အပြင်းအထန် ဝေဖန်ခံနေရသည့် ထရန့်က အိုဘားမားသည် အမေရိကန် ဖြစ်သည်ဟု ဝန်ခံ

အပြင်းအထန် ဝေဖန်ခံနေရသည့် ထရန့်က အိုဘားမားသည် အမေရိကန် ဖြစ်သည်ဟု ဝန်ခံ
Published 17 September 2016

အပြင်းအထန် ဝေဖန်ခံနေရသော ရီပက်ဘလီကင် သမ္မတလောင်း ဒေါ်နယ်ထရန့်သည် လူမျိုးရေးခွဲခြားသည်ဟူသော သူ့အပေါ် စွပ်စွဲချက်များကို လျော့ပါးအောင် ပြုလုပ်သည့် အနေဖြင့် သမ္မတ ဘာရက်အိုဘားမားသည် အမေရိကန်တစ်ဦးဖြစ်ကြောင်း စက်တင်ဘာ ၁၆ ရက်တွင် ဝန်ခံ ပြောကြားလိုက်သည်။
သို့သော် သူသည် ပြိုင်ဘက် ဒီမိုကရက်တစ် သမ္မတလောင်း ဟီလာရီကလင်တန်ကို တိုက်ခိုက်မှု အရှိန်မြှင့်ခဲ့ပြီး ကလင်တန်သည် အိုဘားမားနှင့် ပတ်သက်၍ သံသယများ ဖြစ်ပေါ်အောင် စတင်လှုံ့ဆော်ခဲ့သူ ဖြစ်သည်ဟု စွပ်စွဲခဲ့သည်။
လူကြည့်များသော ရုပ်သံအစီအစဉ် ကြော်ငြာတစ်ခုတွင် ထရန့်သည် သူ၏ ဝါရှင်တန် ဟိုတယ်အသစ်နှင့် ပတ်သက်၍ ရှည်လျားစွာ ကြော်ငြာခဲ့ပြီးနောက် “သမ္မတ အိုဘားမားကို အမေရိကန်မှာ မွေးဖွားခဲ့တဲ့ အချိန်ပါ” ဟု အသိအမှတ်ပြု ပြောကြားခဲ့သည်။
သို့သော် သူဌေးကြီးဘဝမှ နိုင်ငံရေး လောကသို့ ဝင်ရောက်လာသည့် ထရန့်က အိုဘားမား၏ အဖေသည် ကင်ညာနိုင်ငံသား မွတ်စလင် ဖြစ်ကြောင်းနှင့် အိုဘားမားသည် IS အကြမ်းဖက်အဖွဲ့ကို ထူထောင်သူဖြစ်ကြောင်း ပြောကြားခဲ့ဖူးသည့် အခြေအမြစ် မရှိသော စကားများကို အစပြန်ဖော်ခြင်း မရှိသကဲ့သို့ ယင်းအတွက် ပြန်လည်တောင်းပန်ခြင်းလည်း မပြုခဲ့ပေ။
ထရန့်က အိုဘားမားအား အမေရိကန် နိုင်ငံသားမဟုတ် ဟူသည့် လုပ်ကြံပြောဆိုမှုနှင့် ပတ်သက်၍ ဟီလာရီကလင်တန်အပေါ် အပြစ်ပုံချခဲ့ပြီး အိုဘားမား၏ နိုင်ငံသား ကိစ္စနှင့် သမ္မတဖြစ်ခွင့် ကိစ္စအပေါ် မေးခွန်းထုတ်သော လှုပ်ရှားမှုကို စတင်သူသည် ဟီလာရီကလင်တန်ဖြစ်ကြောင်း အထောက်အထား မပါဘဲ စွပ်စွဲခဲ့သည်။
“ကလင်တန်ရဲ့ ၂၀၀၈ ခုနှစ် မဲဆွယ်ပွဲဟာ အိုဘားမား အမေရိကန် မဟုတ်ဘူးဆိုတဲ့ အဲဒီ အငြင်းပွားဖွယ် အချက်နဲ့ စတင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီကိစ္စ ကျွန်တော် အဆုံးသတ်ပေးလိုက်ပါပြီ။ ကျွန်တော် အဆုံးသတ်ပေးလိုက်ပါပြီ။ ကျွန်တော် ဘာကို ဆိုလိုတယ် ဆိုတာ ခင်ဗျားတို့ သိပါတယ်” ဟု ထရန့်က ပြောကြားခဲ့သည်။
ထင်ရှားသည့် ရုပ်သံစတား တစ်ဦးဖြစ်သော ထရန့်သည် အမေရိကန်သမ္မတ ဖြစ်ရန်အတွက် ဥပဒေအရ မဖြစ်မနေ လိုအပ်သည့် အမေရိကန်နိုင်ငံသား ဖြစ်မှု ကိစ္စနှင့် ပတ်သက်၍ အိုဘားမားအပေါ် အနည်းဆုံး ၂၀၁၁ ခုနှစ်ခန့်မှ စ၍ မေးခွန်းထုတ်ခဲ့သည်။
အိမ်ဖြူတော်က ထရန့်၏ စွပ်စွဲမှုကို သမ္မတအား တရားမဝင်ဖြစ်အောင် လူမျိုးရေး ခွဲခြားမှုဖြင့် ကြိုးပမ်းမှုတစ်ရပ်အဖြစ် ကာလကြာရှည်စွာ ကတည်းက ရှုမြင်ထားခဲ့သည်။
ယင်းစွပ်စွဲချက်များသည်ပင်လျှင် ထရန့်အား နိုင်ငံရေးလောကထဲ စတင်ဝင်ရောက်စေခဲ့ပြီး သူ့အား နိုင်ငံတော် စင်မြင့်ထက်ဆီသို့ တွန်းတင်ပေးကာ လက်ယာစွန်း ဝါဒီပရိသတ်များ အခိုင်အမာ ရရှိစေခဲ့သည်။
သို့သော် ငါးနှစ်ကြာပြီးနောက် ယခုအခါ ပြိုင်ဆိုင်မှု ပြင်းထန်သော သမ္မတ ရွေးကောက်ပွဲ ကာလသို့ ဝင်ရောက်လာပြီး ထရန့် အနေဖြင့် သမ္မတ ရွေးကောက်ပွဲ၌ အနိုင်ရရှိရန် အတွက် လူမည်းများ၊ စပိန်စကားပြော နိုင်ငံသားများနှင့် အလယ်အလတ် သဘောထား ရှိသူများ၏ ထောက်ခံမဲ လိုအပ်လာသည်။ ထို့ကြောင့် ထိုသူများ စက်ဆုပ်သည့် သူ၏ အိုဘားမားအပေါ် စွပ်စွဲချက်များက ဝန်ထုပ်ဝန်ပိုး ဖြစ်လာသည်။
Ref: AFP

Most Read

Most Recent