ဂျပန်နိုင်ငံရေးကို ထိုးဖောက်လာသော အမျိုးသမီးသုံးဦး

ဂျပန်နိုင်ငံရေးကို ထိုးဖောက်လာသော အမျိုးသမီးသုံးဦး
Published 18 September 2016

ဂျပန်ကာကွယ်ရေးဝန်ကြီး အီနာဒါ၊ အတိုက်အခံဒီမိုကရက်တစ်ပါတီခေါင်းဆောင်သစ် ရင်ဟို၊ တိုကျိုအုပ်ချုပ်ရေးမှူး ကိုအီကဲ
အဖြူရောင်ဘောင်းဘီနှင့် ထက်အောက်ဆင်တူ ဝတ်စုံကို ဝတ်ဆင်ထားသော ဂျပန်အတိုက်အခံ ပါတီခေါင်းဆောင်သစ် ရင်ဟိုမူဟာ တာသည် ပါတီခေါင်းဆောင်သစ် ဖြစ်လာခဲ့ပြီးနောက် အနက်ရောင် ဆင်တူဝတ်စုံဝတ်သော အခြားပါတီ ခေါင်းဆောင်သုံးဦးနှင့်အတူ လက်ကို ဆန့်တန်း၍ အောင်ပွဲခံခဲ့သည်။
ရင်ဟိုသည် အမျိုးသားများ လွှမ်းမိုးထားသော ဂျပန်တွင် မကြာသေးခင် ကာလအတွင်း၌ သြဇာကြီးသော နိုင်ငံရေးရာထူးကို ရရှိခဲ့သည့် အမျိုးသမီး သုံးဦးအနက် တစ်ဦးဖြစ်သည်။ စက်တင်ဘာ ၁၅ ရက်က ဂျပန်အ တိုက်အခံပါတီ ဒီမိုကရက်တစ်ပါတီ  ခေါင်းဆောင်အဖြစ် ရွေးချယ်ခံခဲ့ရသော ရင်ဟိုသည် အသက် ၄၈ နှစ် ရှိပြီး ဂျပန်နိုင်ငံရေး ပါတီတစ်ခုကို ငယ်ငယ်ရွယ်ရွယ်နှင့် ဦးဆောင်ခွင့်ရသူ ဖြစ်သည်။
ဂျပန်မိခင်နှင့် ထိုင်ဝမ်ဖခင်တို့မှ မွေးဖွားလာသူ ရင်ဟိုသည် ထိုင် ဝမ်သွေးတစ်ဝက်ပါနေသောကြောင့် ဒီမိုကရက်တစ်ပါတီ၏ ခေါင်းဆောင် ရွေးချယ်ပွဲတွင် ကြန့်ကြာမှု အနည်းငယ်ရှိခဲ့သည်။ ရုပ်သံသတင်းတင် ဆက်သူအဖြစ် ထင်ရှားခဲ့ဖူးပြီး ရေကူးဝတ်စုံမော်ဒယ်လည်း ဖြစ်ခဲ့ဖူးသူ ရင်ဟိုသည် စကားပြောမြန်ပြီး အစိုးရ၏ အလေအလွင့်များသော စီမံကိန်းများအတွက် ဗျူရိုကရက်များကို ခေါင်းခဲစေခဲ့သူဖြစ်သည်။
ဒီမိုကရက်တစ်ပါတီ အာဏာ ရစဉ်က အဓိကရာထူးများကို ရယူခဲ့သော ရင်ဟိုသည် ထိုစဉ်က အနာဂတ် ဝန်ကြီးချုပ်လောင်းအဖြစ် သတ်မှတ်ခံခဲ့ရသူဖြစ်သည်။
သက်ကြားအိုများကို ကျော်တက်ခဲ့သူ
ရင်ဟိုကဲ့သို့ပင် သြဇာကြီးရာ ထူးတစ်ခုရယူထားသော တိုကျို အုပ်ချုပ်ရေးမှူး ယူရီကိုကိုအီကဲသည် ရုပ်သံသတင်း အစီအစဉ် တင်ဆက်ခဲ့ဖူးသူဖြစ်သည်။ ဝန်ကြီးချုပ်ရှင်ဇိုအာဘေး၏ လစ်ဘရယ်ဒီမိုကရက်တစ် ပါတီမှဖြစ်သော ကိုအီကဲသည် ပါတီ၏ ခေါင်းဆောင်ပိုင်းမှ ထောက်ခံမှု မရဘဲ တိုကျိုအုပ်ချုပ်ရေးမှူး ရာထူးကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်များက အမျိုးသား ကိုယ်စားလှယ်လောင်း တစ်ဦးကို ထောက်ခံခဲ့ကြသည်။ တိုကျိုအုပ်ချုပ်ရေးမှူးဟောင်း တစ်ဦးဖြစ်သော ရှင်တာရို အီရှီဟာရာက “မိတ်ကပ်များလွန်းသူ တစ်ဦးသည် တိုကျိုကို မအုပ်ချုပ်သင့်ကြောင်း” မှတ်ချက်ပေးခဲ့ပြီး ယင်းမှတ်ချက်ကပင် ကိုအီကဲကို ပို၍ လူကြိုက်များစေခဲ့ဖွယ်ရှိသည်။
