ဒါဖာဒေသ ငြိမ်းချမ်းရေး ပြန်လည်ရရှိလာပြီဟု ဆူဒန်သမ္မတ ပြောကြား

ဒါဖာဒေသ ငြိမ်းချမ်းရေး ပြန်လည်ရရှိလာပြီဟု ဆူဒန်သမ္မတ ပြောကြား
Published 8 September 2016

အာဖရိကသမဂ္ဂက ကြီးမှူးသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲသည် တိုးတက်မှု မရရှိဘဲ တန့်နေသည့် အနေအထား၌ပင် ရှိပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားကာ ယခုနှစ်အတွင်း လူပေါင်းထောင်နှင့်ချီလျက် နေအိမ်များကို စွန့်ခွာ ထွက်ပြေးခဲ့ရသော်လည်း ဆူဒန်သမ္မတ အိုမာအယ်ဘာရှားက စစ်ပွဲကြောင့် ဖွတ်ဖွတ်ညက်ညက်ကြေနေသော ဒါဖာဒေသတွင် ငြိမ်းချမ်းရေး ပြန်လည်ရရှိလာပြီဟု စက်တင်ဘာ ၇ ရက်တွင် ကြေညာခဲ့သည်။
ဒါဖာဒေသတွင် ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများကြောင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု တရားရုံးက အလိုရှိနေသည့် ဘာရှားက ကာတာစော်ဘွား ရှိတ်တာမင်ဘင်ဟာမက်အယ်သန်နီနှင့် ချဒ်သမ္မတ အီဒရစ်ဒီဘီတို့ တက်ရောက်သော မြောက်ပိုင်း ဒါဖာပြည်နယ်မြို့တော် အယ်ဖာရှာတွင် ပြုလုပ်သည့် အခမ်းအနား တစ်ရပ်၌ ယခုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်သည်။
ကာတာသည် အာရပ်များ လွှမ်းမိုးသော ဆူဒန်အစိုးရနှင့် ဘာရှားအစိုးရ အဖွဲ့ကို ဆန့်ကျင်ပြီး ၂၀၀၃ ခုနှစ်တွင် လက်နက်ကိုင်ဆွဲခဲ့ကြသော တိုင်းရင်းသား လူမျိုးစု လက်နက်ကိုင် သူပုန်များအကြား ဆက်တိုက်ကျင်းပသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို အိမ်ရှင်အဖြစ် လက်ခံပြုလုပ်ပေးခဲ့သည်။
၂၀၁၁ ခုနှစ်က ဒိုဟာတွင် ပြုလုပ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများက လွတ်မြောက်ရေးနှင့် တရားမျှတရေး လှုပ်ရှားမှု အမည်ရှိ သူပုန်အဖွဲ့ငယ် တစ်ခုနှင့် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိရန် ဦးတည်သွားစေနိုင်ခဲ့ပြီး စက်တင်ဘာ ၇ ရက်တွင် ယင်းကို အကောင်အထည်ဖော်သည့် အထိမ်းအမှတ်အဖြစ် အခမ်းအနား ပြုလုပ်ခြင်းဖြစ်သည်။
“ကျွန်တော်တို့ အနေနဲ့ ကျွန်တော်တို့ သဘောတူညီထားချက်တွေကို အကောင်အထည်ဖော်လိုက်ပြီလို့ ဒါဖာနဲ့ ဆူဒန်က ပြည်သူတွေ အားလုံးကို ကြေညာပါတယ်” ဟု ဘာရှားက အခမ်းအနားသို့ တက်ရောက်လာသည့် ထောင်နှင့်ချီသော လူအုပ်ကြီးအား ပြောကြားခဲ့သည်။
သူက “ဒါဖာဟာ မနေ့ကထက်စာရင် ဒီကနေ့မှာ ပိုကောင်းလာပါပြီ။ ပြီးတော့ မနက်ဖြန်ဆိုရင် ဒီထက်တောင် ပိုကောင်းလာပါလိမ့်ဦးမယ်” ဟုလည်း ပြောကြားခဲ့သည်။
စစ်ပွဲကြောင့် ဖွတ်ဖွတ်ညက်ညက် ကြေနေသည့် ဒေသကို ဖွံ့ဖြိုးတိုးတက်စေရမည်ဟု ကတိပေးထားသော ဘာရှားက ဒါဖာဒေသရှိ ၁၃ နှစ်ကြာ ပဋိပက္ခ အဆုံးသတ်သွားပြီ ဖြစ်ကြောင်း ကြေညာခဲ့သည်။
“ကျွန်တော်တို့ လမ်းတွေနဲ့ ပိုမိုကောင်းမွန်တဲ့ ပညာရေး၊ ကျန်းမာရေး၊ ရေနဲ့ လျှပ်စစ်မီး ထောက်ပံ့မှုတွေ တည်ဆောက်ပါမယ်။ ဒါဖာဒေသက လူမျိုးစုတွေ အားလုံးအကြား ပြန်လည်သင့်မြတ်အောင်လည်း ဆောင်ရွက်ပါမယ်” ဟု ဘာရှားက ပြောကြားခဲ့ပြီး ထောက်ခံသူများက သြဘာပေးခဲ့ကြသည်။
အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်လာသော လူအုပ်အတွင်းမှ လူများစွာတို့သည် ဘာရှားနှင့် ကာတာစော်ဘွားတို့၏ ဓာတ်ပုံများကို ကိုင်ဆောင်လာခဲ့ကြသည်။
ဆူဒန်အစိုးရက ဒါဖာဒေသအား လက်ရှိပြည်နယ်ငါးခု ခွဲခြားမှုကို ထောက်ခံသည့် ဧပြီလ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲသည် သမိုင်းစာမျက်နှာသစ်ကို ဖွင့်လှစ်နိုင်ခဲ့သည်ဟု အခိုင်အမာ ပြောကြားလျက် ဒါဖာပဋိပက္ခကို ယခုနှစ်တွင် အဆုံးသတ်နိုင်ပြီဟု ကြေညာရန် ထပ်တလဲလဲ ကြိုးပမ်းခဲ့သည်။
Ref: AFP

Most Read

Most Recent