လာအို အာဆီယံ ထိပ်သီး အစည်းအဝေး ပြီးဆုံးခဲ့ပြီး တောင်တရုတ်ပင်လယ်အရေး တရုတ်နိုင်ငံ အမြတ်ထွက်ခဲ့

လာအို အာဆီယံ ထိပ်သီး အစည်းအဝေး ပြီးဆုံးခဲ့ပြီး တောင်တရုတ်ပင်လယ်အရေး တရုတ်နိုင်ငံ အမြတ်ထွက်ခဲ့
လေးကြိမ်မြောက် အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေးတွင် တက်ရောက်လာသော ခေါင်းဆောင်များ အမှတ်တရဓာတ်ပုံ ရိုက်ကူးစဉ် (ဓာတ်ပုံ -နေထွန်းနိုင်)
လေးကြိမ်မြောက် အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေးတွင် တက်ရောက်လာသော ခေါင်းဆောင်များ အမှတ်တရဓာတ်ပုံ ရိုက်ကူးစဉ် (ဓာတ်ပုံ -နေထွန်းနိုင်)
Published 8 September 2016
နေထွန်းနိုင်

လာအို အာဆီယံ ထိပ်သီး အစည်းအဝေး ပြီးဆုံးခဲ့ပြီး တောင်တရုတ်ပင်လယ် အရေးနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံက အမြတ်ထွက်ခဲ့ကြောင်း သိရသည်။၂၈ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး၊ ၂၉ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးနှင့် အမေရိကန်၊ တရုတ်၊ ရုရား၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ နယူးဇီလန်၊ သြစတြေးလျနိုင်ငံများမှ ခေါင်းဆောင်များ တက်ရောက်ကြသည့် ၁၁ ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေးများကို စက်တင်ဘာ ၆ ရက်မှ ၈ ရက်အထိ လာအိုနိုင်ငံ ဗီယန်ကျန်းမြို့တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါ အစည်းအဝေးများအပြီး ထွက်ပေါ်ခဲ့သည့် ကြေညာချက်များအရ တရုတ် နိုင်ငံက အမြတ်ထွက်ခဲ့သည်ကို ပေါ်လွင်စေခဲ့ခြင်း ဖြစ်သည်။နိုင်ငံရင်းနှီးမြှုပ်နှံမှု၏ ရာခိုင်နှုန်း ၇၀ ကို တရုတ်နိုင်ငံက လွှမ်းမိုးထားသည့် လာအိုနိုင်ငံတွင် ပြုလုပ်ခဲ့သော အာဆီယံထိပ်သီး အစည်းအဝေးတွင် တောင်တရုတ်ပင်လယ် အရေးနှင့် ပတ်သက်ပြီး အမေရိကန် ကျောထောက်နောက်ခံပြု နိုင်ငံတကာ ခုံရုံး၏ ဆုံးဖြတ်ချက်ကို အတည်ပြုနိုင်ရန် အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့က ကြိုးပမ်းခဲ့သော်လည်း အရာထင်ခဲ့ခြင်း မရှိခဲ့ပေ။ပြီးခဲ့သည့် ဇူလိုင်လအတွင်းက တောင်တရုတ်ပင်လယ် တစ်ခုလုံးနီးပါး ပိုင်ဆိုင်ကြောင်း တရုတ်နိုင်ငံ၏ ပြောကြားချက်သည် ဥပဒေကြောင်းအရ ခိုင်မာမှု မရှိသည့်အပြင် သမိုင်းအရလည်း ပိုင်ဆိုင်ခြင်း မရှိကြောင်း The Heague ရှိ နိုင်ငံတကာ ခုံရုံးက ဆုံးဖြတ်ခဲ့ပြီး ထိုဆုံးဖြတ်ချက်ကို အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ နိုင်ငံ၏ ကြေညာချက်တွင် ထည့်သွင်းကာ တရားဝင်မှု ရယူရန် ကြိုးပမ်းခဲ့ကြခြင်း ဖြစ်သည်။စက်တင်ဘာ ၇ ရက်က ပြုလုပ်သော အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေး အပြီးတွင် ထုတ်ပြန်ခဲ့သော တောင်တရုတ် ပင်လယ်တွင် ပင်လယ်ပြင်အတွင်း အရေးပေါ်အခြေအနေများနှင့် ပတ်သက်သည့် ကျင့်ထုံးများ (CUES) နှင့် ပတ်သက်သည့် ပူးတွဲကြေညာချက်၊ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ နိုင်ငံ၏ ကြေညာချက်တို့တွင် တောင်တရုတ်ပင်လယ်အရေး နိုင်ငံတကာခုံရုံး ဆုံးဖြတ်ချက်ကို ချန်လှပ်ခဲ့သည်။CUES