ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တွင် နိုင်ငံခြားသားများ ဦးဆောင်ကာ ဖွဲ့စည်းခြင်းဖြင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်များကြောင့် သမိုင်းတရားခံ မဖြစ်စေရေး သတိပြုဆောင်ရွက်ရန် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေး

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တွင် နိုင်ငံခြားသားများ ဦးဆောင်ကာ ဖွဲ့စည်းခြင်းဖြင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်များကြောင့် သမိုင်းတရားခံ မဖြစ်စေရေး သတိပြုဆောင်ရွက်ရန် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေး
Published 6 September 2016
ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

အစိုးရအနေဖြင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တွင် နိုင်ငံခြားသားများ ဦးဆောင်ကာ ဖွဲ့စည်းခြင်းဖြင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်များကြောင့် သမိုင်းတရားခံ မဖြစ်စေရေး သတိပြုအလေးထား ဆောင်ရွက်ရန် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးပြောကြားခဲ့သည်။နေပြည်တော်တွင် စက်တင်ဘာ ၆ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ရခိုင်ပြည်နယ်၊ ပေါက်တောမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦအောင်ကျော်ဇံက “နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၏ (၂၄.၈.၂၀၁၆) နေ့ သတင်းထုတ်ပြန်ချက်အရ ဖွဲ့စည်းသွားမည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တွင် နိုင်ငံခြားသား သုံးဦး ပါဝင်နေခြင်းသည် မိမိနိုင်ငံ၏ ပြည်တွင်းရေးပြဿ နာကို နိုင်ငံတကာပြဿနာအဖြစ် ဖန်တီးရာ ရောက်စေပါသဖြင့် အဆိုပါ ကော်မရှင်တွင် ပြည်တွင်းမှ တတ်သိပညာရှင်များဖြင့်သာ ပါဝင်ဖွဲ့စည်းသင့်ကြောင်း နိုင်ငံတော်အစိုးရအား တိုက်တွန်းသည့် အရေးကြီးအဆိုနှင့် ပတ်သက်၍ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် လေးဦးက ဆွေးနွေးခဲ့သည်။တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး ထွန်းသန်းအုန်းက “၁၈၂၄ ခုနှစ် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲဖြစ်ပွားပြီးနောက် ဗြိတိသျှတို့ဟာ ရခိုင်ဒေသမှာ လယ်ကူလီ လုပ်ရန်အတွက် နယ်မြေချင်းထိစပ်နေတဲ့ ဘင်္ဂလားပြည်နယ် စစ်တကောင်းဒေသမှ ဘင်္ဂါလီတွေကို ခေါ်ယူခဲ့ပါတယ်။ ထိုကဲ့သို့ နှစ်စဉ် လယ်လုပ်ငန်းလုပ်ကိုင်ရန် လာရောက်ခဲ့ရာမှ မူရင်းဒေသသို့ မပြန်တော့ဘဲ တစ်စစအ ခြေချနေထိုင်မှုကြောင့် ဒေသခံတိုင်းရင်းသားများထက် လူဦးရေအဆမတန် များပြားခဲ့ပါတယ်။ ၎င်းတို့ဟာ ဒေသခံ ရခိုင်တိုင်းရင်းသားတို့နဲ့ ကိုးကွယ်သည့် ဘာသာ၊ စကား၊ စာပေယဉ်ကျေးမှု၊ လူမှုဓလေ့တို့မှာ လုံးဝတူညီမှုမရှိဘဲ သိသိသာသာ ကွဲပြားကြပါတယ်” ဟု ဆွေးနွေးပြောကြားသည်။“ဒေသခံ တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်နဲ့ အခွင့်အရေးကို ခိုင်မာစွာရပ်တည်ပြီး အပြည့်အ၀ ကာကွယ်ပေးရန်နှင့် မှန်ကန်သည့် သမိုင်းကြောင်းကို လျစ်လျူရှုခြင်း မပြုဘဲ ရခိုင်ပြည်နယ်ရဲ့အရေးကို နိုင်ငံတော်၏အရေး၊ အမျိုးသားအရေးအဖြစ် ခံယူပြီး ဝိုင်းဝန်းဖြေရှင်း ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ် လုံခြုံရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို တာဝန်ရှိသူများမှ မှန်ကန်မျှတစွာ ချင့်ချိန်သုံးသပ်ပြီး တိုင်းရင်းသားများအရေး နှင့် လူ့အခွင့်အရေးတွင် မည်သည့်ဘက်ကို အလေးထားသင့်သည်ကို အမျိုးသားရေး အသိဖြင့် မှန်ကန်စွာ စဉ်းစားဆောင်ရွက်ရန် လိုအပ်ပါတယ်။ ယခင် အစိုးရအဆက်ဆက် လက်ထက်တွင်လည်း ဘင်္ဂါလီများကို အသုံးချပြီး အစိုးရဖွဲ့နိုင်ရေး ဆောင်ရွက်ခဲ့ကြရာ သမိုင်းတရားခံအဖြစ် စွပ်စွဲပြစ်တင်မှုများ ရှိခဲ့ပါတယ်။ သို့ဖြစ်ပါ၍ လက်ရှိအစိုးရအနေနှင့်လည်း လူ့အခွင့်အရေးကို ရှေ့တန်းတင်ပြီး နိုင်ငံခြားသားများ ပါဝင်သည့် ကော်မရှင်ကို ဖွဲ့စည်းကာ ရခိုင်ပြည်နယ်အရေးကို ဘက်မလိုက်ဘဲ မှန်ကန်စွာဖြင့် အစီရင်ခံစာရေးသား တင်ပြနိုင်ခြင်းမရှိပါက ယခင်အစိုးရနည်းများတူ သမိုင်းတရားခံ ဖြစ်သွားမည်ကို သိရှိသုံးသပ်နိုင်ရန် သတိပေးဆွေးနွေးရင်း နိဂုံးချုပ်အပ်ပါတယ်” ဟု ဗိုလ်မှူးကြီးထွန်းသန်းအုန်းက ဆွေးနွေးခဲ့သည်။ထို့ပြင် တပ်မတော်သာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးမြင့်ဇော်က “ယခင်အစိုးရက ဖွဲ့စည်းခဲ့တဲ့ ကော်မရှင်ရဲ့ အကြံပြုချက်များကို လျစ်လျူရှုကာ ထပ်မံဖွဲ့စည်းလိုက်တဲ့ ကိုဖီအာနန် အပါအဝင် နိုင်ငံခြားသား သုံးဦးပါဝင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အနေဖြင့် မိမိတို့ နိုင်ငံရဲ့ ပြည်တွင်းရေးပြဿနာတစ်ခုကို နိုင်ငံတကာပြဿနာတစ်ခုဖြစ်လာအောင် ပုံကြီးချဲ့ဖန်တီးလိုက်သလိုဖြစ်သွားမှာကိုလည်း စိုးရိမ်ပါတယ်။ ဒါ့အပြင် ထွက်ပေါ်လာတဲ့ အစီရင်ခံစာအနေဖြင့်လည်း မိမိတို့နိုင်ငံအတွက် မလိုလားအပ်တဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ကြုံ တွေ့ရမှာကိုလည်း အထူးပင် စိုးရိမ်မိပါတယ်။ နိုင်ငံတကာက လက်ခံလာအောင် ယခုကဲ့သို့ ကော်မရှင်ကိုဖွဲ့စည်းခြင်းဟာ လက်ရှိအစိုးရအတွက် ကောင်းမွန်သောပုံရိပ်ကို ဖြစ်ပေါ်စေနိုင်သော်လည်း ကော်မရှင်ဖွဲ့စည်းမှုအပေါ်မှာ ပွင့်လင်းမြင်သာမှု မရှိတဲ့အတွက် ပြည်တွင်းမှာ ဝေဖန်မှုများနဲ့ ကြုံတွေ့နေရပါတယ်။ ထွက်ပေါ်လာမည့် အစီရင်ခံစာကလည်း ဘက်လိုက်မှုကင်းပြီး နိုင်ငံတကာစံနှုန်းများနဲ့ ကိုက်ညီအောင် ဆောင်ရွက်သည်ဟု ဆိုစေကာမူ နိုင်ငံတော်ရဲ့အကျိုးစီးပွားကို ကြည့်ရပါမယ်။ ဒေသခံတိုင်းရင်းသားများရဲ့ ရပ်တည်ချက် သဘောထားကိုလည်း ကြည့်ရပါမယ်။ အဲဒီအချက်တွေနဲ့ ဆန့်ကျင်နေခဲ့မယ်ဆိုရင်တော့ နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်ပေါ်လာနိုင်ပြီးတော့ မိမိတို့နိုင်ငံအတွင်းမှာ မတည်ငြိမ်မှုများ ဖြစ်တဲ့အထိ ဖြစ်ပေါ်လာနိုင်တယ် ဆိုတာကိုလည်း သတိပြုစေလိုပါတယ်” ဟု ဆွေးနွေးပြောကြားသည်။“ယခင် အစိုးရအဆက်ဆက်မှာလည်း ဘင်္ဂါလီကိစ္စနဲ့ စပ်လျဉ်း၍ ကိုင်တွယ်ဖြေရှင်းရာတွင် အားနည်းခဲ့တဲ့အတွက် သမိုင်းတရားခံအဖြစ် စွပ်စွဲပြစ်တင်မှုများ ရှိခဲ့ပါတယ်။ လက်ရှိ အစိုးရအသစ်အနေဖြင့်လည်း နိုင်ငံတကာက လက်ခံလာအောင် ရခိုင်ကော်မရှင်ကို နိုင်ငံခြားသားများ ဦးဆောင်ကာ ဖွဲ့စည်းခြင်းဖြင့် ဖြစ်ပေါ်လာမယ့် အကျိုးဆက်များကြောင့် သမိုင်းတရားခံ မဖြစ်စေရေး သတိပြုဆောင်ရွက်နိုင်ရန် သတိပေးရင်း ရခိုင်ပြည်နယ်အကြံပေးကော်မရှင် ဖွဲ့စည်းခြင်းကို သုံးသပ်ဆောင်ရွက်သင့်ပါတယ်” ဟု ဒုတိယဗိုလ်မှူးကြီးမြင့်ဇော်က ဆွေးနွေးခဲ့သည်။တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး ခင်မောင်ထွန်းက “ပြည်ပနိုင်ငံများမှာ ဒုက္ခသည်အဖြစ် ခံယူထားသူများရဲ့ ပင်ရင်းနိုင်ငံ၌ နောက်ခံအကြောင်းအရာ အပါအဝင် နိုင်ငံတကာဆက်သွယ်မှုကိုလည်း သုံးသပ်သွားမယ်လို့ ဖော်ပြထားတဲ့အတွက် ယခုလို နောက်ကြောင်းပြန် ဆောင်ရွက်ခြင်းဟာ အင်မတန် ကျယ်ပြန့်နက်ရှိုင်းပြီး ဘက်လိုက်မှုများ၊ ပြည်ပ ပယောဂများ၊ အဖျက်အမှောင့်များ မတည်ငြိမ်မှုများစတဲ့ ဘက်ပေါင်းစုံမှ ဆက်နွှယ်လာနိုင်ကြောင်း သတိပေး ဆွေးနွေးလိုပါတယ်။ အစီရင်ခံစာမှာ မိမိနိုင်ငံအကျိုးကို ထည့်သွင်းမစဉ်းစားဘဲ လူ့အခွင့်အရေးကို ဇောင်းပေးကာ ဒေသခံတိုင်းရင်းသားများရဲ့အရေးကို မျက်ကွယ်ပြုပြီး ၎င်းတို့ဖြစ်စေချင်တဲ့ အကြောင်းအရာများကိုသာ အမှန်အဖြစ် ယူဆအကြံပြုလာပါက ပြည်တွင်းရေးပြဿနာကို တရားနည်းလမ်းတကျ ဖြေရှင်းရာမရောက်ဘဲ နိုင်ငံတကာသို့ တိုင်အောင်လှုံ့ဆော် ဖန်တီးမှုမျိုးဖြစ်မှာကိုလည်း စိုးရိမ်မိပါတယ်။ ကော်မရှင်ရဲ့ လုပ်ငန်းတာဝန်များအရ ပြည်တွင်းပြည်ပ ကျွမ်းကျင်သူများ ပါဝင်ဆက်နွှယ်တဲ့ ပုဂ္ဂိုလ်များ၊ ပြည်ပရောက်ဒုက္ခသည်များနဲ့ စပ်လျဉ်းပြီး လေ့လာစမ်းစစ်ခြင်းများ ဆောင်ရွက်မှာဖြစ်လို့ နှစ်နဲ့ ချီသော ကာလအတွက် ပြည်တွင်းသုံးငွေနဲ့ နိုင်ငံခြားသုံးငွေများစွာ ကုန်ကျမှာဖြစ်ပါတယ်။ ဒီကုန်ကျစရိတ်များနဲ့ ပတ်သက်ပြီး နိုင်ငံတော်ဘဏ္ဍာမှ ကျခံနိုင်ခြင်း ရှိ၊ မရှိ။ အကယ်၍ ဒီကုန်ကျစရိတ်ကို ပြည်ပ အထောက်အပံ့နဲ့ ဆောင်ရွက်မယ်ဆိုရင် ဘက်လိုက်တဲ့ အဖွဲ့အစည်း၊ နိုင်ငံတို့က ကူညီထောက်ပံ့ခြင်းဖြစ်ပါက ထွက်ပေါ်လာမယ့်အစီရင်ခံစာဟာ တရားမျှတမှုကို အာမခံနိုင်ခြင်း ရှိ၊ မရှိ သံသယဖြစ်ဖွယ် ဖြစ်ပါကြောင်း တင်ပြလိုပါတယ်” ဟု  ဆွေးနွေးပြောကြားသည်။မိမိနိုင်ငံသား အသိပညာရှင်၊ အတတ်ပညာရှင်များဖြင့်သာ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ဖွဲ့စည်းဆောင်ရွက်သင့်ကြောင်း၊ အရေးကြီးအဆိုနှင့် ပတ်သက်ပြီး နိုင်ငံတော်အချုပ်အခြာအာဏာနှင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးအတွက် ပြည်သူလူထုအကျိုးကို ရှေးရှုပြီး စဉ်းစားဆောင်ရွက်ကြရန်နှင့် ဖြစ်ပေါ်လာမည့် ကောင်းကျိုးဆိုးကျိုးများသည် ပြည်သူလူထုကသာ အဓိက ခါးစည်းခံရမှာဖြစ်သည့်အတွက် နောင် သမိုင်းတရားခံ မဖြစ်စေရေး အလေးထား ဆောင်ရွက်ကြပါရန် ဗိုလ်မှူးကြီးခင်မောင်ထွန်းကလည်း တင်ပြဆွေးနွေးခဲ့သည်။ 

Most Read

Most Recent