မီးလောင်မှုကြီး နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ထိုခေတ်က လန်ဒန်ပုံစံတူကို မီးရှို့

မီးလောင်မှုကြီး နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ထိုခေတ်က လန်ဒန်ပုံစံတူကို မီးရှို့
Published 5 September 2016
Ref: AFP

လန်ဒန်မီးလောင်မှုကြီး နှစ်ပေါင်း ၃၅၀ ပြည့် အထိမ်းအမှတ်အဖြစ် စက်တင်ဘာ ၄ ရက်တွင် သိမ်းမြစ်ပေါ်၌ ၁၇ ရာစု လန်ဒန်မြို့အတိုင်း ပြုလုပ်ထားသည့် ဧရာမ သစ်သားပုံစံတူကို မီးရှို့ခဲ့ကြောင်း သိရသည်။ အဆိုပါ မီးလောင်မှုကြီးသည် ခေတ်သစ် လန်ဒန်မြို့ ဖြစ်ပေါ်လာအောင် တည်ဆောက်ရေးအတွက် လမ်းခင်းပေးခဲ့ခြင်း ဖြစ်သည်။မီတာ ၁၂၀ (၃၉၄ ပေ) အရှည်ရှိသော သစ်သားပုံစံတူကို မီးရှို့သည့်အချိန်၌ သိမ်းမြစ်တစ်လျှောက် လာရောက်ကြည့်ရှုသူများနှင့် စည်ကားခဲ့သည်။လာရောက်ကြည့်ရှုသူများသည် ရေပေါ်တွင် ပေါလောမျောနေသော ပုံစံတူ အဆောက်အအုံများကို မီးလောင်နေသည့်အချိန်၌ ၎င်းတို့၏ စမတ်ဖုန်းများဖြင့် ဓာတ်ပုံ ရိုက်ကူးခြင်း ပြုလုပ်ကြသည်။၁၆၆၆ ခုနှစ် စက်တင်ဘာ ၂ ရက်က ရှိခဲ့သည့် လန်ဒန်မြို့ပုံစံတူကို မီးရှို့မှုအား အမေရိကန်အနုပညာရှင် ဒေးဗစ်ဘက်စ်က ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အွန်လိုင်းတွင် တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့သည်။လန်ဒန်မီးလောင်မှုကြီးသည် ပူဒင်းလမ်းရှိ သောမက်ဖာရင်နာမုန့်ဆိုင်မှ စတင်ခဲ့ပြီး စက်တင်ဘာ ၅ ရက်အထိ လောင်ကျွမ်းကာ သစ်သားအိမ် အများစုဖြစ်သော လန်ဒန်မြို့၏ အဆောက်အအုံ ရာခိုင်နှုန်း ၈၀ ကို ဖျက်ဆီးခဲ့သည်။အဆိုပါ မီးလောင်မှုကြီးကြောင့် လန်ဒန်မြို့နေလူဦးရေ ၈၀,၀၀၀ အနက် ၇၀,၀၀၀ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ မီးငြိမ်းသွားသည့် အချိန်၌ နေအိမ်ပေါင်း ၁၃,၂၀၀၊ ခရစ်ယာန် ဘုရားကျောင်း ၈၇ ခုနှင့် စိန့်ပေါလ်ခရစ်ယာန် ဘုရားကျောင်းကြီးတို့ ပျက်စီးသွားခဲ့သည်။မီးခိုးရောင် ပို့တလန်ကျောက်တုံးများဖြင့် တည်ဆောက်ထားသည့် အင်္ဂလိပ် ဘာရော့ဗိသုကာ လက်ရာများက အမှတ်သင်္ကေတဖြစ်လာသော ယနေ့ခေတ်လန်ဒန်ကို သစ်သားအိမ်များနှင့် မြို့တော်၏ ပြာပုံများမှနေ၍ ပြန်လည် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ယင်းကဲ့သို့ တည်ဆောက်ရာတွင် အိမ်ခြံမြေ ပိုင်ဆိုင်ခွင့်များကို လေးစားလိုက်နာပြီး မူရင်းလမ်းပုံစံကို ထိန်းသိမ်းထားခဲ့သည်။လန်ဒန်မြို့၏ ပြန်လည် တည်ဆောက်နိုင်စွမ်းနှင့် တိုးတက်အောင် ပြုလုပ်နိုင်စွမ်းကို ဂုဏ်ပြုသည့် နှစ်ပတ်လည် အခမ်းအနား အထိမ်းအမှတ်အဖြစ် ပိုမိုကျယ်ပြန့်သော အထိမ်းအမှတ် အခမ်းအနားများစွာအား စက်တင်ဘာ ၄ ရက်က ကျင်းပခဲ့ရာတွင် ယင်းကဲ့သို့ လန်ဒန်ပုံစံတူကို မီးရှို့ခြင်းသည် အထိမ်းအမှတ် အခမ်းအနားတစ်ရပ် ဖြစ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent