တူရကီကို ကူညီရန် အမေရိကန် အထူးတပ်ဖွဲ့ဝင်များကို ဆီးရီးယား မြောက်ပိုင်းတွင် တပ်စွဲ

တူရကီကို ကူညီရန် အမေရိကန် အထူးတပ်ဖွဲ့ဝင်များကို ဆီးရီးယား မြောက်ပိုင်းတွင် တပ်စွဲ
Published 17 September 2016

တူရကီကို ကူညီရန်အတွက် ဒါဇင်နှင့်ချီသော အမေရိကန် အထူးစစ်ဆင်ရေး ကွန်မန်ဒိုများကို ဆီးရီးယားမြောက်ပိုင်းတွင် တပ်စွဲခဲ့ကြောင်း ပင်တဂွန်က စက်တင်ဘာ ၁၆ ရက်တွင် အတည်ပြုခဲ့သည်။ တူရကီသည် IS အဖွဲ့၏ အဓိက ထောက်ပံ့ရေး လမ်းကြောင်းကို ဖြတ်တောက်ရန်နှင့် အမေရိကန် ကျောထောက်နောက်ခံပြု ကာ့ဒ်တပ်ဖွဲ့ဝင်များ၏ ချီတက်မှုများကို တန်ပြန်ရန် ပြီးခဲ့သောလတွင် ဆီးရီးယားမြောက်ပိုင်း၌ Euphrates Shield ဟု အမည်ပြောင်ပေးထားသော ထိုးစစ်တစ်ရပ်ကို ဆင်နွှဲခဲ့သည်။
အမေရိကန် တပ်ဖွဲ့ဝင်များသည် IS ကို တိုက်ခိုက်နေသော ဆီးရီးယား ကာ့ဒ်များနှင့်အတူ လက်တွဲလုပ်ဆောင်နေသည်။ သို့သော် ဆီးရီးယားရှိ ကာ့ဒ်များကို တူရကီက အကြမ်းဖက် သမားများအဖြစ် သတ်မှတ်ခဲ့ပြီး တူရကီနိုင်ငံတွင်း၌ တိုက်ခိုက်နေသော ကာ့ဒ်ခွဲထွက်ရေးအဖွဲ့ PKK ၏ မဟာမိတ်များဖြစ်သည်ဟု ဆိုသည်။ တူရကီသည် ဆီးရီးယားတွင် သမ္မတ ဘာရှားအယ်အာဆတ် အစိုးရအား တိုက်ခိုက်နေသော ဆီးရီးယား လွတ်မြောက်ရေး တပ်မတော် (FSA) ကဲ့သို့ အာရပ်နှင့် တာ့ခ်မင် တိုက်ခိုက်ရေးသမားများနှင့် လက်တွဲလုပ်ဆောင် လိုနေသည်။ FSA သည် ယခင်က ကာ့ဒ်များနှင့် ပဋိပက္ခ ဖြစ်ပွားခဲ့ဖူးသည်။
တူရကီ၏ မေတ္တာရပ်ခံမှုကြောင့် အမေရိကန် ကွန်မန်ဒိုများသည် တူရကီ စစ်ဘက်တွင် ပါဝင်ခဲ့ခြင်းဖြစ်ပြီး Jarabulus နှင့် AI Rai မြို့အနီး IS အဖွဲ့ကို တိုက်ခိုက်နေသည့် ဆီးရီးယား အတိုက်အခံ တပ်ဖွဲ့ဝင်များအား  စိစစ်ခွဲခြားပေးမည်ဖြစ်ကြောင်း ပင်တဂွန် ပြောခွင့်ရပုဂ္ဂိုလ် ဂျက်ဒေးဗီးစ်က ပြောကြားခဲ့သည်။ သို့သော် ဆီးရီးယား အဖွဲ့များနှင့် ကျွမ်းကျင်ပညာရှင်များက အွန်လိုင်းတွင် ကျယ်ကျယ်ပြန့်ပြန့် မျှဝေခဲ့ကြသော ဗီဒီယိုဖိုင်တစ်ခု၌ AI Rai သို့ ရောက်ရှိနေသည့် အမေရိကန် ကွန်မန်ဒိုများကို FSA တိုက်ခိုက်ရေးသမားများက အာရပ်စကားဖြင့် စော်ကားသည့် စကားများဖြင့် ခေါ်ဆိုပြီး ဆီးရီးယားမှ ထွက်ခွာသွားရန် တောင်းဆိုမှုကို မြင်တွေ့ခဲ့ရကြောင်း သိရသည်။
အမေရိကန် ကာကွယ်ရေး တာဝန်ရှိသူ တစ်ဦးကမူ နားလည်မှု လွဲမှားခြင်း ဖြစ်ပွားခဲ့ကြောင်း ဝန်ခံခဲ့သော်လည်း အမေရိကန် တပ်ဖွဲ့ဝင်များကို တပ်စွဲထားဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။ မည်သည့် အကြမ်းဖက်မှုမျှ မဖြစ်ပွားခဲ့ကြောင်း၊ မည်သူမျှ မထိခိုက်ခဲ့ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
အမေရိကန်နှင့် တူရကီ စစ်ဦးစီးချုပ်အဖွဲ့ အကြီးအကဲများသည် စက်တင်ဘာ ၁၆ ရက်တွင် ခရိုအေးရှား၌ နေတိုးအကြီးအကဲများ ဆွေးနွေးပွဲ ဘေးဆွယ်ပွဲတွင် တွေ့ဆုံခဲ့ကြပြီး IS ကို တိုက်ခိုက်ရာ၌ နှစ်နိုင်ငံအကြား ရှေ့ဆက်လုပ်ဆောင်ရမည့် အရာများကို ဆွေးနွေးခဲ့ကြကြောင်း၊ နှစ်နိုင်ငံ စစ်တပ်များအကြား အနီးကပ် ပူးပေါင်းဆောင်ရွက်ရေးနှင့် မဟာဗျူဟာမြောက် ဆက်ဆံရေးအတွက် ထပ်မံ ကတိပြုခဲ့ကြကြောင်း သိရသည်။
ယင်းအချိန်တွင် ကာ့ဒ် YPG တိုက်ခိုက်ရေး သမားများက တူရကီနှင့် ထိစပ်နေသော ဆီးရီးယားနယ်စပ်အနီး အမေရိကန် အလံများကို လွှင့်ထူခဲ့မှုကြောင့် ကာ့ဒ်၊ တူရကီ၊အမေရိကန်နှင့် ဆီးရီးယားတို့အကြား လေးပွင့်ဆိုင် တင်းမာမှုကို ထင်ရှားသော နောက်ထပ်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
Ref: AFP

Most Read

Most Recent