ရုရှားတိုက်လေယာဉ် တစ်စင်းက အမေရိကန် သူလျှိုလေယာဉ်အနီး အန္တရာယ်ရှိသည့် အနေအထားအထိ ချဉ်းကပ်ခဲ့ဟု ပင်တဂွန် ပြောကြား

ရုရှားတိုက်လေယာဉ် တစ်စင်းက အမေရိကန် သူလျှိုလေယာဉ်အနီး အန္တရာယ်ရှိသည့် အနေအထားအထိ ချဉ်းကပ်ခဲ့ဟု ပင်တဂွန် ပြောကြား
Published 8 September 2016

ရုရှား တိုက်လေယာဉ် တစ်စင်းသည် ပင်လယ်နက် ဝေဟင်ပေါ်တွင် စက်တင်ဘာ ၇ ရက်က အမေရိကန် သူလျှိုလေယာဉ် တစ်စင်း အနီးသို့ ဘေးကင်းမှု မရှိသည့် အနေအထားအထိ အလွန်အမင်း နီးကပ်စွာ ပျံသန်းခဲ့သည်ဟု ပင်တဂွန်က ထုတ်ပြန်ခဲ့သည်။ ရုရှားကမူ ယင်းဖြစ်ရပ်တွင် အပြည်ပြည်ဆိုင်ရာ ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု အလျင်အမြန်ပင် အခိုင်အမာ ထုတ်ပြန်ခဲ့သည်။
အပြည်ပြည်ဆိုင်ရာ လေပိုင်နက်တွင် အမေရိကန်၏ ရေငုပ်သင်္ဘောဖျက်နှင့် ထောက်လှမ်းရေးလေယာဉ် P-8A Poseidon သည် ပုံမှန်အတိုင်း တာဝန်များ ထမ်းဆောင်နေစဉ် ရုရှား၏ Su-27 တိုက်လေယာဉ်က ဘေးကင်းမှု မရှိသည့် အနီးကပ် ကြားဖြတ်ဟန့်တား ပျံသန်းမှု လုပ်ဆောင်ခဲ့ကြောင်း ပင်တဂွန်၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ကြီး ဂျက်ဒေးဗီးစ်က ပြောကြားခဲ့သည်။ ရုရှား လေယာဉ်သည် အမေရိကန်လေယာဉ်နှင့် ၁၀ ပေခန့် အကွာအထိ ပျံသန်းခဲ့ပြီးနောက် ပေ ၃၀ (ကိုးမီတာ) ဝန်းကျင်အတွင်း ပျံသန်းနေခဲ့ကြောင်း အမည်မဖော်သော အမေရိကန် ကာကွယ်ရေး တာဝန်ရှိသူ တစ်ဦးက အစောပိုင်းတွင် ပြောကြားခဲ့သည်။ “ဒီလုပ်ရပ်တွေက မလိုလားအပ်ဘဲ တင်းမာမှုကို မြင့်တက်စေနိုင်တဲ့ အလားအလာ ဖြစ်စေပြီးတော့ တွက်ချက်မှု လွဲမှားတာ ဒါမှမဟုတ် မတော်တဆ ဖြစ်ရပ် ဖြစ်ပွားတာတွေ ဖြစ်သွားနိုင်ပါတယ်” ဟု ဒေးဗီးစ်က ပြောကြားခဲ့သည်။
သို့သော် ရုရှားက အမေရိကန်သည် ရုရှားစစ်ဆေး လေ့ကျင့်မှုများကို လျှို့ဝှက် စောင့်ကြည့်ရန် ကြိုးစားခဲ့ခြင်းကြောင့် ယင်းကြားဖြတ် ဟန့်တားမှုကို အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့်အညီ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ အမေရိကန်၏ P-8 Poseidon လေယာဉ်များက အလိုအလျောက် အချက်ပြစက် မဖွင့်ထားဘဲ ပင်လယ်နက်ရှိ ရုရှားနယ်စပ် အနီးသို့ နှစ်ကြိမ်တိုင်တိုင် ချဉ်းကပ်လာချိန်တွင် ရုရှားသည် ယင်းလေယာဉ်များကို စစ်ဆေးရန်အတွက် Su-27 ဂျက်လေယာဉ်များကို စေလွှတ်ခဲ့ကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။
ရုရှား တိုက်လေယာဉ်များက သူလျှိုလေယာဉ်များကို အမြင်အရ အတည်ပြုနိုင်ရန်နှင့် တောင်ပံနံပါတ်များကို ဆုံးဖြတ်ရန်အတွက် ယင်းလေယာဉ်များ အနီးသို့ ချဉ်းကပ်ခဲ့ပြီးနောက် အမေရိကန်လေယာဉ်သည် ရုတ်တရက် လမ်းကြောင်းပြောင်းပြီး ပျံထွက်သွားခဲ့ကြောင်း ယင်းကြေညာချက်က ဆိုသည်။ အမေရိကန် ရေတပ်လေယာဉ်နှင့် သင်္ဘောများသည် ယင်းနေရာတွင် ရုရှားယာဉ်များနှင့် အပြန်အလှန် ဆက်သွယ်မှုကို ပုံမှန် ပြုလုပ်လေ့ရှိပြီး တွေ့ဆုံမှု အများစုကို ဘေးကင်းစွာ လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။ သို့သော် ယခုကဲ့သို့ ဘေးကင်းမှု မရှိသည့် လုပ်ရပ်ကြောင့် အလွန်အမင်း စိုးရိမ်သည်ဟု ဒေးဗီးစ်က ပြောကြားခဲ့သည်။
ယင်းကဲ့သို့ အန္တရာယ်ရှိသည့် အနေအထားဖြင့် ကြားဖြတ်ဟန့်တားမှု ဖြစ်စဉ်သည် ပြီးခဲ့သောနှစ် မေတွင် တစ်ကြိမ် ဖြစ်ပွားခဲ့သည်။ ယင်းအချိန်က ပင်လယ်နက် ဝေဟင်တွင် ရုရှားလေယာဉ် တစ်စင်းက အမေရိကန်၏ စစ်ထောက်လှမ်းရေးလေယာဉ် RC-135 ကို ဟန့်တားခဲ့ခြင်းဖြစ်သည်။
Ref: AFP

Most Read

Most Recent