ပါတီအကြောင်း Facebook ပေါ် တင်သဖြင့် ပါတီစည်းကမ်းနှင့် မညီညွတ်ဟုဆိုကာ တောင်ကြီးခရိုင် NLD ဥက္ကဋ္ဌ ဦးတင်မောင်တိုးအား NLD ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ရာထူးမှ ဖယ်ရှားခဲ့ဟု သိရ

ပါတီအကြောင်း Facebook ပေါ် တင်သဖြင့် ပါတီစည်းကမ်းနှင့် မညီညွတ်ဟုဆိုကာ တောင်ကြီးခရိုင် NLD ဥက္ကဋ္ဌ ဦးတင်မောင်တိုးအား NLD ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ရာထူးမှ ဖယ်ရှားခဲ့ဟု သိရ
Published 5 September 2016

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးတင်မောင်တိုးအား ပါတီအကြောင်း Facebook ပေါ် တင်သည်ဟုဆိုကာ စက်တင်ဘာ ၄ ရက်တွင် NLD ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ရာထူးမှ ဖယ်လိုက်သည်ဟု သိရသည်။ရှမ်းပြည်နယ်အတွင်းရှိ လစ်လပ်လျက်ရှိသော ရာထူးနေရာများ အစားထိုး ခန့်ထားနိုင်ရေးအတွက် ရှမ်းပြည်နယ် အလုပ်အမှုဆောင် ကော်မတီ ဖွဲ့စည်းရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်သည် စက်တင်ဘာ ၃ ရက် ညနေက တောင်ကြီးမြို့သို့ ရောက်ရှိနေချိန်တွင် ယင်းကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။စက်တင်ဘာ ၃ ရက်က ရှမ်းပြည်နယ် ဝန်ကြီးတစ်ဦး၏ နေအိမ်တွင် ဦးဝင်းထိန်နှင့် ပါတီဝင်များ ဓာတ်ပုံရိုက်ပြီး Facebook ပေါ် တင်ခဲ့ရာ ဦးတင်မောင်တိုးက အဆိုပါ ဓာတ်ပုံကို မြင်တွေ့ခဲ့ပြီး ၎င်း၏ Facebook တွင် “ပါတီနေရာကို ငွေပေးပြီး ဝယ်ယူလို့ ရကြောင်း” စသည့် စာသားများ ရေးသားခဲ့သဖြင့် စက်တင်ဘာ ၄ ရက် နံနက် ၉ နာရီတွင် ပြုလုပ်သည့် ပါတီဝင်များ တွေ့ဆုံပွဲ၌ ရာထူးမှ ဖယ်ရှားခံခဲ့ရခြင်း ဖြစ်သည်။ဦးတင်မောင်တိုးအား ပါတီစည်းကမ်းနှင့် ညီညွတ်ခြင်း မရှိဘဲ ပြောဆိုခဲ့သဖြင့် ရာထူးဖြုတ်ကာ အရေးယူခဲ့ခြင်းဖြစ်ကြောင်း သိရပြီး စည်းကမ်းထိန်းသိမ်းရေး အဖွဲ့နှင့် စိစစ်ခြင်း မပြုဘဲ ဦးဝင်းထိန်မှ နှုတ်မိန့်ဖြင့် ဖယ်ရှားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ထို့ပြင် ရှမ်းပြည်နယ် NLD ဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုး၊ အလုပ်အမှုဆောင် အတွင်းရေးမှူး ဒေါ်ယူမီမီဇော်၊ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ခေါင်းဆောင် ဒေါ်မီးမီး