ဟနွိုင်းမြို့ လမ်းများ၏နံဘေးမှ ကျွမ်းကျင်ပိုင်နိုင်သော ဆံသဆရာများ

ဟနွိုင်းမြို့ လမ်းများ၏နံဘေးမှ ကျွမ်းကျင်ပိုင်နိုင်သော ဆံသဆရာများ
Published 18 September 2016

ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းတွင် မြို့နေပြည်သူများအတွက် ငွေကြေးကုန်ကျ များစေနိုင်သည့် အနောက်တိုင်းပုံစံ အလှပြင်ခန်းများစွာ ပေါ်ပေါက်လာချိန်တွင် မြို့ထဲရှိလမ်းများပေါ်မှ ဆံပင်တစ်ခါညှပ်လျှင် ၁ ဒသမ ၃၀ ဒေါ်လာ ခန့်ယူသော ရှေးဟောင်းပုံစံဆံသ ဆရာများမှာလည်း ၎င်းတို့၏ ပုံမှန်ဖောက်သည်များနှင့် အလုပ်ဖြစ်နေဆဲဖြစ်သည်။
ထိုဆံသဆရာများသည် မှန်တစ်ချပ်ဖြင့် ဆံပင်ညှပ်ခြင်း၊ မုတ်ဆိတ်ရိတ်ခြင်းတို့ကို ပြုလုပ်ပေးရန် မြို့တော်ဟနွိုင်း အနှံ့တွင် နေ့ရောညပါ ရှိကြသည်။ ၎င်းတို့ထဲမှ တစ်ဦး ဖြစ်သော ဆံသဆရာ ငုယင်ဗန်တူသည် မှန်အပါအဝင် ပစ္စည်းကိရိယာ အစုံပါသည့် ၎င်း၏ စင်ကလေးကို သံချေးတက်နေသည့် ချိတ်လေးတစ် ချောင်း၌သာ ချိတ်ထားသည်။
“ဒီအလုပ်ဟာ အေးချမ်းပါတယ်။ ကျွန်တော်လွတ်လွတ်လပ်လပ်ပဲ စိတ်ကြိုက်လုပ်ပါတယ်။ ဝင်ငွေကလည်း အိုကေပါပဲ။ နောက်ပြီး ဒီအလုပ်အတွက် ကျွန်တော်ဘာမှ ရင်းနှီးမြှုပ်နှံခဲ့တာ မရှိပါဘူး” ဟု အ သက် ၅၃ နှစ်အရွယ် ဆံသဆရာတူက မူလတန်းကျောင်း တစ်ကျောင်း၏ အဝါရောင် အုတ်နံရံပေါ်တွင် ချိတ်ဆွဲထားသော ၎င်း၏ စင်ကလေး၏ နံဘေးတွင် ရပ်နေရင်း ပြောခဲ့သည်။
တူသည် ယခင်က စက်ရုံတစ် ရုံ၌ အလုပ်လုပ်ခဲ့သော်လည်း ယခုဆံသဆရာ အလုပ်ကို လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခု ကတည်းက ပြောင်းလိုက်ခြင်းဖြစ်သည်။ တူသည် သူကိုယ်တိုင် ဦးဆောင်သူဖြစ်နေသည့် ယခုအလုပ်ကို စိတ်ကြိုက်တွေ့နေရင်း ဖောက်သည်တချို့နှင့်လည်း မိတ်ဆွေဖြစ်နေခဲ့သည်။ ၎င်းတို့အနက် တူထံတွင် ၂၀၁၄ ခုနှစ်က ပုံမှန် ဆံပင်လာညှပ်နေသည့် အခိုင်အမာ ဖောက်သည်တစ်ဦးဖြစ်သော ဂျာမန်လူမျိုးဒီဇိုင်နာ တိုဘာရပ်ကတ် စတာကမ်ပီဝိုနီလည်း တစ်ဦးအပါအဝင် ဖြစ်သည်။
