AIDS၊ ငှက်ဖျားနှင့် တီဘီ တိုက်ဖျက်ရေးအတွက် ရန်ပုံငွေ စုဆောင်းရန် မွန်ထရီယယ်၌ စည်းဝေး

AIDS၊ ငှက်ဖျားနှင့် တီဘီ တိုက်ဖျက်ရေးအတွက် ရန်ပုံငွေ စုဆောင်းရန် မွန်ထရီယယ်၌ စည်းဝေး
Published 17 September 2016

AIDS၊ ငှက်ဖျားနှင့် တီဘီရောဂါ တိုက်ဖျက်ရေးတို့အတွက် အမေရိကန်ဒေါ်လာ ၁၃ ဘီလျံ စုဆောင်းရန် နိုင်ငံတကာ အလှူရှင်များသည် စက်တင်ဘာ ၁၆ ရက်တွင် ကနေဒါနိုင်ငံ မွန်ထရီယယ်မြို့တွင် စည်းဝေးခဲ့ကြပြီး ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူဒိုးက သေဆုံးမှုများ ဖြစ်ပေါ်စေသည့် အဆိုပါ ရောဂါများကို ၂၀၃၀ ပြည့်နှစ် အရောက်၌ အမြစ်ဖြတ်နိုင်လိမ့်မည်ဟု ကတိပြု ပြောကြားခဲ့သည်။
ထရူဒိုးက အဆိုပါ ရောဂါများ တိုက်ဖျက်ရန် သုံးနှစ်တစ်ကြိမ် ပြုလုပ်သည့် ပဉ္စမအကြိမ်မြောက် ကမ္ဘာ့ရန်ပုံငွေ စုဆောင်းရေး ညီလာခံကို ကြီးမှူးကျင်းပခဲ့ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်နှင့် နိုင်ငံအကြီးအကဲ ခြောက်ဦးလည်း တက်ရောက်ခဲ့သည်။
“ဒါဟာ ကျွန်တော်တို့ ကမ္ဘာ့အသိုင်းအဝိုင်းအတွက် အရေးကြီးတဲ့ အခါသမယ ဖြစ်ပြီး ဒီပမာဏရဲ့ စိန်ခေါ်မှုဟာ ကျွန်တော်တို့ အားလုံးဆီကနေ ညီညွတ်တဲ့ စဉ်ဆက်မပြတ်ဖြစ်တဲ့ ဆောင်ရွက်မှုတွေ လိုအပ်ပါတယ်” ဟု ထရူဒိုးက နိုင်ငံများအား ရက်ရောစွာ ထည့်ဝင်ကြရန် တောင်းဆိုလျက် သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်၌ ပြောကြားခဲ့သည်။
အစိုးရ-ပုဂ္ဂလိက ပဏာမ ခြေလှမ်းတစ်ရပ်အဖြစ် ဖန်တီးလျက် ယခုအထိ ကမ္ဘာ့ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၀ ဘီလျံ သုံးစွဲပြီး ဖြစ်သည်။ သေဆုံးမှုများ ဖြစ်ပေါ်စေသော အဆိုပါ ရောဂါသုံးမျိုးကို တိုက်ဖျက်ရန်အတွက် ကမ္ဘာတစ်လွှား (အများဆုံး အနေဖြင့် အာဖရိက) တွင် စီမံချက်များ ပြုလုပ်ရန်အတွက် သုံးစွဲခဲ့ခြင်းဖြစ်သည်။
ယင်းကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းကြောင့် လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း ရောဂါဖြစ်ပွားမှုပေါင်း သန်း ၃၀၀ ခန့်ကို ကာကွယ်နိုင်ခဲ့ပြီး လူပေါင်း ၂၂ သန်း၏ အသက်ကို ကယ်တင်နိုင်ခဲ့သည်။ ယင်းစီမံချက်သည် AIDS ကို ၂၀၃၀ ပြည့်နှစ် အရောက်၌ အမြစ်ဖြတ်ရန် ကုလသမဂ္ဂ၏ ရည်မှန်းချက်ကို ဖော်ဆောင်နေခြင်းဖြစ်ပြီး အခြားရောဂါနှစ်မျိုးကို ယင်းအချိန်ထက်စော၍ပင် အမြစ်ဖြတ်နိုင်ရန် ရည်မှန်းထားသည်။
ယင်းကဲ့သို့ ပြုလုပ်ရန်အတွက် ၂၀၁၉ ခုနှစ်အထိ နောက်ထပ် သုံးနှစ်စာအတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၃ ဘီလျံ ထပ်မံ စုဆောင်းရန် လိုအပ်သည်။
“ဒီရောဂါတွေ ဖြစ်ပွားမှုကို အမြစ်ဖြတ်နိုင်ပါတယ်။ အတူတကွ လုပ်ဆောင်ခြင်းအားဖြင့် ဒီဆိုးရွားတဲ့ ရောဂါတွေကို ထာဝရ အဆုံးသတ်အောင် ကျွန်တော်တို့ လုပ်နိုင်ပါတယ်” ဟု ထရူဒိုးက ပြောကြားခဲ့သည်။
ရန်ပုံငွေ စုဆောင်းရာ၌ နိုင်ငံရေးခေါင်းဆောင်များနှင့် ပူးပေါင်းပါဝင်သူမှာ မိုက်ခရိုဆော့ဖ်ကုမ္ပဏီ ထူထောင်သူ ဘီဂိတ်ဖြစ်ပြီး အစပိုင်းမှစ၍ စုစုပေါင်း ဒေါ်လာ ၁ ဒသမ ၆ ဘီလျံ ထည့်ဝင်ခဲ့သည်။
Ref: AFP

Most Read

Most Recent