၂၁ ရာစုပင်လုံညီလာခံသို့ တက်ရောက်ခဲ့သော UWSP “ဝ” ကိုယ်စားလှယ်များအား တန်းတူရည်တူ ဆက်ဆံခြင်းမရှိသည့် ဖြစ်ရပ်အပေါ် ရှုတ်ချကြောင်း MNDAA ၊ TNLA နှင့် AA လက်နက်ကိုင်သုံးဖွဲ့ ထုတ်ပြန်

၂၁ ရာစုပင်လုံညီလာခံသို့ တက်ရောက်ခဲ့သော UWSP “ဝ” ကိုယ်စားလှယ်များအား တန်းတူရည်တူ ဆက်ဆံခြင်းမရှိသည့် ဖြစ်ရပ်အပေါ် ရှုတ်ချကြောင်း MNDAA ၊ TNLA နှင့် AA လက်နက်ကိုင်သုံးဖွဲ့ ထုတ်ပြန်
Published 8 September 2016
ကျော်ဇင်ဝင်း

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံညီလာခံသို့ တက်ရောက်ခဲ့သော UWSP (ဝပြည်သွေးစည်းညီညွတ်ရေးပါတီ) ကိုယ်စားလှယ်များအား တန်းတူရည်တူ ဆက်ဆံခြင်းမရှိသည့်ကိစ္စနှင့် ပတ်သက်၍  စိတ်မကောင်းဖြစ်ရပြီး အဆိုပါဖြစ်ရပ်အပေါ် ရှုတ်ချကြောင်း MNDAA ၊ TNLA နှင့် AA လက်နက်ကိုင်သုံးဖွဲ့က စက်တင်ဘာ ၈ ရက် တွင် ၎င်းတို့၏ သဘောထားအမြင်အား ထုတ်ပြန်ခဲ့သည်။အဆိုပါ သဘောထားအမြင် ထုတ်ပြန်ချက်၌ ထိုသို့ တန်းတူမဆက်ဆံခြင်းသည် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်ခဲ့သည်ဟု သံသယဖြစ်မိကြောင်း၊ UWSP အနေဖြင့် ပင်လုံစိတ်ဓာတ်အပေါ် ကောင်းစွာ သိရှိသဘောပေါက်ကြောင်းကို မိမိတို့အနေဖြင့် နားလည်ကြောင်း၊ UWSP ၏ မူဝါဒများထဲမှ ပင်လုံစိတ်ဓာတ်ကို ကျင့်သုံးဆောင်ရွက်ရန်နှင့် အကောင်အထည်ဖော်ရန်မူကို ကြိုဆိုထောက်ခံကြောင်း ဖော်ပြခဲ့သည်။ထို့ပြင် UWSP ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်သည့် တင်ပြချက်များ၊ နိုင်ငံတော်ဖွဲ့စည်းပုံစနစ်၊ ပြည်ထောင်စုသမ္မတ တာဝန်များကို ထမ်းဆောင်ရန် လိုအပ်သော အရည်အချင်း၊ လွှတ်တော်အတွင်း လွှတ်တော်အမတ်များ နေရာခွဲဝေမှု၊ ပြည်ထောင်စုတပ်မတော်ကို အစိုးရအုပ်ချုပ်မှုအောက်၌ ထားရှိရေး၊ တိုင်းရင်းသားတန်းတူညီမျှရေး မူဝါဒဆိုင်ရာ၊ တိုင်းရင်းသားပြည်သူများ၏ ဥပဒေပြဋ္ဌာန်းခွင့်၊ တိုင်းရင်းသားပြည်နယ်များ၏ တရားစီရင်ပိုင်ခွင့်၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားဒေသ အသီးသီးရှိ လက်နက်ကိုင်တပ်ဖွဲ့ကိစ္စနှင့် အခြား အထွေထွေမူဝါဒနှင့် အသေးစိတ်တောင်းဆိုချက်များကို မိမိတို့ သုံးဖွဲ့အနေဖြင့် အားပေး ထောက်ခံကြောင်း ထုတ်ပြန်မှု၌ ပါရှိသည်။ထို့အတူ အထက်ပါ မူဝါဒများသည် “ဝ” ပြည် အစိုးရနှင့် “ဝ” ပြည်သူတစ်ရပ်လုံးသာမက မိမိတို့ မဟာမိတ်သုံးဖွဲ့နှင့် အခြားသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏  အခြေခံရပ်တည်ချက်များ ဖြစ်ကြောင်း ဖော်ပြပါရှိသည်။အလားတူ အဆိုပါသုံးဖွဲ့မှပင် စက်တင်ဘာ ၄ ရက်က NLD အစိုးရ၏ ငြိမ်းချမ်းရေးကြိုးပမ်းမှုလုပ်ငန်းများ ပိုမိုအောင်မြင်ပြီး အစုအဖွဲ့အားလုံး  ပါဝင်နိုင်သည့် ညီလာခံအစည်းအဝေးများ ဆက်လက်ပြုလုပ်ရန် မျှော်လင့်ကြောင်း ကြေညာချက် ထုတ်ပြန်ထားသည်။အဆိုပါ ထုတ်ပြန်ချက်တွင် ၂၁ ရာစု ပင်လုံပထမအကြိမ် အစည်းအဝေး ကျင်းပနိုင်ခဲ့သည်မှာ  မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာ ကို ငြိမ်းချမ်းသည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲဆီသို့ ဦးတည်လာသည့်အတွက် ထောက်ခံကြိုဆိုကြောင်း၊၂၁ ရာစု ပင်လုံညီလာခံတွင် တက်ရောက်လာကြသည့် အဖွဲ့အစည်းအသီးသီး၊ အစုအဖွဲ့အသီးသီးနှင့် လူပုဂ္ဂိုလ်အသီးသီးတို့၏ တင်ပြချက်စာတမ်းများသည် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံ အစစ်အမှန် တည်ဆောက်နိုင်ရန် အပြုသဘောဆောင်သည့် တင်ပြချက်များဖြစ်သည်ဟု ရှုမြင်ကြောင်း၊ မြန်မာ့နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးအဖြေရှာရန်အတွက် ပွင့်လင်းမြင်သာစွာ တင်ပြခွင့်ပြုခဲ့သည့်အပြင် နိုင်ငံတစ်ဝန်းလုံးရှိ တိုင်းရင်းသား မိဘပြည်သူများ သိရှိဝေဖန်နိုင်ရန် တိုက်ရိုက် ထုတ်လွှင့်ပြသပေးခဲ့သည့် လက်ရှိမြန်မာ အစိုးရ၏ ရဲဝံ့ပြတ်သားသည့် လုပ်ဆောင်ချက်မှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအတွက် အရေးပါသည့် ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ရေးသားထားသည်။              

Most Read

Most Recent