ကြေညာချက်တွင် တောင်တရုတ်ပင်လယ်တွင်း ကျင့်ထုံးများ ကြေညာချက် (DOC) နှင့် ကုလသမဂ္ဂ ပင်လယ်တွင်း သွားလာရေးဆိုင်ရာ စာချုပ် (UNCLOS) တို့နှင့်အညီ ရေကြောင်း၊ လေကြောင်း သွားလာရေးတို့ကို ဆောင်ရွက်ရန် သဘောတူကြောင်းနှင့် တောင်တရုတ်ပင်လယ်တွင်း ငြိမ်းချမ်းမှုသည် အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံတို့အတွက် အဓိက ရည်မှန်းချက်ဖြစ်ကြောင်း အသိအမှတ်ပြုကြောင်း ဖော်ပြခဲ့သည်။ထို့နောက် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ဗီယက်နမ်နှင့် တရုတ်နိုင်ငံတို့သည် ၁၉၇၂ ခုနှစ် ပင်လယ်တွင်း ထိပ်တိုက်တွေ့ဆုံမှုများ မဖြစ်ပေါ်စေရေး နိုင်ငံတကာစာချုပ် (COLREGs) တွင် လက်မှတ်ရေးထိုးထားသော နိုင်ငံများဖြစ်ကြောင်း အသိအမှတ်ပြုခဲ့ပြီး လာအိုနှင့် မြန်မာနိုင်ငံမှအပ ကျန်အဖွဲ့ဝင် နိုင်ငံများနှင့် တရုတ်နိုင်ငံတို့သည် အနောက်ပစိဖိတ် ရေကြောင်းသွားလာရေး အစည်းအဝေးပွဲ (WPNS) တွင် ဆွေးနွေးဖက်များဖြစ်ပြီး ပင်လယ်တွင်း အရေးပေါ် အခြေအနေများနှင့် ပတ်သက်သည့် ကျင့်ထုံးများ (CUES) ကို ကျင့်သုံးသည့် နိုင်ငံများလည်း ဖြစ်သည်ဟု ဖော်ပြခဲ့သည်။ ထို့နောက် လာအိုနှင့် မြန်မာတို့သည် ရေကြောင်း လုံခြုံမှုတွင် CUES ၏ အရေးပါမှုကို အသိအမှတ်ပြုပြီး WPNS နှင့် CUES တို့သည် အဖွဲ့ဝင်နိုင်ငံများကြား ရေကြောင်းသွားလာရေး၊ ရေတပ်အချင်းချင်း ဆက်ဆံရေးကောင်းမွန်မှုတို့အတွက် အရေးပါကြောင်း အသိအမှတ်ပြုသည်ဟု ဖော်ပြခဲ့သည်။ထို့နောက် ပင်လယ်တွင်း အရေးပေါ် အခြေအနေများနှင့် ပတ်သက်သည့် ကျင့်ထုံးများ (CUES) နှင့်အညီ ပင်လယ်တွင်း သင်္ဘောများ၊ ပင်လယ်ပေါ်မှ ဖြတ်သန်းသွားလာနေသော လေယာဉ်များ လုံခြုံရေးကို တိုးမြှင့်ပြီး သက်ဆိုင်ရာ နိုင်ငံများကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရန် သဘောတူကြောင်း၊ ရေယာဉ်များ၊ လေယာဉ်များ တောင်တရုတ်ပင်လယ်တွင်း ထိပ်တိုက်တွေ့ဆုံပါက CUES တွင် ပါဝင်သော လုံခြုံရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်ဆံမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် ဒေသတွင်းလုံခြုံရေး၊ အိမ်နီးချင်းနိုင်ငံများကြား စည်းလုံးရေး၊ ရေယာဉ်လေယာဉ်များ မမျှော်လင့်သော ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပေါ်ပါက မလိုလားအပ်သော အကျိုးဆက်များ လျှော့ချရေး၊ ရေတပ်များ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု တိုးတက်ရေးတို့အတွက် အထောက်အကူပြုရန် ရည်ရွယ်ကြောင်း သုံးချက်ကို ပူးတွဲကြေညာချက်၌ ဖော်ပြခဲ့ပါသည်။အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ လာအိုနိုင်ငံ၏ ကြေညာချက်တွင်လည်း တောင်တရုတ် ပင်လယ်အရေး နိုင်ငံတကာခုံရုံး ဆုံးဖြတ်ချက်ကို ရှောင်ရှားခဲ့ပြီး ပြီးခဲ့သည့် ဇူလိုင်အတွင်း ပြုလုပ်ခဲ့သည့် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ၏ သဘောတူ ဆုံးဖြတ်ချက်ကိုသာ ထပ်မံအလေးထား ဖော်ပြခဲ့သည်။ ထိုဖော်ပြချက်က သံတမန် နည်းလမ်းအရ တရုတ်နိုင်ငံက အမြတ်ထွက်ကြောင်း တောင်တရုတ်ပင်လယ်အရေး