ကတ်စတာကမ်ပီဝိုနီသည် တူ ၏ ဆံပင်ညှပ်စင်ကလေးထံသို့ ၁၀ ရက်တစ်ကြိမ် ပုံမှန်လာလေ့ရှိပြီး တစ်ခါတစ်ရံတွင် ဘလိတ်ဓား အသစ်ကလေးများကိုလည်း ယူလာလေ့ရှိသည်။ “ဒါဟာ ဟနွိုင်းရဲ့ ဒေသဓလေ့ တစ်ခုပါပဲ။ လမ်းတိုင်းမှာ ဆံသဆရာ အများအပြားကို သင်တွေ့နိုင်ပါတယ်။ ကျွန်တော့်အထင်တော့ လူတိုင်းဟာ ကျွန်တော့်လိုပဲ ကိုယ်ပိုင်ဆံသဆရာတစ်ဦး ရှိကြမှာပါပဲ” ဟု ဘလိတ်ဓားအသစ်ဖြင့် မုတ်ဆိတ်ရိတ်ခံပြီးခါစ ကတ်စတာကမ် ပီဝီနီက ပြောကြားခဲ့သည်။
“ဒီလိုဒေသနဲ့ဆိုင်တဲ့ အထိအတွေ့ အရသာမျိုးကို ကျွန်တော် ကြိုက်ပါတယ်” ဟု ကတ်စတာကမ်ပီဝီနီက ဆက်လက်ပြောကြားခဲ့သည်။
ထိုသို့ ဟနွိုင်း၏ လမ်းများနံဘေးမှ ဆံသဆရာများသည် လွန်ခဲ့သည့် မျိုးဆက်များစွာကတည်းက ရှိနေကြခြင်းဖြစ်သည်။ ၎င်းတို့သည် ဆံပင်တစ်ခါညှပ်ခအတွက် ၁ ဒသမ ၃၀ ဒေါ်လာဝန်းကျင် အဖိုးအခယူပြီး နားဆေးလိုပါက နားဆေးခထပ်မံ ပေးရမည် ဖြစ်သည်။ ယင်းအဖိုး အခပမာဏသည် ပျမ်းမျှအားဖြင့် တစ်နှစ်ဝင်ငွေ ဒေါ်လာ ၂၁၀၀ ဝန်း ကျင်ရရှိကြသည့် ဗီယက်နမ်ပြည် သူအများစုအတွက် တတ်နိုင်သည့် ပမာဏဖြစ်နေသည်။
နိုင်ငံတကာ စောင့်ကြည့်ရေးအဖွဲ့ ယူရိုမော်နီတာ၏ အချက်အလက်များအရ ဆံသားထိန်းသိမ်း လုပ်ငန်း၏ ဝင်ငွေသည် ၂၀၁၀ မှ ၂၀၁၅ ခုနှစ်အတွင်း နှစ်ဆမြင့်တက်လာကာ ဒေါ်လာသန်း ၂၂၀ အထိရှိ လာသည်ဟု သိရသည်။ ထိုအချိန်တွင် ဆံသဆရာများ၏ အခြေအနေ များမှာလည်း ခိုင်မာလျက် ရှိနေသည်။ လူလတ်တန်းစားဦးရေ များပြားလာပြီး ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်သည့် ကွန်မြူနစ်ဗီယက်နမ်နိုင်ငံတွင် ဆံပင်တစ်ခါညှပ်လျှင် ဒေါ်လာ ၄၀ ခန့် ပေးရသည့် အနောက်တိုင်းပုံစံ အလှပြင်ဆိုင်များမှာလည်း အများအပြား ပေါ်ပေါက်လာကြသည်။
“ကျွန်တော်ဆံပင်ညှပ်ဖို့ အလှပြင်ဆလွန်းတွေကို တစ်ခါ နှစ်ခါလောက် သွားဖူးပါတယ်။ ဒါပေမဲ့ အဲဒီကို သွားတာ မသက်မသာ ခံစားရပါတယ်” ဟု ဆံပင်ညှပ်ပြီးခါစ ကာယအလုပ်သမား တစ်ဦးဖြစ်သည့် ဟိုတန်ဒေါင်က ပြောကြားခဲ့သည်။ “ကျွန်တော်က ဖုန်ပေနေတဲ့အဝတ်တွေ၊ ညစ်ပတ်နေတဲ့ ခြေလက်တွေနဲ့ တစ်နေကုန် လမ်းပေါ်မှာ နေတဲ့သူပါ။ ဒါကြောင့် ဆလွန်းတွေထဲ ဝင်ရတာ သက်သောင့်သက်သာ မရှိပါဘူး။ နောက်ပြီး လမ်းဘေးမှာ ညှပ်ရတာ ဈေးတန်တာလည်း ပါပါတယ်” ဟု ၎င်းကဆက်လက် ပြောကြားခဲ့သည်။ 
Ref : AFP

Most Read

Most Recent