အမေရိကန်က မြန်မာနိုင်ငံကို GSP ပြန်ပေးမည် ဖြစ်သောကြောင့် မြန်မာနိုင်ငံ၏ အထည်ချုပ်ပို့ကုန်တင်ပို့မှု လက်ရှိထက် နှစ်ဆ ပိုမိုတိုးတက်လာမည်ဟုဆို

အမေရိကန်က မြန်မာနိုင်ငံကို GSP ပြန်ပေးမည် ဖြစ်သောကြောင့် မြန်မာနိုင်ငံ၏ အထည်ချုပ်ပို့ကုန်တင်ပို့မှု လက်ရှိထက် နှစ်ဆ ပိုမိုတိုးတက်လာမည်ဟုဆို
Published 15 September 2016
နီလာ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်သမ္မတ အိုဘားမားတို့နှစ်ဦး မတွေ့ဆုံမီ သမ္မတအိုဘားမားက ကွန်ဂရက်လွှတ်တော်သို့ စက်တင်ဘာ ၁၄ ရက်က ပေးပို့သောစာတွင် ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေးကို မြန်မာနိုင်ငံသို့ ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေး (GSP) သည် ဖွံ့ဖြိုးပြီးနိုင်ငံများမှ ဖွံ့ဖြိုးဆဲ နှင့် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများသို့ ပေးအပ်သည့် ကုန်သွယ်မှုဆိုင်ရာ အကောက်ခွန်သက်သာခွင့် အထူးအခွင့်အရေး ဖြစ်သည်။အမေရိကန်နိုင်ငံသည် မြန်မာနိုင်ငံသို့ ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေးကို ၁၉၇၆ ခုနှစ်တွင် စတင်ပေးအပ်ခဲ့ပြီး  ၁၉၈၉ ခုနှစ်တွင် ပြန်လည် ရုပ်သိမ်းခဲ့ခြင်း ဖြစ်သည်။အမေရိကန်ပြည်ထောင်စုအနေဖြင့်  ယင်းကဲ့သို့ အရေးယူပိတ်ဆို့မှုအချို့ကို ရုပ်သိမ်းပြီး မြန်မာနိုင်ငံသို့ GSP ပြန်လည်ပေးအပ်ခဲ့ပါက အထည်ချုပ်လုပ်ငန်းများ အဓိကဈေးကွက်ဖြစ်သည့် အမေရိကန်သို့ မြန်မာနိုင်ငံမှ အထည်ချုပ်ပို့ကုန်များ တင်ပို့နိုင်မည်ဖြစ်ကာ အထည်ချုပ်ပို့ကုန် တန်ဖိုးမှာလည်း လက်ရှိထက် နှစ်ဆ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောကြားသည်။မြန်မာနိုင်ငံမှ အထည်ချုပ်ပို့ကုန်တန်ဖိုးသည် ၂၀၀၁ ခုနှစ်ဝန်းကျင်က တစ်နှစ်လျှင် ဒေါ်လာ ၈၁၇သန်း တင်ပို့ခဲ့ရာ ဒေါ်လာ သန်း ၅၀၀ခန့်မှ အမေရိကန်ဈေးကွက်သို့ တင်ပို့ခြင်း ဖြစ်ကြောင်း၊  ပြည်ပပို့ကုန်တန်ဖိုး၏ ရာခိုင်နှုန်း ၆၀ ခန့် မှာ အမေရိကန်သို့ တင်ပို့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။အမေရိကန်၏ အရေးယူပိတ်ဆို့မှုများ ရှိနေသဖြင့် ၂၀၀၄ ခုနှစ်ကစပြီး ဂျပန်ဈေးကွက်သို့ ထိုးဖောက် တင်ပို့ခဲ့ရာ ဒေါ်လာ သန်း ၇၀၀ ကျော်သာ တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ထို့နောက် ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် ဥရောပသမဂ္ဂမှ မြန်မာနိုင်ငံသို့ GSP ပေးအပ်ခဲ့သဖြင့် အထည်ချုပ်ပို့ ကုန်တန်ဖိုးသည် ၂၀၁၅ ခုနှစ်တွင် ဒေါ်လာသန်း ၁၆၅၀ အထိ တိုးတက်လာခဲ့ကြောင်းလည်း သိရသည်။ထို့ကြောင့် အမေရိကန်နိုင်ငံက  ၂၀၁၆ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ GSP ပြန်လည်ပေးအပ်ခဲ့ပါက လာမည့် ၂၀၁၇၊ ၂၀၁၈ ခုနှစ်ဝန်းကျင်တွင် မြန်မာ့အထည်ချုပ်ပို့ကုန်များ လက်ရှိထက် နှစ်ဆပိုမို တိုးတက်လာမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက သုံးသပ်ပြောကြားသည်။မြန်မာနှင့် အမေရိကန်နိုင်ငံများ၏ ကုန်သွယ်မှုကို လေ့လာကြည့်ပါက ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ၁၀ လအတွင်း မြန်မာဘက်မှ ပို့ကုန်တင်ပို့မှုမှ ဒေါ်လာ ၆၈ သန်းကျော် တင်ပို့ခဲ့ပြီး အမေရိကန်နိုင်ငံများမှ တင်သွင်းမှုတန်ဖိုး ဒေါ်လာ ၁၃၇ သန်းကျော် ရှိခဲ့ပြီး စုစုပေါင်း ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၀၅ သန်းကျော် ကုန်သွယ်မှု ပြုလုပ်နိုင်ခဲ့သည်။၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံနှင့် အမေရိကန်ကုန်သွယ်မှုအနေဖြင့် ဒေါ်လာ သန်း ၅၅၀ အထိ ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။မြန်မာနိုင်ငံမှ အမေရိကန်သို့ တင်ပို့ခဲ့မှုကုန်ပစ္စည်းများမှာ လယ်ယာထွက်ကုန်များ၊ ရေထွက်ပစ္စည်းများ၊ စက်မှုကုန်ချောပစ္စည်းများ အဓိက တင်ပို့နေကြောင်းနှင့် အမေရိကန်နိုင်ငံမှ လူသုံးကုန်ပစ္စည်းများ အဓိကတင်သွင်းကြောင်း၊ ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းများကိုလည်း တင်သွင်းခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။                                        

Most Read

Most Recent