'တွင်းမ'၏ သဘာ၀ အလှတရားများဆီသို့

'တွင်းမ'၏ သဘာ၀ အလှတရားများဆီသို့
Published 6 September 2016
သက်ထွန်းအောင်

ပင်လယ်ဆိုတာကို ကျွန်တော်တစ်ခေါက်ပဲ ရောက်ဖူးပါတယ်။ ရောက်ဖူးတဲ့နေရာက ချောင်းသာကမ်းခြေပါ။ ကျွန်တော် ဒီတစ်ခေါက် သွားမယ့်နေရာကတော့ Facebook ဓာတ်ပုံတွေထဲမှာ မကြာခဏဆိုသလို မြင်တွေ့နေရပြီး လူတချို့ အပန်းဖြေသွားရောက်နေကြတဲ့ ပင်လယ်ကမ်းခြေသဖွယ် နေရာလေးတစ်ခုကိုပါ။ အဲဒီနေရာလေးကတော့ စစ်ကိုင်းတိုင်းအတွင်းမှာရှိတဲ့ ပင်လယ်ကမ်းခြေသဖွယ် သာယာလှပသည့်အပြင် ပင်လယ်ကမ်းခြေမှာသကဲ့သို့ အုန်းစိမ်းရေပါ သောက်လို့ရတဲ့ တွင်းမလို့ခေါ်တဲ့ နေရာလေးဖြစ်ပါတယ်။
မုံရွာမြို့မှာနေတဲ့ အဒေါ်ဆီကို ရုံးပိတ်ရက်အလည်သွားရင်း အဲဒီနေရာလေးကိုသွားဖို့ ကျွန်တော်စိတ်ကူးရခဲ့ပါတယ်။ နောက်တစ်နေ့ တနင်္ဂနွေနံနက်ပိုင်း ၇ နာရီခွဲခန့်မှာပဲ အဒေါ်အိမ်ကနေ ဆိုင်ကယ်တစ်စီးနဲ့ မုံရွာမြို့အနောက်ဘက်ကို မောင်းနှင်လာခဲ့ပါတယ်။  ထွက်လာတဲ့အချိန်မှာ မိုးလည်းအုံ့တဲ့အပြင်၊ လမ်းဘေး တစ်ဖက်တစ်ချက်မှာရှိတဲ့ သစ်ပင်ကြီးတွေကြောင့် ဆိုင်ကယ်မောင်းနှင်ရာမှာ အေးအေးဆေးဆေး ရှိလှပါတယ်။ ချင်းတွင်းတံတား (မုံရွာ) ကိုဖြတ်ပြီး ကလေးဝသို့သွားရာ ကားလမ်းမကြီးအတိုင်း မောင်းနှင်လာရင်း ခဏအကြာမှာတော့ “လယ်ရှည်” ဆိုတဲ့ ဆိုင်းဘုတ်ရှိသော လမ်းချိုးအတိုင်း ဆိုင်ကယ်တွေ၊ ကားတွေက လမ်းညာဘက်ကို ချိုးကွေ့သွားတာကိုမြင်တော့ ကျွန်တော်လည်း ကွေ့ဝင်လိုက်မိပါတယ်။ ကျွန်တော်လည်း တစ်ခေါက်မှ မရောက်ဖူးတော့ လမ်းမှာတွေ့တဲ့ ရွာသားတစ်ဦးကိုမေးကြည့်လိုက်တော့ “ဒီလယ်ရှည်ရွာ အတိုင်းဝင်သွားလိုက်။ တော်တော်တော့ သွားရသေးတယ်” လို့ ပြောပြတော့ ကျွန်တော် လမ်းချိုးလိုက်တာ မှန်သွားပြီလို့ စိတ်ထဲမှာ တွေးလိုက်မိပါတယ်။
ရွာလမ်းတွေဟာ မြေနီလမ်းလည်းဖြစ်၊ နွားလှည်းတွေလည်း အသွားအလာများတဲ့အပြင် မိုးပါရွာထားတော့ လမ်းတွေဟာ တော်တော်လေး ပျက်စီးနေတာ တွေ့ရပါတယ်။ မုံရွာကနေ အချိန်တစ်နာရီခွဲခန့် မောင်းနှင်လာပြီးတဲ့နောက်မှာတော့ တောင်တွေဝန်းရံထားပြီး ဒယ်အိုးပုံစံအတွင်းထဲမှာ စိမ်းပြာနေတဲ့ ရေတွေနဲ့ အုန်းပင်တွေ အမြောက်အမြားကို အပေါ်စီးကနေ တွေ့မြင်ရပါတယ်။အဆင်းလမ်းက တော်တော်လေးကို မကောင်းပါဘူး။ လမ်းညွှန်ဆိုင်းဘုတ်တွေက “တွင်းမ အပန်းဖြေစခန်းသို့”  “တွင်းတောင် အပန်းဖြေစခန်းသို့” ၊“သဘာဝစိမ့်စမ်းရေ ချောင်းမှ ကြိုဆိုပါ၏” စတဲ့ ဆိုင်းဘုတ်တွေက ကြိုဆိုနေပါတယ်။ “တွင်းမ” ကိုရောက်ဖူးတဲ့ သူတွေပြောတဲ့အတိုင်း အရမ်းလှပတဲ့ရှုခင်းတွေ၊ စိမ်းစိုနေတဲ့သစ်ပင်တွေနဲ့ လှပနေတဲ့ “တွင်းမ” ရဲ့ ရေပြင်အလှတွေဟာ လာရောက်သူတွေရဲ့စိတ်ကို အမောပြေစေပါတယ်။
လမ်းညာဘက်ဘေးမှာတော့  အဏုဇီ၀ စိမ်းပြာရေညှိ ဆေးဝါးလုပ်ငန်းစက်ရုံ ရှိပါတယ်။ ကျွန်တော်လည်း ရောက်ရောက်ချင်း အရင်ဆုံးတွေ့တဲ့ မိုးကောင်းကင် စားသောက်ဆိုင်မှာ ဝင်ထိုင်ပြီး “တွင်းမ” အကြောင်း သိချင်တာနဲ့ စားသောက်ဆိုင်က အသက် ၆၂ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဦးဘော်ကျော့ကိုမေးကြည့်ပါတယ်။“ဒီတွင်းမက စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ တွင်းမရွာမှာရှိတာပါ။ ဦးတို့ဘိုးဘွား လက်ထက်ကတည်းကရှိနေတာ။ ဦးသိရသလောက် မီးတောင်လို့လည်းပြောကြတယ်။ ဒီအင်းထဲမှာ ငါးတွေတော့မရှိဘူး။ စိမ်းပြာရေညှိရယ်၊ တွင်းပိုးတွေရယ် ရှိတယ်” လို့ ပြောပြပါတယ်။“တွင်းမ” ဟုခေါ်သော ဒေသအတွင်းမှာ အိမ်ခြေ ၇၀ ကျော်ရှိပြီး လူဦးရေ ၃၅၀ ဝန်းကျင်ရှိပါတယ်။ အုန်းပင်၊ ငှက်ပျောပင်၊ သနပ်ခါးပင်၊ ကွမ်းပင်များစိုက်ပျိုးကြပြီး လက်မှုလုပ်ငန်းအဖြစ် အုန်းလက်ဖြင့် တံမြက်စည်းလုပ်သည့် လုပ်ငန်းမှာ လူကြီးများသာမက ကလေးများပါ လုပ်တတ်ကြောင်းကို ဦးဘော်ကျော့က ပြောပြပါတယ်။“ဒီတွင်းမက လူတွေသိလာတာက ဒီနှစ် ဇန်နဝါရီလမှာ စသိလာတာပါ။ Facebook ကနေပျံ့နှံ့ပြီး သိလာတာပါ။ ဆိုင်တွေကလည်း အခုဆိုရင် ၁၆ ဆိုင်နီးပါး ရှိလာတယ်။ စားသောက်စရာတွေက အုန်းရေ၊ တွင်းပိုးကြော်တွေနဲ့ တခြား စားသောက်စရာတွေ မျိုးစုံရပါတယ်။ ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်တွေနဲ့ အခါကြီးရက်တွေဆိုရင် မိသားစုလိုက်၊ သူငယ်ချင်း အုပ်စုလိုက်မျိုးတွေ လာရောက် လည်ပတ်အပန်းဖြေကြတယ်” လို့ ဦးဘော်ကျော့က ဆက်ပြောပြပါတယ်။ရေပြင်ပေါ်မှာ စက်လှေတွေစီးလို့ရပြီး