တိုကျိုအုပ်ချုပ်ရေးမှူး ဖြစ်လာခဲ့ပြီးနောက် ကိုအီကဲသည် ၂၀၂၀ တိုကျိုအိုလံပစ်အတွက် အသုံးစရိတ်များ မြင့်တက်နေမှုကို ပြန်လည်သုံးသပ်မှု ဆောင်ရွက်ခဲ့သည်။ ထို့ပြင် တိုကျို၏ အထင်ကရ တစ်ခုဖြစ်သော  ငါးဈေးအား နေရာသစ်သို့ ရွှေ့ပြောင်းမည့် အစီအစဉ်အား ရွှေ့ဆိုင်းခဲ့သည်။ နေရာသစ်၌ မြေအဆိပ်သင့်မှုများ  ရှိလာမည်ကို စိုးရိမ်မှုများကြောင့် ငါးဈေးရွှေ့ပြောင်းမှုကို ဆိုင်းငံ့ခဲ့သည့် ကိုအီကဲ၏ ဆုံးဖြတ်ချက်က တိုကျိုအုပ်ချုပ်ရေး ဝန်ထမ်းများကြားတွင် စိတ်ဆိုးဒေါသထွက်မှု ဖြစ်စေခဲ့သော်လည်း လူထုက ကြိုက်နှစ်သက်ခဲ့သည်။ အသက် ၆၄ နှစ်အရွယ် ဝါရင့်ဥပဒေပြု အမတ်ဟောင်း ကိုအီကဲသည် ခေါင်းဆောင်မှုနှင့် စိမ်းသူမဟုတ်ပေ။ ၂၀၀၃ ခုနှစ်မှ ၂၀၀၆ ခုနှစ်အတွင်း သဘာ၀ ပတ်ဝန်းကျင်ရေးရာဝန်ကြီး ဖြစ်ခဲ့သော ကိုအီကဲသည် ၂၀၀၇ ခုနှစ်တွင် ပထမဆုံး အမျိုးသမီး ကာကွယ်ရေး ဝန်ကြီးအဖြစ် ခေတ္တထမ်းဆောင် ခဲ့သူဖြစ်သည်။
ဝန်ကြီးချုပ်ကိုယ်ပွား
သြဂုတ် ၃ ရက်က အစိုးရအဖွဲ့ အပြောင်းအလဲတွင် ဝါရင့်နိုင်ငံရေး သမားများကိုကျော်၍ ကာကွယ်ရေး ဝန်ကြီးဖြစ်လာခဲ့သော တိုမိုမီအီနာဒါသည် ဒုတိယကမ္ဘာစစ် အတွင်းက ဂျပန်၏ ရက်စက်မှုများနှင့် စစ်ပြီးခေတ် တိုကျိုစစ်ခုံရုံး ရာဇဝတ်မှုများ၏ တရားမျှတမှုကို မေးခွန်းထုတ်ခဲ့မှုအတွက် အာရုံစိုက်ခံခဲ့ရသော ရှေ့နေတစ်ဦးဖြစ်သည်။ အသက် ၅၇ နှစ်အရွယ် အီနာဒါသည် ကာကွယ်ရေးဝန်ကြီး ဖြစ်လာခဲ့ပြီးနောက် စက်တင်ဘာ ၁၅ ရက်တွင် အမေရိကန် ကာကွယ်ရေးဝန်ကြီး အက်ရှ်တန်ကာတာနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သည်။  အီနာဒါသည် ၂၀၀၅ ခုနှစ် တွင် ပါလီမန်အမတ် ဖြစ်လာခဲ့ပြီးနောက် အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ၏ မူဝါဒရေးရာ ဥက္ကဋ္ဌအဖြစ် ထမ်းဆောင်ခဲ့သည်။ အာဘေးကို ဆက်ခံသူ ဖြစ်လာနိုင်ကြောင်း အချို့က ခန့်မှန်းနေကြပြီး အာဘေးနှင့် အီနာဒါသည် စစ်ပွဲကာလသမိုင်းနှင့် ပတ်သက်ပြီး တူညီသော အမြင်များ ရှိလာကြသည်။ ဂျပန်၏ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ်အဖြစ် တက်လှမ်းနိုင်ရန် အတွက် အီနာဒါသည် ယင်းရာထူးအတွက် စောင့်ဆိုင်းနေကြသော အမျိုးသားဝါရင့် နိုင်ငံရေးသမားများကို ကျော်လွှားရမည်ဖြစ်သည်။                
Ref : AFP

Most Read

Most Recent