သမ္မတဦးထင်ကျော်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အား ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန် သီးခြားစီတွေ့ဆုံ

သမ္မတဦးထင်ကျော်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အား ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန် သီးခြားစီတွေ့ဆုံ
Published 8 September 2016
ဇေယျာထွန်း

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အား ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန်က စက်တင်ဘာ ၈ ရက်တွင် သီးခြားစီ တွေ့ဆုံခဲ့သည်။နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန်တို့ စက်တင်ဘာ ၈ ရက် နံနက် ၁၀ နာရီခွဲက နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။ယင်းကဲ့သို့ တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ရခိုင်ပြည်နယ်ကိစ္စသည် မြန်မာနိုင်ငံအတွက် အရေးကြီးသည့် ကိစ္စတစ်ခုဖြစ်ကြောင်း၊ မစ္စတာ ကိုဖီအာနန်၏ ကျွမ်းကျင်သည့် ခေါင်းဆောင်မှုဖြင့် ပြဿနာ အား ချဉ်းကပ်ဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားသည်ဟု နိုင်ငံတော်သမ္မတရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။မစ္စတာကိုဖီအာနန်က ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အား မြန်မာနိုင်ငံမှ ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ ကော်မရှင်တွင် ပါဝင်ဖွဲ့စည်းထားသည့် နိုင်ငံခြားသား သုံးဦးအနေဖြင့် ရခိုင်ပြည်နယ်ကိစ္စရပ်များအပေါ် မိမိတို့၏ နိုင်ငံတကာ အတွေ့အကြုံများဖြင့် ပေါင်းစပ်သုံးသပ်ပြီး အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်ကြောင်း၊ ရခိုင်ပြည်နယ်ခရီးစဉ်တွင် ဒီမိုကရေစီစနစ်နှင့်အညီ ဆန္ဒထုတ်ဖော်မှုများ ကြုံတွေ့ခဲ့ရခြင်းကို နားလည်လက်ခံကြောင်း၊ ကော်မရှင်အနေဖြင့် လူထု၏ သဘောထားများတောင်းခံရာတွင် လိုအပ်ချက်များအား ရှင်းရှင်းလင်းလင်း သိလိုကြောင်း၊ ယင်းကဲ့သို့ သိရှိမှသာ ပြဿနာအား ချဉ်းကပ်ဖြေရှင်းရာတွင် အထောက်အကူပြုမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှ တာဝန်ရှိသူများ၏ အတွေ့အကြုံများဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်ဟု နိုင်ငံတော်သမ္မတရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။ထို့ပြင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံမှာ နိုင်ငံအတွက် အရေးကြီးသည့် လုပ်ငန်းစဉ်ဖြစ်၍ အလေးအနက်ထားရှိမှု၊ ကိုဖီအာနန်ဖောင်ဒေးရှင်းမှ ဆောင်ရွက်နေသည့် စိုက်ပျိုးရေးနည်းပညာများ ဖြန့်ဝေမှုနှင့် မူးယစ်ဆေးဝါး ကာကွယ်တားဆီးရေး လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ စက်တင်ဘာ ၈ ရက် နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။တွေ့ဆုံရာတွင် ရခိုင်တိုင်းရင်းသားများအတွက် ထိရှလွယ်သည့် ဖြစ်စဉ်ဖြစ်၍ ရခိုင်တိုင်းရင်းသားများ လက်ခံနိုင်ရန်မှာ အဓိကဖြစ်ကြောင်း၊ တိုင်းရင်းသားများ၏ ဆန္ဒသည် အဓိကကျကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံသားဖြစ်မှုကို သာမက တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ဒီမိုကရေစီအရေးတို့ကိုပါ ထည့်သွင်းစဉ်းစားရကြောင်း၊ ကော်မရှင်အနေဖြင့် ဖြစ်စဉ်ဖြစ်ပေါ်ခဲ့ရသည့် အခြေအနေသမိုင်းကြောင်းနှင့် ယှဉ်၍ လေ့လာဆောင်ရွက်ရန် အကြံပြုလိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နောက်ခံသမိုင်းကြောင်းနှင့် ပတ်သက်၍ ၁၈၂၄ ခုနှစ်၊ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲတွင် စစ်ရှုံးပြီး ရခိုင်ဒေသသည် ဗြိတိသျှကိုလိုနီ ဖြစ်သွားခဲ့ကြောင်း၊ ၁၈၈၆ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး ဗြိတိသျှကိုလိုနီဖြစ်ခဲ့ရကြောင်း၊ ယင်းကာလအတွင်း နယ်ချဲ့တို့က စီးပွားရေးအရ စပါးစိုက်ပျိုးရန် ဘင်္ဂလားဒေသမှ ဘင်္ဂါလီများခေါ်ယူခဲ့ရာ ရခိုင်ဒေသတွင် တဖြည်းဖြည်း လူဦးရေများလာခြင်းဖြစ်ကြောင်း၊ ဘင်္ဂလားဒေသမှ လာသည့်သူများဖြစ်၍ မိမိတို့က ဘင်္ဂါလီဟု ခေါ်ဆိုကြောင်း၊ ယခင်က ဘင်္ဂလားနယ်မြေမှာလည်း အရှေ့ဘင်္ဂလား နှင့် အနောက်ဘင်္ဂလားဟု နယ်မြေနှစ်ခု ကွဲသွားပြီး ၁၉၇၁ ခုနှစ်တွင် အရှေ့ဘင်္ဂလား (အရှေ့ပါကစ္စတန်) နယ်မြေမှာ ယခု ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖြစ်ပေါ်လာကြောင်း၊ ယင်းဘင်္ဂါလီများက သူတို့ ကိုယ်ကိုယ် “ရိုဟင်ဂျာ” ဟု သုံးစွဲလာခြင်းဖြစ်ကြောင်း၊ ယခုဘင်္ဂလားဒေ့ရှ်တွင် နေထိုင်သူများနှင့် ဘာသာစကား၊ ဝတ်စားဆင်ယင်မှု၊ ယဉ်ကျေးမှု အတူတူပင်ဖြစ်ပြီး မိမိတို့နှင့် ကွဲပြားခြားနားကြောင်း ရှင်းလင်း ပြောကြားသည်။ဆက်လက်ပြီး မြန်မာနိုင်ငံတွင် ရခိုင်တိုင်းရင်းသားများ အပါအဝင် အဓိကတိုင်းရင်းသား ရှစ်မျိုးနှင့် တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ စုကျော်ရှိပြီး ယင်းမူလတိုင်းရင်းသား မျိုးနွယ်စုများတွင် ဘင်္ဂါလီ မပါဝင်ကြောင်း၊ ယင်းဘင်္ဂါလီများက မူလနေထိုင်သည့် ဒေသခံ ရခိုင်တိုင်းရင်းသားများကို တိုက်ခိုက်ခဲ့၍ နယ်စပ်ဒေသ ဘူးသီးတောင်၊ မောင်တောနယ်မြေမှ Native ရခိုင်များသည် အောက်ဘက်စစ်တွေ၊ ပုဏ္ဏားကျွန်းဘက်သို့ ထွက်ပြေးခဲ့ရကြောင်း၊ ၁၉၄၂ ခုနှစ်တွင် ရခိုင်၊ ဘင်္ဂါလီ ပဋိပက္ခများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရခိုင်လူမျိုး ၂၀၀၀၀ ကျော် သေဆုံးခဲ့ရကြောင်း၊ နယ်ချဲ့အင်္ဂလိပ်များ မြန်မာပြည်မှ ဆုတ်ခွာ ထွက်ပြေးချိန်တွင် ဖက်ဆစ်ဂျပန်တို့ကို တိုက်ခိုက်ရန် ပေးအပ်ခဲ့သည့် လက်နက်များအသုံးပြု၍ ရခိုင်တိုင်းရင်းသားများကို တိုက်ခိုက် သတ်ဖြတ်ခဲ့ခြင်းမှာ ရခိုင်တိုင်းရင်းသားများ၏ များစွာ ခံပြင်းမှုကိုဖြစ်စေသည့် အကြောင်းအရာတစ်ခုဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ယင်းနောက် သမိုင်းဖြစ်စဉ်တွင် မူဂျာဟစ် သောင်းကျန်းမှုနှင့်ပတ်သက်၍ ပြောကြားရာတွင် လွတ်လပ်ရေးမရမီ ၁၉၄၇ ခုနှစ်တွင် ရခိုင်ဒေသရှိ ဘင်္ဂါလီများသည် မူဂျာဟစ် သောင်းကျန်းသူအဖြစ် အစိုးရကို လက်နက်ကိုင်၍ စတင်တိုက်ခိုက်ခဲ့ကြောင်း၊ လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင်လည်း ဆက်လက် တိုက်ခိုက်မှုများရှိ၍ တပ်မတော်အနေဖြင့် ပြန်လည်တိုက်ခိုက် ချေမှုန်းခဲ့ရကြောင်း၊ လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာတစ်နိုင်ငံလုံးတွင် တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများဖြစ်ပွားခဲ့ရခြင်း၊ ၁၉၇၀ ပြည့်နှစ်ဝန်းကျင်တွင် ဗကပသောင်းကျန်းသူများကို နှိမ်နင်းခဲ့ရခြင်းတို့ကြောင့် ယင်းအချိန်ကာလ အစိုးရများအနေဖြင့် ရခိုင်ဒေသ ဘင်္ဂါလီအဝင်အထွက်များစွာကို ထိရောက်စွာ ကြပ်မတ်နိုင်မှု မရှိကြောင်း၊ ယင်းအခြေခံ အကြောင်းအရာများမှ အဆင့်ဆင့်ဖြင့် ယခုအခြေအနေအထိ ရောက်ရှိလာခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။ဆက်လက်၍ ရခိုင်ဒေသ ဘင်္ဂါလီဦးရေ တိုးပွားမှုနှင့်ပတ်သက်၍ ၁၉၄၂ ခုနှစ် မှတ်တမ်းများအရ နယ်စပ်ဒေသ မောင်တောဧရိယာ တစ်ခုတည်းတွင်ပင် ဘင်္ဂါလီဦးရေ ၁၂၄၄၅၂ ဦးရှိခဲ့ပြီး ၁၉၈၆ ခုနှစ်စာရင်းအရ ၂၆၀၀၀၀ ကျော်ဖြစ်၍ နှစ် ၄၀ ခန့်အတွင်း လူဦးရေနှစ်ဆ တိုးပွားခဲ့ကြောင်း၊ မိမိနိုင်ငံဥပဒေအရ တစ်လင်တစ်မယားစနစ် ကျင့်သုံးသော်လည်း ယင်းတို့အနေဖြင့် လိုက်နာကျင့်သုံးမှုမရှိဘဲ အိမ်ထောင်ပြုမှုများသည့် စနစ်ကြောင့်လည်း လူဦးရေတိုးပွားလာခြင်းဖြစ်ကြောင်း ပြောကြားသည်။နိုင်ငံသားစိစစ်မှုလုပ်ငန်းများနှင့် ပတ်သက်၍ ပြောကြားရာတွင် မိမိနိုင်ငံအနေဖြင့် လူဦးရေလွန်စွာများပြားသည့် အိမ်နီးချင်းနိုင်ငံများအကြားတွင် တည်ရှိနေကြောင်း၊ နိုင်ငံသားစိစစ်ရေးလုပ်ငန်းမှာ အမှားမခံနိုင်ခြင်းကြောင့် အထောက်အထားပြည့်စုံစွာဖြင့် အချိန်ယူစိစစ်ရကြောင်း၊ ရခိုင်ဒေသတွင်လည်း နိုင်ငံသားစိစစ်ခြင်း လုပ်ငန်းစဉ်များကို ၁၉၈၂ ခုနှစ်မြန်မာနိုင်ငံသားဥပဒေနှင့်အညီ ဆောင်ရွက်ပေးနေကြောင်း၊ ယင်းဥပဒေနှင့် ကိုက်ညီပါက နိုင်ငံသား၊ နိုင်ငံသားပြုခွင့်နှင့် ဧည့်နိုင်ငံသား စသည်ဖြင့် ဥပဒေနှင့်အညီ သတ်မှတ် ခံစားခွင့်ရမည်ဖြစ်ကြောင်း၊ ဒုက္ခသည်စခန်းပြင်ပတွင် ရှိနေသည့်ဘင်္ဂါလီများအနေဖြင့် မိမိကိုယ်မိမိ ယုံကြည်မှုရှိလျှင် စိစစ်မှုခံနိုင်မည်ဟု ယူဆကြောင်း၊ နိုင်ငံသားစိစစ်မှု လုပ်ငန်းစဉ်များကို မှန်ကန်စွာသိရှိပြီး နှစ်ဖက်စလုံးက စိတ်ရှည်မှုရှိရန် လိုကြောင်း ထည့်သွင်းပြောကြားသည်။ယင်းနောက် ဘာသာရေးဆိုင်ရာ လွတ်လပ်စွာ ကိုးကွယ်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံသည် လူဦးရေ ၅၂ သန်းကျော်ရှိပြီး ဗုဒ္ဓဘာသာ ကိုးကွယ်သူ ၈၇ ရာခိုင်နှုန်းကျော်၊ ခရစ်ယာန်ဘာသာ ကိုးကွယ်သူ ခြောက်ရာခိုင်နှုန်းကျော်၊ အစ္စလာမ်ဘာသာ ကိုးကွယ်သူ လေးရာခိုင်နှုန်းကျော်နှင့် ကျန်ရာခိုင်နှုန်း အနည်းငယ်မှာ အခြားဘာသာများကို ကိုးကွယ်ကြကြောင်း၊ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဗုဒ္ဓဘာသာသည် အများစုကိုးကွယ်ပြီး ထူးခြားသော ဝိသေသရှိသည့် ဘာသာအဖြစ် အသိအမှတ်ပြုထားသကဲ့သို့ အခြားဘာသာ ကိုးကွယ်မှုများကိုလည်း အသိအမှတ်ပြုပြီး လိုအပ်သည်များ ကူညီစောင့် ရှောက်ရန် အတိအလင်း ပြဋ္ဌာန်းထားကြောင်း၊ ခရစ်ယာန်ဘာသာ ကိုးကွယ်သည့်အချို့နိုင်ငံ၊ အစ္စလာမ်ဘာသာ ကိုးကွယ်သည့် အချို့နိုင်ငံ များနှင့် ယှဉ်ကြည့်ပါက မိမိနိုင်ငံတွင် ဘာသာရေးနှင့် ပတ်သက်၍ တင်းကျပ်မှုမရှိဘဲ လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုထားကြောင်း၊ အစ္စလာမ်ဘာသာကိုးကွယ်သူ လေးရာခိုင်နှုန်း ကျော်တွင်လည်း ရှေးနှစ်ပေါင်းများစွာက ရောက်ရှိမှု၊ ဘာသာကူးပြောင်း ကိုးကွယ်မှုများအဖြစ် ရှေးယခင်ကတည်းက လက်ခံထားခြင်းဖြစ်ကြောင်း၊ အစ္စလာမ်ဘာသာဝင်နိုင်ငံသားများတွင် အဆင့်မြင့်တာဝန် ထမ်းဆောင်နေသည့် နိုင်ငံ့ဝန်ထမ်းများလည်း ရှိကြောင်း၊ ယခုပြဿနာမှာလည်း ဘာသာရေးကြောင့် မဟုတ်ဘဲ ဘာသာရေးကို အခြေခံပြီး လှုံ့ဆော်နေမှုများသာဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် မျှတစွာ သုံးသပ်ပြောဆို လုပ်ဆောင်လျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။ထို့နောက် ကိုဖီအာနန်က ယခုကဲ့သို့ ရှင်းလင်းပြောကြားပေး၍ မိမိအတွက် သမိုင်းအသိရသွားပြီး အနာဂတ်ကို မြော်မြင်နိုင်မှုအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ ကော်မရှင်အနေဖြင့် ယခုကိစ္စအတွက် ဆုံးဖြတ်ချက်ပေးခြင်း မဟုတ်ဘဲ Stakeholder များ၊ နှစ်ဖက်အသိုက်အဝန်းများနှင့် တွေ့ဆုံ၍ လေ့လာသုံးသပ်ပြီး အကြံပေးခြင်း၊ အကြံပြုခြင်းများသာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံသားဖြစ်မှု၊ မဖြစ်မှု ကိစ္စတစ်ခုတည်းသာမက ဒေသဖွံ့ဖြိုးတိုးတက်မှု အပါအဝင် ဘက်စုံထောင့်စုံမှ လေ့လာဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မိမိ ရခိုင်ဒေသသို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် နှစ်ဖက်အသိုက်အဝန်း၏ စိုးရိမ်ပူပန်မှုအသီးသီးကိုလည်း ကြားသိခဲ့ရပါကြောင်း၊ နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်သည် ဆက်လက်ဆောင်ရွက်သင့်ပြီး ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းဖြင့် ပြဿနာကို ပြေလည်အောင် ဖြေရှင်းနိုင်မည့် နည်းလမ်းများကို လေ့လာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။ 

Most Read

Most Recent