ကလင်တန်နှင့် ထရန့်တို့ သဘောထား စစ်တမ်းများတွင် ထောက်ခံမှုများ မတိမ်းမယိမ်း ဖြစ်နေ

ကလင်တန်နှင့် ထရန့်တို့ သဘောထား စစ်တမ်းများတွင် ထောက်ခံမှုများ မတိမ်းမယိမ်း ဖြစ်နေ
Published 7 September 2016
Ref: AFP

အမေရိကန် သမ္မတလောင်း ဟီလာရီ ကလင်တန်နှင့် ဒေါ်နယ်ထရန့်တို့သည် အသစ်ထုတ်ပြန်ခဲ့သော သဘောထား စစ်တမ်းများတွင် ထောက်ခံမှု မတိမ်းမယိမ်း ရရှိနေချိန်၌ ၎င်းတို့နှစ်ဦးသည် စက်တင်ဘာ ၆ ရက်က ကဏ္ဍစုံများတွင် တစ်ဦးနှင့်တစ်ဦး ပြင်းပြင်းထန်ထန် ဝေဖန် တိုက်ခိုက်ခဲ့ကြသည်။ ယင်းသည် နိုဝင်ဘာ ၈ ရက် သမ္မတရွေးကောက်ပွဲ မတိုင်မီ သီတင်းပတ် ကိုးပတ်သာလိုသည့် အချိန်တွင် မဲဆန္ဒရှင်များ၏ ထောက်ခံမှုများ ရရှိနိုင်ရန် အပြိုင်အဆိုင် ကြိုးပမ်းနေကြချိန်၌ တစ်ဦးနှင့်တစ်ဦး ထိခိုက်အောင် ပြစ်တင် မောင်းမဲကြပြီး အပြန်အလှန် စွပ်စွဲမှုများကိုလည်း အဆက်မပြတ် ပြုလုပ်ခဲ့ကြသည်။CNN/ORC က ကောက်ယူခဲ့သော သဘောထား စစ်တမ်းသစ်တွင် ထရန့်သည် ထောက်ခံမှု ၄၅ ရာခိုင်နှုန်းဖြင့် ထောက်ခံမှု ၄၃ ရာခိုင်နှုန်း ရရှိခဲ့သော ကလင်တန်ကို အသာရခဲ့သည်။ NBC News က မဲပေးရန် မှတ်ပုံတင်ထားသူများကို မေးမြန်းထားသည့် စစ်တမ်း၌ ကလင်တန်က ထောက်ခံမှု ၄၈ ရာခိုင်နှုန်းဖြင့် ထရန့်ကို ခြောက်ရာခိုင်နှုန်း အသာရခဲ့ကြောင်း သိရသည်။ ပြည်နယ် ၅၀ ၌ ဝါရှင်တန်ပို့စ်က ကောက်ယူခဲ့သော စစ်တမ်းတွင်လည်း ကလင်တန်သည် ပြည်နယ်အလိုက် ကိုယ်စားပြုသည့် မဲပေးသူအဖွဲ့ များ၏ ထောက်ခံမှုကို ထရန့်ထက် ပို၍အခိုင်အမာ ရရှိထားပြီး အစဉ်အလာအားဖြင့် ရီပက်ဘလီကင်တို့ အားကောင်းသောပြည်နယ် အချို့တွင်ပါ ကလင်တန်က အသာရနေကြောင်း သိရသည်။ယင်းကဲ့သို့ သဘောထား စစ်တမ်းများတွင် ထောက်ခံမှု မတိမ်းမယိမ်း ဖြစ်နေသောကြောင့် swing states (ပါတီနှစ်ခုအကြား ထောက်ခံမှု အပြိုင်ဖြစ်နေပြီး သမ္မတ ရွေးကောက်ပွဲ ရလဒ်ကို ခြုံငုံဆုံးဖြတ်ရာတွင် အရေးကြီးသော ပြည်နယ်များ) က ပို၍ အရေးပါလာနေကြောင်း သိရသည်။ ကလင်တန်နှင့် ထရန့်တို့သည် သမ္မတလောင်း စကားစစ်ထိုးပွဲ သုံးကြိမ်၏ ပထမဆုံးအကြိမ်၌ ရင်ဆိုင်ရန် သီတင်းပတ်သုံးပတ်ပင် မလိုတော့ပေ။ပြီးခဲ့သော သီတင်းပတ်တွင် မက္ကဆီကိုသို့ မထင်မှတ်ဘဲ သွားရောက်စဉ် ထရန့်က နယ်စပ်၌ တံတိုင်းတည်ဆောက်ရန် ကုန်ကျစရိတ်ကို မက္ကဆီကိုက ပေးဆောင်ရန် တောင်းဆိုမှုသည် မအောင်မမြင်ဖြစ်ခဲ့ပြီးနောက် ထရန့်သည် မွန်းသွားခဲ့ကြောင်း ကလင်တန်က ဝေဖန်ခဲ့သည်။ ထရန့်ကမူ “ကျုပ် ဘာမှမဖြစ်ဘူး။ သူသာ မွန်းသွားတာ” ဟု ABC သို့ ဒေါသတကြီး ဝေဖန်ခဲ့သည်။သမ္မတဟောင်း ရစ်ချက်နစ်ဆင်နောက်ပိုင်း အဓိက သမ္မတလောင်း အားလုံးသည် ရွေးကောက်ပွဲမတိုင်မီ အခွန်ပိုငွေ ပြန်လည်ရရှိမှုကို ကြေညာခဲ့သော်လည်း ထရန့်က ယင်းကဲ့သို့ ကြေညာရန် ၎င်း၏ ပျက်ကွက်မှုသည် အမေရိကန်များအတွက် စိုးရိမ်စရာ မဟုတ်ကြောင်း ပြောကြားမှုသည် လုံးဝမှားယွင်းနေကြောင်း ကလင်တန်က ပြောကြားခဲ့သည်။  ထရန့်သည် ၎င်း၏ ပင်ကိုစရိုက်ကြောင့် သမ္မတ ရာထူးအတွက် သင့်လျော်မှုမရှိဟု ကလင်တန်က ထပ်တလဲလဲ စွပ်စွဲခဲ့သည်။ ဗာဂျီးနီးယားဘိချ်တွင် စစ်မှုထမ်းဟောင်းများနှင့် တွေ့ဆုံစဉ် ထရန့်က ကလင်တန်သည် ထိပ်တန်းသံတမန်နှင့် နိုင်ငံရေးသမားဖြစ်စဉ်က ထိရောက်မှုမရှိသူ ဖြစ်ခဲ့ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။အမေရိကန်တွင် အထောက်အထားမဲ့ နေထိုင်နေသည့် လူ ၁၁ သန်းအနက် အများအပြားကို နိုင်ငံသားပေးရန် လမ်းကြောင်းကို ကလင်တန်က လှုံ့ဆော်နေချိန်တွင် ထရန့်က ရွှေ့ပြောင်းအခြေချများကို ဟန့်တားရန် လိုလားနေသည်။

Most Read

Most Recent