ကမ္ဘာတစ်ဝန်း၌ ကလေးပေါင်း သန်း ၅၀ နီးပါး တွယ်ရာမဲ့ဖြစ်နေဟု ယူနီဆက်ဖ် ထုတ်ပြန်

ကမ္ဘာတစ်ဝန်း၌ ကလေးပေါင်း သန်း ၅၀ နီးပါး တွယ်ရာမဲ့ဖြစ်နေဟု ယူနီဆက်ဖ် ထုတ်ပြန်
Published 7 September 2016
Ref:AFP

ကမ္ဘာတစ်ဝန်းတွင် ကလေးပေါင်းသန်း ၅၀ နီးပါးသည် စစ်ပွဲ၊ အကြမ်းဖက်မှုနှင့် နှိပ်စက်ညှဉ်းပန်းမှုတို့ကြောင့် နေရပ်များမှ ထွက်ပြေးခဲ့ရကာ တွယ်ရာမဲ့ အခြေအနေသို့ ရောက်နေကြသည်ဟု ကုလသမဂ္ဂကလေးများ အစီအစဉ်က စက်တင်ဘာ ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ “မေ့ဖျောက်လို့မရတဲ့ ကလေးပုံတွေဖြစ်တဲ့ ပင်လယ်ထဲမှာ ရေနစ်သေဆုံးခဲ့ပြီး ကမ်းခြေပေါ်မှာ လာတင်နေတဲ့ အလန်ကာဒီရဲ့ ခန္ဓာကိုယ် သေးသေးလေးပုံ၊ နေအိမ် ပျက်စီးသွားပြီးနောက် လူနာတင်ယာဉ်ပေါ်မှာ သွေးတွေနဲ့ ငိုင်ပြီးထိုင်နေတဲ့ အိုမရမ်ဒီကွစ်ရှ်ရဲ့ပုံတွေဟာ ကမ္ဘာတစ်ဝန်းကို တုန်လှုပ်စေခဲ့ပါတယ်။ ဒီပုံတစ်ပုံချင်းစီဟာ အန္တရာယ် ကျရောက်နေတဲ့ ကလေးသန်းပေါင်းများစွာကို ကိုယ်စားပြုပါတယ်” ဟု ကုလသမဂ္ဂ နိုင်ငံတကာ ကလေးများဆိုင်ရာ အရေးပေါ် ရန်ပုံငွေ အဖွဲ့အစည်း (UNICEF) မှ ဒါရိုက်တာ အန်တိုနီလိခ်က ပြောကြားခဲ့သည်။ယူနီဆက်ဖ်၏ ခွဲခြမ်းစိတ်ဖြာမှုအရ ကလေးဒုက္ခသည် ၁၀ သန်း အပါအဝင် အကြမ်းဖက်မှုနှင့် ပဋိပက္ခများကြောင့် နေရပ်များမှ ရွှေ့ပြောင်း ထွက်ပြေးခဲ့ရသည့် ကလေးပေါင်း ၂၈ သန်း ရှိသည်ဟု သိရသည်။ ထို့ပြင် ဒုက္ခသည်အဖြစ် မသတ်မှတ်ခံရသေးသော နိုင်ငံရွှေ့ပြောင်းခိုလှုံသည့် ကလေးတစ်သန်းခန့် ရှိသေးသည်။ လူသားချင်း စာနာထောက်ထားသည့် အကူအညီများ၊ အရေးပေါ် ဝန်ဆောင်မှုများ မရှိခြင်းကြောင့် နိုင်ငံတွင်းမှာပင် နေရာရွှေ့ပြောင်းရသည့် ကလေးဦးရေမှာလည်း ခန့်မှန်းခြေ ၁၇ သန်းခန့် ရှိသည်။ အုပ်စုဖွဲ့ အကြမ်းဖက်မှု၊ အလွန်အမင်း ဆင်းရဲမွဲတေမှုတို့ အပါအဝင် အကြောင်းရင်း အမျိုးမျိုးကြောင့် နေရပ်များမှ စွန့်ခွာခဲ့ရသည့် ကလေးဦးရေမှာမူ သန်း ၂၀ ခန့် ရှိနေသည်။“တရားဝင် အခြေအနေတစ်ရပ် မရှိ၊ သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို စောင့်ကြည့်မယ့် စနစ်လည်း မရှိတဲ့အတွက် ဒီကလေးတွေအနက် အများအပြားဟာ အကြမ်းဖက်ခံရတာတွေ ဖမ်းဆီးချုပ်နှောင်ခံရမယ့် အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရပါတယ်” ဟု ယူနီဆက်ဖ်၏ ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။ ထို့ပြင် တစ်ကိုယ်တော် ပြည်ပသို့ ရွှေ့ပြောင်းကြသည့် ကလေးဦးရေမှာလည်း မြင့်တက်လာသည်။ ယမန်နှစ်က လူကြီးအဖော်မပါသော ကလေးပေါင်း ၁၀၀၀၀၀ ကျော်သည် နိုင်ငံပေါင်း ၇၈ နိုင်ငံတွင် ခိုလှုံခွင့် တောင်းခံခဲ့ကြသည်။ ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံရှိသော ကလေးများသည် ကမ္ဘာ့ဒုက္ခသည်ဦးရေ စုစုပေါင်း၏ ထက်ဝက်ကျော် ဖြစ်နေသည်။ ၂၀၁၅ ခုနှစ်က ကုလသမဂ္ဂဒုက္ခသည် အေဂျင်စီ၏ စောင့်ရှောက်မှုအောက်မှ ဒုက္ခသည် ကလေးများအနက် ၄၅ ရာခိုင်နှုန်းမှာ ဆီးရီးယားနှင့် အာဖဂန်နစ္စတန်တို့မှ ဖြစ်သည်။ဒုက္ခသည်ခံယူရန် ကြိုးပမ်းနေသည့် ကလေးများ၊ ရွှေ့ပြောင်းအခြေချသည့် ကလေးများကို ဖမ်းဆီးထိန်းသိမ်းခြင်းအား အဆုံးသတ်ရန်၊ ကလေးဒုက္ခသည်များ ကျန်းမာရေး စောင့်ရှောက်မှုများ ရရှိစေရန်၊ လူတန်းစား ခွဲခြားမှုများ၊ ဘေးဖယ်ထားမှုများ၊ သူစိမ်းကြောက် ရောဂါများအား တွန်းလှန်ရေးအတွက် ပိုမိုလုပ်ဆောင်ရန် ယူနီဆက်ဖ်က အာဏာပိုင်များကို တိုက်တွန်းထားသည်။  

Most Read

Most Recent