လေ့လာသူများက ပြောဆိုခဲ့သည်။အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ၏ ကြေညာချက်တွင် တောင်တရုတ်ပင်လယ် အရေးနှင့် ပတ်သက်ပြီး အချက်ရှစ်ချက် ဖော်ပြခဲ့ပါသည်။ ထိုအချက်များမှာ ဒေသတွင်း လုံခြုံရေးနှင့် အပြန်အလှန် ယုံကြည်မှုတို့ကို ထိခိုက်လျက်ရှိသော တောင်တရုတ်ပင်လယ်တွင်း နယ်မြေအရေးဆိုမှုများအတွက် စိုးရိမ်မိကြောင်း၊ တောင်တရုတ်ပင်လယ်တွင်းနှင့် ပင်လယ်ပေါ် ဖြတ်သန်းသွားလာခွင့်၊ ဒေသတွင်း တည်ငြိမ်မှု ရှိစေဖို့ အရေးကြီးကြောင်း ထပ်လောင်းပြောချင်ကြောင်း၊ ကုလသမဂ္ဂ ပင်လယ်တွင်း သွားလာရေး ဥပဒေ (UNCLOS) နှင့်အညီ ပဋိပက္ခများကို အကြမ်းမဖက်ဘဲ ဖြေရှင်းရန် သဘောတူကြောင်း အစရှိသည်တို့ ပါဝင်ခဲ့သည်။ထို့နောက် ပင်လယ်တွင်း စစ်ပြင်ဆင်မှုများ မပြုလုပ်ရန်၊ အခြေအနေကို တင်းမာစေသည့် နယ်မြေတောင်းဆိုမှုများ ထပ်မံ မပြုလုပ်ရန် လိုအပ်ကြောင်း ပြောဆိုခဲ့ပြီး တောင်တရုတ်ပင်လယ်တွင်း ကျင့်ထုံးများ ကြေညာချက် (DOC) နှင့် ပတ်သက်၍ အာဆီယံ-တရုတ် အကြီးတန်း အရာရှိများ အစည်းအဝေးကို အရှိန်မြှင့်ပြီး ထိရောက်သော ကျင့်ထုံးများ (COC) ကို စောစီးစွာ အကောင်အထည်ဖော်နိုင်ရန် သက်ဆိုင်ရာ အဖွဲ့အစည်းများကို တိုက်တွန်းကြောင်း ဖော်ပြခဲ့သည်။ထို့အတူ COC ၏ ပုံစံနှင့် အချိန်အတိုင်းအတာတို့ စောစီးစွာ အပြီးသတ်နိုင်ရန် အရေးကြီးကြောင်း ပြောလိုကြောင်းနှင့် DOC နှင့် COC အပြီးသတ်ရန် ဆောင်ရွက်နေစဉ် နိုင်ငံ အချင်းချင်း ယုံကြည်မှု ထိန်းသိမ်းရန် လိုအပ်ကြောင်း အာဆီယံခေါင်းဆောင်များက ပြောဆိုခဲ့သည်။ထို့အပြင် အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးများ၏ DOC အပေါ် ပူးတွဲကြေညာချက်နှင့် တောင်တရုတ်ပင်လယ်တွင် ပင်လယ်တွင်း အရေးပေါ် အခြေအနေများနှင့် ပတ်သက်သည့် ကျင့်ထုံးများ (CUES) ကို ကြိုဆိုကြောင်းနှင့် ၂၅ နှစ်မြောက် အာဆီယံ-တရုတ် ဆက်ဆံရေး အထိမ်းအမှတ်အဖြစ် ၁၉ ကြိမ်မြောက် အာဆီယံ-တရုတ် ညီလာခံတွင် အတည်ပြုခဲ့သည့် တောင်တရုတ်ပင်လယ်တွင်း အရေးပေါ် အခြေအနေများနှင့် ပတ်သက်ပြီး ဆောင်ရွက်ရန် လုပ်ငန်းစဉ်များကိုလည်း ကြိုဆိုကြောင်း ဖော်ပြခဲ့သည်။လာအိုနိုင်ငံ အာဆီယံထိပ်သီး အစည်းအဝေး အပြီးတွင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ဖိလစ်ပိုင်သမ္မတ ဒူတာတေးထံ လွှဲပြောင်းခဲ့သည်။ ယခုနှစ်တွင် အာဆီယံ အနေဖြင့် ၂၀၂၅ ခုနှစ် မျှော်မှန်းချက်များကို အဓိကထားဆွေးနွေးခဲ့ကြပြီး တောင် တရုတ်ပင်လယ်အရေးတွင် တရုတ်နိုင်ငံက အမြတ်ထွက်ခဲ့ကာ ဂျပန်နိုင်ငံက တောင် တရုတ်ပင်လယ်အရေးနှင့်  မြောက်ကိုရီးယား အရေးတို့တွင် ၎င်းင်းတို့၏ သဘောထားအတိုင်း ရပ်တည်ပေးရန် အာဆီယံခေါင်းဆောင်များကို တိုက်တွန်းခဲ့သည်။ အိန္ဒိယဝန်ကြီးချုပ် မိုဒီ အပါအဝင် နိုင်ငံတကာ ခေါင်းဆောင် အများအပြားကမူ ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး၊ ကုန်သွယ်မှုဆိုင်ရာများအပြင် ဒေသတွင်း လုံခြုံရေးနှင့် အကြမ်းဖက် တိုက်ခိုက်မှုများကို လက်တွဲဖြေရှင်း ဆောင်ရွက်ရေး ကိစ္စများအား ဆွေးနွေးခဲ့ကြသည်။