ဟောင်ကောင် ရွေးကောက်ပွဲတွင် တရုတ်ဆန့်ကျင်သည့် လူငယ်တက်ကြွ လှုပ်ရှားသူများ အနိုင်ရ

ဟောင်ကောင် ရွေးကောက်ပွဲတွင် တရုတ်ဆန့်ကျင်သည့် လူငယ်တက်ကြွ လှုပ်ရှားသူများ အနိုင်ရ
Published 5 September 2016

ဟောင်ကောင်ကို တရုတ်မှခွဲထွက်မှုအတွက် လှုံ့ဆော်သော လူငယ်မျိုးဆက်သစ် နိုင်ငံရေး သမားများသည် ၂၀၁၄ ခုနှစ်က ဒီမိုကရေစီ လိုလားသည့် ကြီးမားသော ဆန္ဒပြမှုအပြီး ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် စက်တင်ဘာ ၅ ရက်၌ ပထမဆုံးအကြိမ် အနိုင်ရခဲ့ကြောင်း သိရသည်။
တရုတ်၏ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟောင်ကောင်တွင် တရုတ်က နိုင်ငံရေးမှသည် ပညာရေးနှင့် မီဒီယာများအထိ ချုပ်ကိုင်မှု တိုးမြှင့်လာခြင်းကို စိုးရိမ်မှုမြင့်တက်လာနေစဉ် ဟောင်ကောင်တစ်ဝန်း ကျင်းပခဲ့သော ဥပဒေပြုရွေးကောက်ပွဲ၌ လူ ၂ ဒသမ ၂ သန်းအထိ စံချိန်တင် မဲလာပေးခဲ့ကြသည်။
ရလဒ်များ ထုတ်ပြန်နေဆဲဖြစ်ပြီး တရုတ်ထံမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တိုးမြှင့်ရရှိရန်အတွက် တောင်းဆိုသည့် လူငယ်နိုင်ငံရေးသမား လေးဦးသည် အမတ်နေရာ အနိုင်ရခဲ့ပြီး နောက်ထပ ်တစ်ဦးသည်လည်း အနိုင်ရရန် အခြေအနေ ကောင်းနေကြောင်း သိရသည်။ အနိုင်ရခဲ့သူများတွင် ၂၀၁၄ ခုနှစ်က ထင်ရှားသော ထီးလှုပ်ရှားမှု၌ ခေါင်းဆောင်တစ်ဦး ဖြစ်သူ အသက် ၂၃ နှစ်ရှိ နသန်လော ပါဝင် ခဲ့ပြီး ၎င်း၏မဲဆန္ဒနယ်တွင် ပေကျင်းလိုလားသော ကိုယ်စားလှယ်လောင်းနောက် ဒုတိယနေရာ၌ ရပ်တည်နိုင်ခဲ့သည်။ လောနှင့် ၎င်း၏ပါတီသစ် Demosisto က တရုတ်ထံမှ ဟောင်ကောင် လွတ်လပ်ရေးအတွက် ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပရန် တောင်းဆိုခဲ့ပြီး ဟောင်ကောင်သားများသည် တရုတ်မှ ခွဲထွက် မထွက်ကို ကိုယ်ပိုင်ရွေးချယ်ခွင့် ရှိသင့်ကြောင်း အလေးပေး ပြောကြားခဲ့သည်။
“ဟောင်ကောင်သားတွေက အပြောင်းအလဲကို အမှန်တကယ် လိုလားခဲ့တယ်” ဟု လောက ပြောကြားခဲ့သည်။ “လူငယ်တွေကလည်း အနာဂတ်နဲ့ ပတ်သက်လာရင် အရေးတကြီး လုပ်ဆောင်ရမယ်ဆိုတဲ့ အမြင်ရှိတယ်” ဟု ၎င်းက ဆိုသည်။ တရုတ်ထံမှ ဟောင်ကောင်လွတ်လပ်ရေး ရရှိနိုင်ရန်အတွက် ဖြစ်နိုင်ခြေရှိသော စိတ်ကူးရှိသူများနှင့် ယင်းကိစ္စရပ်ကို ရှောင်လွဲှလိုသူများဟူ၍ ဟောင်ကောင်ဒီမိုကရေစီ လိုလားသည့် လှုပ်ရှားမှုအကြား သဘောထား ကွဲပြားနေမှုများကို ညီညွတ်မှု ရရှိအောင် ၎င်းက ကြိုးပမ်းသွားမည်ဖြစ်ကြောင်း လောက ဆိုသည်။ “(တရုတ်) ကွန်မြူနစ်ပါတီကို ဆန့်ကျင်ဖို့ ကျွန်တော်တို့တွေ ညီညွတ်နေမှရမယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ဟောင်ကောင် ရွေးကောက်ပွဲတွင် လွတ်လပ်ရေးကို အလွန်အမင်း လိုလားသည့် ကိုယ်စားလှယ် လောင်းများအား ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခဲ့မှုကြောင့် ဒေါသထွက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့သည်။ ဟောင်ကောင်က လွတ်လပ်ရေးအတွက် ကြိုးပမ်းမှုသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မညီညွတ်ဟု တရုတ်နှင့် ဟောင်ကောင် အာဏာပိုင်များက ထပ်တလဲလဲ ပယ်ချခဲ့သည်။ ယခုရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် Youngspiration ပါတီသစ်မှ ယောင်ဝေချင်းက ဟောင်ကောင်သည် ၎င်း၏အချုပ်အခြာ အာဏာအတွက် ဆွေးနွေးခွင့်ရှိသည်ဟု ပြောကြားခဲ့သည်။ ဟောင်ကောင်လွတ်လပ်ရေးကို ပွင့်ပွင့်လင်းလင်း ထောက်ခံသော ယင်းပါတီမှပင် နောက်ထပ်ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်သည့် Baggio Leung ကလည်း အနိုင်ရရန် အခြေအနေ ကောင်းနေသည်။
ဟောင်ကောင် ဒီမိုကရေစီ လိုလားသော ဝါရင့်နိုင်ငံရေးသမား အများစုက လွတ်လပ်ရေးအတွက် ကြိုးပမ်းမှုကို မထောက်ခံကြသဖြင့် ယင်းရွေးကောက်ပွဲတွင် မဲကွဲမှုများ ဖြစ်ပေါ်ပြီး နောက်ဆုံး၌ ဒီမိုကရေစီ လိုလားသူများအကြား အလုံးစုံ ဆုံးရှုံးမှု ဖြစ်ပေါ်မည်ကို စိုးရိမ်မှု ရှိနေသည်။
Ref : AFP

Most Read

Most Recent