အပါအဝင် ပြည်နယ်ဗဟို အလုပ်အမှုဆောင် ငါးဦးတိ့ု ရာထူးမှ ထုတ်ပယ်ခံခဲ့ရပြီး အလုပ်အမှုဆောင် အဖွဲ့သစ်ကို ပြန်လည်၍ ပြောင်းလဲဖွဲ့စည်းရန် လုပ်ဆောင်မှုများ ရှိခဲ့သည်။ ယင်းကဲ့သို့ အလုပ်အမှုဆောင်သစ် ပြန်လည်ရွေးချယ်မည့်အပေါ် တောင်ကြီးခရိုင် NLD ဥက္ကဋ္ဌ ဦးတင်မောင်တိုးက လက်မခံဘဲ ကန့်ကွက်သည့် အနေဖြင့် လူမှုကွန်ရက်တွင် ဝေဖန်ရေးသားခဲ့မှုကြောင့် ရာထူးမှ ဖယ်ရှားခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။“ပါတီမှာ အသစ်ဖွဲ့ဖို့ ညွှန်ကြားချက် မရှိဘူး။ CEC အလုပ်အမှုဆောင်အဖွဲ့ရဲ့ ညွှန်ကြားမှုက အစားထိုး လစ်လပ် ဖြည့်တင်းဖို့ပဲ ရှိတယ်။ ဒါကို ပြည်နယ်ဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုးကလည်း ဗဟိုကို တင်ထားပြီးသား။ ဒါကို စာတစ်ရွက်မှ မပါလာဘဲနဲ့ ပြည်နယ်အလုပ်အမှုဆောင်အသစ် ပြန်ရွေးမယ်ဆိုတော့ လက်မခံနိုင်ဘူး။ အာဏာရ နိုင်ငံရေးပါတီ ဖြစ်နေပြီလေ။ ကလေးကစားသလို လုပ်နေလို့ မရဘူး။ အဲဒါပြောလို့ ကျွန်တော့်ကို ပါတီက ထုတ်တယ်။ လက်ခံတယ် ထုတ်။ ဒါပေမဲ့ ဘာအပြစ် ရှိသလဲဆိုတာ စည်းကမ်းထိန်းသိမ်းရေးနဲ့ စစ်ဆေး။ စစ်ဆေး အဖြေရှာပြီးတော့မှ ထုတ်။ ပြည်သူတွေအတွက် လုပ်တာလား၊ နေရာရချင်လို့ လုပ်တာလား။ ရတယ် ကျွန်တော်တို့ကို ထုတ်လိုက် ဘာမှ မဖြစ်ဘူး။ ကျွန်တော်တို့က ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်လို့ လုပ်လာတာ နှစ်ပေါင်း ၂၆ နှစ်ကျော်ပြီ။ အခုလို CEC က စည်းမျဉ်းစည်းကမ်း မညီညွတ်ဘဲ အလုပ်အမှုဆောင် ဖွဲ့မယ်ဆိုတာ လုံး၀ လက်မခံပါဘူး။ ဘာလို့လဲဆိုတော့ CEC က ငွေပေးဝယ်လို့ ရတယ်။ နိုင်ငံရေးသမိုင်းကို ငွေပေးဝယ်လို့ မရဘူးလို့ ရေးလိုက်တာ အဲဒါကြောင့် ထုတ်တယ်တဲ့” ဟု တောင်ကြီးခရိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးတင်မောင်တိုးက ပြောကြားသည်။ဦးတင်မောင်တိုးအား ရာထူးမှ ထုတ်ပယ်ခဲ့ခြင်းနှင့် ပတ်သက်ပြီး ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က “နှုတ်မိန့် မဟုတ်ဘူး။ Facebook မှာ ပိုက်ဆံရှိရင် CEC လုပ်လို့ ရတယ်ဆိုပြီးတော့ CEC ကို စော်ကားတဲ့ စကား။ ဒီမှာ လွတ်လွတ်လပ်လပ် ပြောလို့ရတယ်။ တချို့ ကောင်မလေးတွေ ကက်ကက်လန်အောင် ပြန်ပြောတာပဲ။ ဒီမိုကရေစီနည်းအရ အဲဒီလို မပြောဘဲ Facebook တင်လိုက်လို့၊ ပါတီစည်းကမ်းနဲ့ မညီညွတ်လို့။ ဒီကိစ္စ ပြတ်ပြတ်သားသားလုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည်ဆီက အမိန့် ရထားပြီးသား။ ဒါကြောင့် လုပ်လိုက်တာ” ဟု ဆိုသည်။နမ့်စန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးနေဇော်နိုင်ကမူ Facebook ပေါ်တွင် ရေးသားခဲ့သော ကိစ္စတစ်ခုကြောင့် ထုတ်ပယ်ခံရခြင်းမှာ ပြည်နယ်အတွင်းရှိ ပြည်သူများအတွက် လက်ခံနိုင်စရာ မဟုတ်ကြောင်းနှင့် ဦးတင်မောင်တိုး၏ သမိုင်းကြောင်းနှင့် လုပ်ကိုင်ခဲ့သည့် သက်တမ်းအရ ယင်းကဲ့သို့ ယတိပြတ် ဖယ်ရှားခံလိုက်ရခြင်းမှာ မိမိအနေဖြင့် လက်ခံနိုင်ဖွယ် မရှိကြောင်း ပြောကြားသည်။ ဦးတင်မောင်တိုးက စက်တင်ဘာ ၃ ရက် ညပိုင်း၌ ၎င်း၏ Facebook စာမျက်နှာပေါ်တွင် “နိုင်ငံရေးမှာ CEC မရှိဘူး။ သမိုင်းပဲ ရှိတယ်။ CEC က ဝယ်လို့ရတယ်။ နိုင်ငံရေး သမိုင်းက ဝယ်လို့မရဘူး။ ဒီလောက်ပဲ ပြောပါရစေ” ဟု လည်းကောင်း၊ “ရူးလို့ မိုက်လို့ နိုင်ငံရေး လုပ်နေတာလို့ စွပ်စွဲရင်လည်း ထောင်သက် ၁၀ စုနှစ် ကျော်ခဲ့ပြီ၊ အခွင့်အရေး လိုချင်လို့ နိုင်ငံရေး လုပ်တာလို့ စွပ်စွဲရင်လည်း လိုချင်ရင် သန်း ၁၀၀၀ မက၊ ခင်ဗျား ဘာလိုချင်တာလဲ ဆိုရင် သန်းပေါင်းများစွာသော တိုင်းရင်းသား ပြည်သူတွေရဲ့ တန်းတူညီမျှတဲ့ လူ့အခွင့်အရေး၊ ရိုးရာယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်နိုင်ခွင့် ရရှိရေးနဲ့ ကိုယ်ပိုင်နယ်နိမိတ် ပြဋ္ဌာန်းနိုင်ရေးကို လိုချင်တာပါ။ ပြည်နယ်တောင်းတာကတော့ မတော်လောဘလို့ပဲ ပြောပါရစေ။ ဒီလို rush hour မှာ ဟိုလူကြီးက ရှမ်းပြည်ကို ဘာလာလုပ်တာလဲဗျ။ ရှမ်း NLD တွေ သွေးမကြောင်တာတော့ ခင်ဗျား သိမှာပါ။ မနက်ဖြန် တွေ့ကြမယ်လေ” ဟု ဝေဖန်ရေးသားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ယင်းကိစ္စနှင့် ပတ်သက်ပြီး စက်တင်ဘာ ၄ ရက် ည ၇ နာရီခန့်က ရှမ်းပြည်နယ် NLD ဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုးအား ဆက်သွယ်ပြီး ပြည်နယ် အလုပ်အမှုဆောင်များ နုတ်ထွက်ခြင်း အကြောင်းကို မေးမြန်းရာ “ကိုတင်မောင်တိုးကိုတော့ နှုတ်မိန့်နဲ့ ထုတ်တာပေါ့နော်။ သူတို့ တကယ် ဦးတည်တာက ပြည်နယ်ဥက္ကဋ္ဌ ကျွန်မ ဒေါ်ခင်မိုးမိုးနဲ့ ပြည်နယ်အတွင်းရေးမှူး ဒေါ်ယူမီမီဇော် နေရာမှာ သူတို့ ထည့်ချင်တဲ့ သူကို ထည့်ချင်တာ။ အဲဒီ အချိန်မှာ ကိုတင်မောင်တိုးက ဝင်ကြမ်းလိုက်တော့ ကိုတင်မောင်တိုးက ပါသွားတယ်။ အဲဒီနောက်မှာ ကျွန်မနဲ့ မမီးမီးတို့က အောင်နိုင်ရေးမှာ မကူညီဘူး။ လူမှုရေး အလုပ်တွေ လုပ်နေတယ်ပေါ့လေ၊။ လူမှုရေး အလုပ်တွေ လုပ်နေလို့ ပြည်နယ် အမှုဆောင်ကို ဖြုတ်တယ်ဆိုတာက ဘယ်လိုဖြစ်မှာလဲ။ ဒေါ်မီးမီးကလည်း အသက်ကြီးလို့လား ဘာလား မသိ တိတိကျကျ မဟုတ်ဘူး။ ဒေါ်မီးမီးတို့လည်း ရှိတယ်လေ။ နေ့လယ်ကပေါ့။ ဒါကို ဦးဝင်းထိန်က ရန်ကုန်ရောက်ရင် ပြန်သုံးသပ်ဦးမယ်။ အစားထိုးတာလည်း မလုပ်ဖြစ်။ ထုတ် မထုတ် ဆိုတာလည်း မသေချာသွားတော့ဘူး။ အဖြေက နောက်ဆုံးမှာ ဒီလို ဖြစ်သွားတယ်လေ” ဟု ပြောကြားသည်။တောင်ကြီးမြို့နယ် NLD ဥက္ကဋ္ဌ ဦးသန်းလွင်ကလည်း “ဒီအချိန်မှာ အောင့်အီးသည်းခံ ထားရတာတွေတော့ အများကြီးရှိတယ်။ လူသိရှင်ကြား မလုပ်ချင်ဘူး။ မူအတိုင်း လုပ်ပါဆိုတာ လစ်လပ်တာကို အစားထိုးပြီး ရွေးလိုက်ပါ။ ဒါကိုပဲ လိုချင်တာ။ တစ်ခုလုံး ဖျက်ဆီးလိုက်မယ်၊ ပြည်နယ် အစားထိုး အသစ်ရွေးလိုက်မယ် ဆိုရင် ကျွန်တော်တို့ပါတီ ကြောင်းကျိုး မဖြစ်ပေါ်စေနိုင်ပါဘူး။ ပြိုကွဲသွားနိုင်ပါတယ်။ ဒါပဲ ပြောချင်ပါတယ်” ဟု ပြောကြားသည်။တောင်ကြီးခရိုင်ဥက္ကဋ္ဌ ဦးတင်မောင်တိုးမှာ ၁၉၈၈ အရေးတော်ပုံတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့မှ ပါဝင် လှုပ်ရှားခဲ့သဖြင့် ဖမ်းဆီးခြင်းခံခဲ့ရကာ မန္တလေးအိုးဘို အကျဉ်းထောင်တွင် ထောင်ဒဏ် ခုနစ်နှစ်ကျော် ကျခံခဲ့ရသည်။ ၎င်းသည် ပြီးခဲ့သည့် ရွေးကောက်ပွဲ၌ ရှမ်းပြည်နယ် ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ထားခဲ့သူလည်း ဖြစ်သည်။ ဦးတင်မောင်တိုးအား ယင်းကဲ့သို့ ရာထူး ဖယ်ရှားလိုက်ခြင်းအပေါ် ရှမ်းပြည်နယ်တောင်ပိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင်များက ကျေနပ်ခြင်း မရှိသဖြင့် ကန့်ကွက်ကြောင်း လက်မှတ်ရေးထိုးကာ ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြသွားမည်ဟု သိရသည်။

Most Read

Most Recent