ဒီကာပရီယိုက ကမ္ဘာ့ငါးဖမ်းမှုအား ခြေရာခံ စောင့်ကြည့်ရန် အခမဲ့ နည်းပညာတစ်ရပ်ကို မိတ်ဆက်

ဒီကာပရီယိုက ကမ္ဘာ့ငါးဖမ်းမှုအား ခြေရာခံ စောင့်ကြည့်ရန် အခမဲ့ နည်းပညာတစ်ရပ်ကို မိတ်ဆက်
စက်တင်ဘာ ၁၅ ရက်က ဝါရှင်တန်တွင် Our Ocean Conference ၌ စကားပြောနေသော သရုပ်ဆောင် လီယိုနာဒိုဒီကာပရီယို (Photo: AFP)
စက်တင်ဘာ ၁၅ ရက်က ဝါရှင်တန်တွင် Our Ocean Conference ၌ စကားပြောနေသော သရုပ်ဆောင် လီယိုနာဒိုဒီကာပရီယို (Photo: AFP)
Published 16 September 2016
Ref: AFP

အမေရိကန်ရုပ်ရှင်ကြယ်ပွင့် လီယိုနာဒို ဒီကာပရီယိုသည် သမုဒ္ဒရာများအတွင်း တရားမဝင် လုပ်ဆောင်မှုများကို ဟန့်တားရန်နှင့် အန္တရာယ်ကြုံတွေ့ နေရသော ငါးသတ္တဝါ အစုအဝေးကို ပြန်လည်တည်ဆောက်ရန် ကြိုးပမ်းသည့်အနေဖြင့် ကမ္ဘာ့ငါးဖမ်းမှုများကို ခြေရာခံစောင့်ကြည့်နိုင်သည့် အခမဲ့ နည်းပညာတစ်ရပ်ကို စက်တင်ဘာ ၁၅ ရက်တွင်  မိတ်ဆက်ပေးခဲ့သည်။
Global Fishing Watch ဟုခေါ်သော အဆိုပါနည်းပညာကို စက်တင်ဘာ ၁၅ ရက်နှင့် ၁၆ ရက်တို့၌ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ကြီးမှူးကျင်းပသည့် Our Ocean Conference ဟုခေါ်သော ညီလာခံတစ်ရပ်တွင် အများပြည်သူသို့ တရားဝင် ထုတ်ပြခဲ့ခြင်းဖြစ်သည်။
“ဒီကနေ့မှာ ဒီမကြုံစဖူးထူးကဲတဲ့ နည်းပညာဟာ ကမ္ဘာပေါ်က လူတိုင်းအတွက် ရနိုင်ပါပြီ။ ဒါကို စမ်းကြည့်ဖို့ လူတိုင်းကို တိုက်တွန်းပါတယ်” ဒီကာပရီယိုက ညီလာခံ၌ ပြောကြားခဲ့သည်။
Global Fishing Watch.org ၌ ရရှိနိုင်သော အဆိုပါနည်းပညာသည် တရားမဝင် ငါးဖမ်းမှုပြဿနာကို လူအုပ်စုအလိုက် ဖြေရှင်းရန်အတွက် နည်းလမ်းပေးရန် ရည်ရွယ်သည်။ တရားမဝင် ငါးဖမ်းမှုကြောင့် ကမ္ဘာ့ပင်လယ် သတ္တဝါ ၃၅ ရာခိုင်နှုန်းအထိ ဖမ်းဆီးခံရပြီး နှစ်စဉ် ဆုံးရှုံးမှု အမေရိကန် ဒေါ်လာ ၂၃ ဒသမ ၅ ဘီလျံရှိကြောင်း ကုလသမဂ္ဂ၏ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့  (FAO) က ပြောကြားခဲ့သည်။
ငါးအလွန်အကျွံဖမ်းခြင်းသည် ကမ္ဘာတစ်လွှား၌ ကြီးထွားလာသော ပြဿနာတစ်ရပ်လည်းဖြစ်ပြီး ပင်လယ်၏ နက်ရှိုင်းသော အပိုင်းတွင်ရှိသည့် ငါးသတ္တဝါစု၏ သုံးပုံနှစ်ပုံသည် အလွန်အကျွံ ဖမ်းဆီးခံရခြင်း သို့မဟုတ် ပျောက်ကွယ်သွားခြင်း ဖြစ်ပေါ်ခဲ့သည် ဟု FAO က ပြောကြားခဲ့သည်။
တူနာငါးနှင့် ဓားရှည်နှုတ်သီးငါးတို့ အပါအဝင် ကမ္ဘာ့အကြီးဆုံးငါးအချို့သည် သမိုင်းတစ်လျှောက် ရှိခဲ့သည့် အရေအတွက်၏ ၁၀ ရာခိုင်နှုန်းအောက် ရောက်ရှိနေပြီဟုဆိုသည်။ သင်္ဘောများပေါ်တွင် တပ်ဆင်ထားသော ရေဒါများနှင့် ဂြိုဟ်တုနည်းပညာတို့ကို ပေါင်းစပ်အသုံးပြုလျက် ယခုပလက်ဖောင်းသည် စီးပွားဖြစ် ငါးဖမ်းသင်္ဘော ၃၅,၀၀၀ ၏ လမ်းကြောင်းများကို ခြေရာခံနိုင်ပြီး ကမ္ဘာတစ်လွှား၌ ဆိတ်ကွယ်ရာနေရာ မရှိရလေအောင် အကူအညီပေးနိုင်သည်။
“ဒီနည်းပညာက ပြည်သူတွေကို ဘာဖြစ်နေလဲဆိုတာကို ကြည့်ဖို့ အခွင့်အလမ်းကို ပေးပါတယ်” ဟု Google နှင့် Oceana ကုမ္ပဏီတို့နှင့်အတူ စီမံချက်ဆောင်ရွက်ခဲ့သည့် Sky Truth ကုမ္ပဏီ ထူထောင်သူနှင့် ဥက္ကဋ္ဌ ဂျွန်အေမိုက ပြောကြားခဲ့သည်။

Most Read

Most Recent