ဂျီ-၂၀ ခေါင်းဆောင်များ ကမ္ဘာ့စီးပွားရေး အကြောင်းအရာကို ကိုင်တွယ်နေစဉ် ဆီးရီးယားဆွေးနွေးပွဲ ဝင်ရောက်လာ

ဂျီ-၂၀ ခေါင်းဆောင်များ ကမ္ဘာ့စီးပွားရေး အကြောင်းအရာကို ကိုင်တွယ်နေစဉ် ဆီးရီးယားဆွေးနွေးပွဲ ဝင်ရောက်လာ
Published 5 September 2016
Ref: AFP

စက်တင်ဘာ ၅ ရက်တွင် ဂျီ-၂၀ ခေါင်းဆောင်များသည် ကမ္ဘာ့စီးပွားရေးကို ပြန်လည်မြှင့်တင်ရန် ဖိအားများအောက်၌ တွေ့ဆုံခဲ့ကြသော်လည်း ဟန်ကျိုးမြို့၌ ပြုလုပ်သည့် ထိပ်သီးဆွေးနွေးပွဲတွင် ဆီးရီးယား အပစ်အခတ် ရပ်စဲရေးအတွက် တွန်းအားပေးရန် ကိစ္စနှင့် အာရှတိုက်၏ အပူတပြင်း အနေအထား ဖြစ်လာသော ပိုင်နက်အငြင်းပွားမှု ကိစ္စများက ကြားဖြတ် ဝင်ရောက်လာခဲ့သည်။အမေရိကန်က ရုရှားနှင့် သဘောတူညီချက် တစ်ရပ်ရရှိရန် နီးကပ်နေပြီဟု ပြောကြားခဲ့ပြီးနောက် ဆီးရီးယား ပဋိပက္ခနှင့် ပတ်သက်၍ အောင်မြင်မှုရရှိရန် မျှော်လင့်ချက်များ ဖြစ်ပေါ်လာခဲ့သည်။ သို့သော် ရုရှားသည် နောက်ပြန်ဆွဲနေသည်ဟူသော စွပ်စွဲမှုနှင့်အတူ ကသောကမျော ပြုလုပ်ရသည့် သံတမန်နည်းလမ်းသည် မအောင်မြင်မှုဖြင့်သာ အဆုံးသတ်သွားခဲ့သည်။ထိပ်သီးဆွေးနွေးပွဲ၏ ဘေးဆွယ်ဆွေးနွေးပွဲအဖြစ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ရော့ဗ်တို့ နှစ်ကြိမ်တိုင်တိုင် ဆွေးနွေးခဲ့သော်လည်း ညှိမရသည့် ကွဲပြား ခြားနားချက်များ ရှိနေသေးကြောင်း အမေရိကန် တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။စက်တင်ဘာ ၅ ရက်တွင် အမေရိကန် သမ္မတ ဘာရက်အိုဘားမားနှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့သည်လည်း တွေ့ဆုံခဲ့ကြသည်။ သို့သော် အမေရိကန်နှင့် ရုရှားတို့က ကွဲပြားခြားနားသည့် ဘက်များကို ထောက်ပံ့ခဲ့သော ငါးနှစ်ကြာ ဆီးရီးယားပြည်တွင်းစစ်နှင့် ပတ်သက်၍ သဘောတူညီမှုကို ရှာဖွေနိုင်ရန် အနေအထားနှင့် ဝေးကွာနေဆဲဖြစ်သည်။ဖွံ့ဖြိုးပြီး အင်အားကြီးထွားလာသော ဂျီ-၂၀ အုပ်စုသည် ယခုနှစ်တွင် တရုတ်နိုင်ငံ အရှေ့ပိုင်းရှိ ရှုခင်းကြွယ်ဝသောမြို့၌ စုဝေးခဲ့ကြခြင်း ဖြစ်သည်။ ထိပ်သီးဆွေးနွေးပွဲ ကျင်းပရာ ဟန်ကျိုးမြို့သည် ယခုအခါ လုံခြုံရေး ဆောင်ရွက်ချက်များကြောင့် လူသူကင်းရှင်းလျက် ရှိသည်။ ဂျီ-၂၀ နိုင်ငံများသည် ကမ္ဘာ့ဂျီဒီပီ၏ ၈၅ ရာခိုင်နှုန်းနှင့် ကမ္ဘာ့လူဦးရေ၏ သုံးပုံနှစ်ပုံကို ကိုယ်စားပြုသည်။တရုတ်သမ္မတ ရှီကျင်ပင်းက ဂလိုဘယ်လိုက်ဇေးရှင်းနှင့် လွတ်လပ်စွာ ကုန်သွယ်မှုကို ခြိမ်းခြောက်နေသော ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒ မြင့်တက်လာမှုကို ထိပ်တိုက် ရင်ဆိုင်ရန်နှင့် အပြောသက်သက် ဆွေးနွေးပွဲများကို ရှောင်ရှားရန် ဂျီ-၂၀ ခေါင်းဆောင်များကို တောင်းဆိုခဲ့သည်။ကျွမ်းကျင်ပညာရှင်များက လူကြိုက်များရေး သဘောထား မြင့်တက်လာမှုကို အာခံရန်နှင့် ကုန်သွယ်ရေးကို လစ်ဘရယ်ပြုရေး ကဲ့သို့သော ခက်ခဲသည့် ခြေလှမ်းများလှမ်းရန် ခေါင်းဆောင်များကို တွန်းအားပေးသည့် လတ်တလော အကျပ်အတည်းများ မရှိခြင်းနှင့်အတူ ယခုတွေ့ဆုံမှုသည် မျှော်လင့်ထား သကဲ့သို့ အကောင်အထည်ပေါ်လာခြင်း မရှိမည်ကို စိုးရိမ်နေကြသည်။ယခုထိပ်သီးဆွေးနွေးပွဲကို တရုတ်က သူ၏ ကမ္ဘာကို ဦးဆောင်နိုင်သော စွမ်းရည်ကို ပြသနိုင်မှုတစ်ရပ်ဟု တရုတ်က ရှုမြင်နေသော်လည်း တရုတ်ကို ပတ်လည်ဝိုင်းနေသည့် ပထဝီနိုင်ငံရေး အင်အားစုများနှင့် ပတ်သက်၍ သတိပေးနေသည့် စိတ်သောကများစွာလည်း ရှိနေသည်။မြောက်ကိုရီးယားသည် ရေငုပ်သင်္ဘောမှနေ၍ ထိပ်ဖူးတပ်ဒုံးကျည် ပစ်ခတ်မှုတစ်ရပ်ကို စမ်းသပ်ခဲ့ပြီးနောက် သီတင်းနှစ်ပတ်ခန့်အကြာ စက်တင်ဘာ ၅ ရက်မှာပင် သူ၏ နောက်ဆုံးအင်အားပြမှုအဖြစ် အရှေ့ကမ်းရိုးတန်းတွင် ထိပ်ဖူးတပ် ဒုံးကျည်သုံးစင်းကို ပစ်လွှတ်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာသည်။တရုတ်သည် မြောက်ကိုရီးယားနိုင်ငံအား အဓိက ထောက်ပံ့ကူညီသူနှင့် ကာကွယ်ပေးသူဖြစ်သော်လည်း အရှေ့အာရှတစ်လွှားနှင့် ယင်းဒေသတွင်းကို ကျော်လွန်လျက် တင်းမာမှုများ မြင့်တက်စေသည့် မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်ဆိုင်ရာ ရည်မှန်းချက်များကို ထိန်းချုပ်နိုင်စွမ်းမရှိ၊ သို့မဟုတ် ထိန်းချုပ်လိုခြင်း မရှိကြောင်း တွေ့ရှိရသည်။

Most Read

Most Recent