စီးခအနေနဲ့ စက်လှေတစ်စင်းကို ကျပ် ၃၀၀၀ ပေးရပြီး ခြောက်ယောက် ခုနစ်ယောက်ဆိုရင်တော့ တစ်ယောက်ကို ကျပ် ၅၀၀ သာပေးရကြောင်း သိရပါတယ်။ ရေပြင်ကိုစက်လှေနဲ့ လှည့်ပတ်ရာတွင် ဘေးပတ်လည်မှသာ မောင်းနှင်ပေးတာ တွေ့ရပါတယ်။တွင်းမရွာအတွင်းကိုတော့ ပတ်ကြည့်ချင်ရင်  ဆိုင်ကယ်နဲ့သာသွားလို့ရပြီး ကားနဲ့သွားလို့ မရပါဘူး။ ပတ်ပတ်လည် ရေကမ်းစပ်နားမှာတော့ စားသောက်ဆိုင်တွေကို တွေ့ရပါတယ်။တွင်းအကျယ်မှာ ဧက ၄၀၀ ရှိပြီး ရေခါးအင်း (တွင်းမ) ရဲ့ အလယ်အနက်မှာ ပေ ၁၂၀၀၊ ရေအင်းအကျယ်အဝင်း ဧက ၁၅၀ ရှိပြီး စိမ်းပြာရေညှိစက်ရုံ ရပ်နားထားသည်မှာ လေးနှစ်ဝန်းကျင် ရှိပြီဖြစ်ကြောင်း စားသောက်ဆိုင်တစ်ဆိုင်ရဲ့ ဆိုင်ပိုင်ရှင်ဖြစ်သူ အသက် ၆၇ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်ခင်ပိုင်ထံမှ သိရပါတယ်။“ဒီရေတွေက ရေငန် ရေခါးဖြစ်တယ်။ အရင်နှစ် ၂၀ က ရန်ကုန်ကနေလာတဲ့ ရေတိုင်းအဖွဲ့ တိုင်းတာချက်အရ ရေအနက် ပေ ၂၀ အောက်မှာ ရေချိုရှိတယ်ဆိုပြီး ပြောပြသွားတယ်။ ရေအစပ်နားမှာ နှစ်ပေလောက်တူးရင် ရေချိုတွေထွက်တယ်။ အရင်က ပင်လယ်မှာ ဆူနာမီဖြစ်တုန်းကဆိုရင် ဒီမှာလာပြီး သက်ရောက်မှုဖြစ်တယ်။ ပင်လယ်ရေပြင်နဲ့ ထိစပ်နေတယ်လို့လည်း သူတို့က ပြောပြသွားပါတယ်”  လို့ ဒေါ်ခင်ပိုင်က ပြောပြပါတယ်။အင်းအတွင်းမှာ ရေဝင်ရောက်မှုအနေနဲ့ မိုးရာသီရောက်လျှင် တောင်ကျရေအပြင် တောင်ကြားကနေစိမ့်ထွက်နေတဲ့ ရေချို ချောင်းလေးတစ်ချောင်းဟာ အဆက်မပြတ် အင်းထဲကို စီးဆင်းနေကြောင်း သိရပါတယ်။ ရေထွက်ပေါက်လည်းမရှိ ရေခန်းခြောက်မှု လည်းမရှိကြောင်းနဲ့ မိုးရာသီရေတက်လာလျှင်လည်း နှစ်ပေ သုံးပေလောက်သာတက်ပြီး မကြာမီ အရင်ရေပြင်အတိုင်းဖြစ်သွားကြောင်း ရွာသားများထံမှ သိခဲ့ရပါတယ်။ကျွန်တော်လည်း ဆိုင်ကယ်တစ်စီးနဲ့ တွင်းမပတ်ပတ်လည်ကို ဓာတ်ပုံရိုက်၊ မေးစရာ ရှိတာတွေအားလုံးမေးပြီးတာနဲ့ ပြန်လာခဲ့ပါတယ်။ အပြန်ခရီးမှာတော့ ဆိုင်ကယ်စီးရင်း သာယာလှပပြီး သဘာဝပင်လယ်သဖွယ် ဖြစ်နေတဲ့ “တွင်းမ” ပုံရိပ်တွေဟာ ပင်လယ်ငယ်တစ်ခုလိုပင် ကျွန်တော့်အတွေးထဲမှာ ပြန်လည်မြင်ယောင်နေမိပါတော့တယ်။

Most Read

Most Recent