တိုင်ဖွန်းမီရန်တီ ဝင်ရောက်ခဲ့သော ထိုင်ဝမ်ကို ဒုတိယမြောက်တိုင်ဖွန်း မာလာကက်စ် ဝင်ရောက်မည်

တိုင်ဖွန်းမီရန်တီ ဝင်ရောက်ခဲ့သော ထိုင်ဝမ်ကို ဒုတိယမြောက်တိုင်ဖွန်း မာလာကက်စ် ဝင်ရောက်မည်
Published 17 September 2016

၂၁ နှစ်အတွင်း အင်အားအပြင်းဆုံး မုန်တိုင်းဖြစ်ခဲ့သော မီရန်တီတိုင်ဖွန်းသည် ထိုင်ဝမ်ကို ဝင်ရောက်မွှေနှောက်ခဲ့ပြီးနောက် နောက်ထပ် အင်အားပြင်း တိုင်ဖွန်း မာလာကက်စ်သည် ယခုသတင်းပတ်ကုန်တွင် ထိုင်ဝမ်ကို ဝင်ရောက်မည်ဖြစ်ပြီး မြေပြိုမှု ဖြစ်ပွားနိုင်ကြောင်း ထိုင်ဝမ် မိုးလေဝသဗျူရိုက စက်တင်ဘာ ၁၆ တွင် သတိပေးချက် ထုတ်ပြန်ခဲ့သည်။ ထိုင်ဝမ်တောင်ပိုင်းကို မီရန်တီ ဝင်ရောက်ပြီးနောက် နှစ်ရက် အကြာတွင် မာလာကက်စ်သည် ထိုင်ဝမ်ကို ထပ်မံဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
မီရန်တီကြောင့် ထိုင်ဝမ်တွင် စိုက်ပျိုးရေး ကဏ္ဍ၌ ဒေါ်လာ ၂၁ သန်း ဆုံးရှုံးမှုရှိခဲ့ကြောင်း ထိုင်ဝမ်စိုက်ပျိုးရေးကောင်စီက ခန့်မှန်းခဲ့သည်။
ထိုင်ဝမ်တွင် ၂၁ နှစ်အတွင်း အင်အားအပြင်းဆုံးမုန်တိုင်း ဖြစ်ခဲ့သော မီရန်တီ တိုင်ဖွန်းသည် တရုတ်အရှေ့တောင်ဘက် ကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီး လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တရုတ်အစိုးရက ပြောကြားခဲ့သည်။ ကယ်ဆယ်ရေး အလုပ်သမားများသည် ရေလွှမ်းမိုးခံရသော လမ်းများကို ရှင်းလင်းနေကြပြီး အိမ်တစ်သန်းကျော်ကို လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိရန် ကြိုးပမ်းနေကြသည်။ ထိုင်ဝမ်တောင်ဘက်စွန်းကို ဖြတ်ကျော်ပြီးနောက် တရုတ်ကို ဝင်ရောက်ခဲ့သော မီရန်တီတိုင်ဖွန်းကြောင့် တရုတ်ဆိပ်ကမ်းမြို့ ရှားမင်တွင် မြေပြိုမှုများ ဖြစ်ပွားခဲ့သည်။
မီရန်တီကြောင့် ဖူကျန်ပြည်နယ်တွင် လူခုနစ်ဦးထက်မနည်း သေဆုံးခဲ့ပြီး အိမ်နီးချင်း ကျဲကျန်ပြည်နယ်တွင် လူသုံးဦး သေဆုံးခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာက ပြောကြားခဲ့သည်။ မုန်တိုင်းကြောင့် ထွက်ပြေးခဲ့ရပြီးနောက် လူ ၃၃၀၀၀၀ ကျော်သည် စက်တင်ဘာ ၁၆ ရက်က နေအိမ်သို့ ပြန်လာခဲ့ကြကြောင်း သိရသည်။ မီရန်တီကြောင့် ထိုင်ဝမ်တွင် လူတစ်ဦးသေဆုံးခဲ့ပြီး ၃၈ ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် ထိုင်ဝမ်သည် စက်တင်ဘာ ၁၇ ရက်၌ မာလာကက်စ်တိုင်ဖွန်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းမှုကို ကြုံခဲ့ရသည်။
ရာသီဥတု ပြင်းထန်ပြီး ရေကြီးနိုင်သောကြောင့် မြေပြိုမှုများ ဖြစ်ပွားနိုင်ကြောင်း ထိုင်ဝမ်မိုးလေဝသဗျူရိုက ကြေညာချက် ထုတ်ပြန်ခဲ့သည်။
မီရန်တီသည် တရုတ်ကမ်းရိုးတန်းကို တိုက်ခတ်ခဲ့သော မုန်တိုင်းများအနက် ၁၉၄၉ ခုနှစ်နောက်ပိုင်း အင်အားအကြီးဆုံး မုန်တိုင်းဖြစ်ကြောင်း တရုတ်နိုင်ငံပိုင် သတင်းအေဂျင်စီ ဆင်ဟွာက ဖော်ပြခဲ့သည်။  မီရန်တီကြောင့် ရှားမင်မြို့တွင် လျှပ်စစ်ဓာတ်အား လိုင်းမျှော်စင်သုံးခု ပျက်စီးခဲ့ပြီး ဖူကျန်ပြည်နယ် တစ်ဝန်းတွင် အိမ် ၁ ဒသမ ၆၅ သန်းခန့် လျှပ်စစ်မီး ပြတ်တောက်ခဲ့ရကြောင်း ဆင်ဟွာက ဖော်ပြခဲ့သည်။
Ref: AFP

Most Read

Most Recent