေါင်း အဖွဲ့ဟာ သူတို့ရဲ့ တိုက်ခိုက်မှုတွေကို ချက်ချင်း ရပ်လိုက်ပါတယ်” ဟု ၎င်းတို့က ပြောကြားခဲ့သည်။
အမေရိကန် အစိုးရက ယခုဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ထုတ်ပြန်ခဲ့သည်။ သို့သော် ရုရှား၏ လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေး ခေါ်ယူခြင်းမှာ လူအများ အာရုံစိုက်လာစေရန် ကြံဖန်လုပ်ဆောင်ချက်တစ်ခု ဖြစ်သည်ဟု ဆိုပြီး ပယ်ချခဲ့သည်။
“ဆီးရီးယား စစ်တပ်ကို တိုက်ခိုက်ဖို့ဆိုတာ ကျွန်မတို့ ရည်ရွယ်ချက် မဟုတ်ပါဘူး။ အခုလို လူအသက်တွေ သေကြေပျက်စီးခဲ့ရတဲ့ အတွက်လည်း တကယ်ကို စိတ်မကောင်း ဖြစ်ရပါတယ်” ဟု ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ် စမန်သာပါဝါက စက်တင်ဘာ ၁၇ ရက် ညပိုင်းက တံခါးပိတ် အစည်းအဝေးတစ်ခု အပြီးတွင် သတင်းထောက်များကို ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့နောက် ရုရှားကိုလည်း လုံခြုံရေးကောင်စီတွင် အရေးပေါ် အစည်းအဝေး ခေါ်မည့်အစား ငြိမ်းချမ်းရေး တည်မြဲစေရေးအတွက် ဖိအားပေးရန် ဆီးရီးယား အစိုးရနှင့်သာ အစည်းအဝေးတစ်ခု လုပ်သင့်ကြောင်း ပြောကြားခဲ့သည်။
ရုရှားသံအမတ် ဗစ်တာလီချာကင်ကမူ ဆီးရီးယား အစိုးရ ဌာနများကို ပစ်မှတ် မထားရန် သဘောတူညီချက်ကို အမေရိကန်က ချိုးဖောက်ခဲ့သည်ဟု ပြန်လည် စွပ်စွဲခဲ့သည်။
အစောပိုင်း ကတည်းက ရုရှားစစ်တပ်သည် အခြေအနေများမှာ ပိုမို ဆိုးရွားလာနေသည်ဟု ပြောကြားနေခြင်းဖြစ်သည်။ စက်တင်ဘာ ၁၂ ရက်က စတင် အသက်ဝင်ခဲ့သော ယိုင်နဲ့နေသည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပျက်ပြားသွားပါက အမေရိကန်၌ တာဝန်ရှိလိမ့်မည်ဟုလည်း ရုရှားက ပြောကြားခဲ့သည်။
ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်သည့် အဖွဲ့ကလည်း ထိုလေကြောင်းတိုက်ခိုက်မှုသည် အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့၏ လက်ချက်ဖြစ်သည်ဟု အတည်ပြုခဲ့ပြီး သေဆုံးခဲ့သည့် စစ်သား ၈၃ ဦး ရှိသည်ဟု ထုတ်ပြန်ခဲ့သည်။ “ဒီရာအစ်ဇာ လေတပ်စခန်းမှာ IS တွေ ဝိုင်းထားခြင်းခံရတဲ့ ဆီးရီးယား တပ်ဖွဲ့တွေကို ဂျီဟတ်နှိမ်နင်းရေး ညွန့်ပေါင်းစစ်လေယာဉ်တွေရဲ့ လေကြောင်း တိုက်ခိုက်မှု လေးခုက ထိမှန်ခဲ့ပါတယ်။ ဆီးရီးယားစစ်သား ၆၂ ဦး သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာ ရသွားပါတယ်” ဟု ရုရှားစစ်တပ်၏ ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။
IS တို့နှင့် ဆက်နွှယ်သည့် ဗာဆေ သတင်းဌာနကလည်း ညွန့်ပေါင်းအဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုများက IS တို့၏ နေရာများကို ထိမှန်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။ သို့သော် IS တို့သည် ဂျာဘာသာဒေးမြို့ကို အပြည့်အ၀ ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်သည်ဟု ဆိုသည်။ ညွန့်ပေါင်းအဖွဲ့၏ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည့် နေရာဝန်းကျင်ကို IS တို့ ထိန်းချုပ်ထားခြင်း ဖြစ်သော်လည်း ဂျာဘာသာဒေးမြို့ တစ်စိတ်တစ်ပိုင်းနှင့် ဒီရာအစ်ဇာလေဆိပ်ကိုမူ ဆီးရီးယားစစ်တပ်က ထိန်းချုပ်ထားခြင်းဖြစ်သည်။
ဆီးရီးယား စောင့်ကြည့်ရေး အဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် ဂျာဘာသာဒေးမြို့၌ ရုရှားလေယာဉ်များ၏ ဗုံးကြဲတိုက်ခိုက်မှုများကြောင့်လည်း IS အဖွဲ့ဝင် ၂၀ ခန့် သေဆုံးကာ ဒါဇင်နှင့်ချီ၍ ဒဏ်ရာရခဲ့သည်ဟု ဖော်ပြခဲ့သည်။ ဆီးရီးယား စစ်တပ်သည် ဒီယာအစ်ဇ လေတပ်စခန်းတွင် ပြီးခဲ့သည့်နှစ် ကတည်းက IS တို့နှင့် ပြင်းပြင်းထန်ထန် တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။
Ref: AFP

Most Read

Most Recent