ဗဟန်းမြို့နယ်တွင် ရှစ်နှစ်အရွယ် မိန်းကလေး နှိပ်စက်ခံရသည့်အမှုနှင့် ပတ်သက်၍ တရားလိုဘက်မှ တင်သွင်းသည့် သက်သေခံဓာတ်ပုံများကို လက်ခံကြောင်း ကြားဖြတ်အမိန့်ချ

ဗဟန်းမြို့နယ်တွင် ရှစ်နှစ်အရွယ် မိန်းကလေး နှိပ်စက်ခံရသည့်အမှုနှင့် ပတ်သက်၍ တရားလိုဘက်မှ တင်သွင်းသည့် သက်သေခံဓာတ်ပုံများကို လက်ခံကြောင်း ကြားဖြတ်အမိန့်ချ
Published 9 September 2016
နေမျိုးဝင်း

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ဟောင်း တစ်ဦး၏ နေအိမ်တွင် နှိပ်စက်ခံခဲ့ရသည့် အသက်ရှစ်နှစ်အရွယ် မိန်းကလေးအမှုနှင့် ပတ်သက်၍ တရားစွဲခံထားရသည့် အိမ်အကူအမျိုးသမီးကို စက်တင်ဘာ ၉ ရက် က ဗဟန်းမြို့နယ် တရားရုံးတွင် ရုံးချိန်းခေါ်ယူခဲ့ကြောင်း သိရသည်။ရုံးချိန်းတွင် အသက်ရှစ်နှစ်အရွယ် မ.... နှိပ်စက်ခံရစဉ်က ဖြစ်စဉ်အား မြင်တွေ့ခဲ့သူ ကိုစည်သူထံမှ ဗဟန်းမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦး ကူးယူထားသည့်ဓာတ်ပုံများကို သက်သေခံအဖြစ် တရားရုံးသို့ တရားလိုဘက်မှ တင်သွင်းမှုတွင် အမှုစစ်ဆေးချက်များအရ အဆိုပါဓာတ်ပုံများမှာ အခင်းဖြစ်ရပ်မှန်ကန်ကြောင်း ပြဆိုနေ၍ အရေးပါသော သက်သေခံအရာတစ်ခုဖြစ်ကြောင်း တွေ့ရှိရသဖြင့် သက်သေခံအဖြစ် လက်ခံကြောင်း ဗဟန်းမြို့နယ် တရားသူကြီးက ကြားဖြတ်အမိန့်တစ်ရပ် ချမှတ်ခဲ့ကြောင်း သိရသည်။ဗဟန်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် အသက်ရှစ်နှစ်အရွယ် မိန်းကလေးနှိပ်စက်ခံရမှုကို  လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန (အမျိုးသမီးအသက်မွေးဝမ်းကျောင်း အတတ်ပညာသင်တန်းကျောင်း)မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဒေါ်စန်းစန်းထွေးက တရားလိုပြုလုပ်၍ အိမ်အကူ ဒေါ်သန်းနွဲ့အား ကလေးသူငယ် ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁၈ ရက်က ဗဟန်းမြို့နယ် ဆရာစံရပ်ကွက် တက္ကသိုလ်ရိပ်သာလမ်းသစ်ရှိ ခြံအမှတ် ၂၅ (ဃ-၄) နေအိမ်တွင် အသက်ရှစ်နှစ်အရွယ် မိန်းကလေးမှာ ထမင်းအိုးအတွင်းသို့ လက်မဆေးဘဲ နှိုက်သောကြောင့် အဆူခံရသဖြင့် အိမ်သာအတွင်းသို့ ဝင်နေပြီး တံခါးချက်ချပိတ်ထားခဲ့ကြောင်း၊ ထို့ကြောင့် အမျိုးသမီးတစ်ဦးက ပြတင်းပေါက်မှ ဝင်ရောက်ကာ အဆိုပါမိန်းကလေးငယ်အား ခေါ်ထုတ်ခဲ့ရကြောင်း၊ ယင်းနောက် အိမ်အကူ ဒေါ်သန်းနွဲ့က ရိုက်နှက်ဆုံးမပြီး မီးဖိုခန်းအတွင်း လက်ကို ထိုင်ခုံနှင့် တွဲ၍ ကြိုးဖြင့် ချည်ထားခဲ့ကြောင်း သိရသည်။ထို့ပြင် နိုဝင်ဘာ ၁၉ ရက်တွင် ဒေါ်သန်းနွဲ့က အပြစ်ပေးသည့်အနေဖြင့် အဆိုပါ မိန်းကလေးအား ၎င်းင့်အတူ ကြမ်းတိုက်ခိုင်းရာ မလုပ်သဖြင့် နေအိမ်ရှေ့၌ အဝတ်မပါဘဲ ကြိုးတုပ်၍ထားခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။