ဖွဲ့စည်းပုံ အခြေခံဥပဒေပြဿနာ မဖြေရှင်းနိုင်သရွေ့ မြန်မာနိုင်ငံ အနေဖြင့် ပြဿနာများ ပြီးဆုံးမည်မဟုတ်ဟု SNLD ပါတီ တွဲဖက်အတွင်းရေးမှူး (၂) ဦးစိုင်းကျော်ညွန့် ပြောကြား

ဖွဲ့စည်းပုံ အခြေခံဥပဒေပြဿနာ မဖြေရှင်းနိုင်သရွေ့ မြန်မာနိုင်ငံ အနေဖြင့် ပြဿနာများ ပြီးဆုံးမည်မဟုတ်ဟု SNLD ပါတီ တွဲဖက်အတွင်းရေးမှူး (၂) ဦးစိုင်းကျော်ညွန့် ပြောကြား
Published 4 September 2016
စိုးမင်းထိုက်

ဖွဲ့စည်းပုံအခြေခံ ဥပဒေပြဿနာ မဖြေရှင်းနိုင်သရွေ့ မြန်မာနိုင်ငံအနေဖြင့် ပြဿနာများ ပြီးဆုံးမည် မဟုတ်ဟု SNLD ပါတီ တွဲဖက်အတွင်းရေးမှူး (၂) ဦးစိုင်းကျော်ညွန့်က ပြောကြားခဲ့သည်။
စက်တင်ဘာ ၃ ရက်က ပြုလုပ်ခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ ပထမအကြိမ် အစည်းအဝေး အပြီးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် မီဒီယာများအား ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဦးစိုင်းကျော်ညွန့်က “မြန်မာနိုင်ငံရဲ့ အခုဖြစ်နေတဲ့ ပြဿနာက ဘာလဲဆိုတော့ Constitutiional Problem ပဲ။ တပ်မတော်က တင်ပြတာကတော့ အားလုံးလည်း ကြားတဲ့အတိုင်းပဲ။၂၀၀၈ အခြေခံဥပဒေ အပေါ်မှာပဲ တည်မှီပြီးတော့ ပြောသွားတာရှိတယ်။ နောက်ဆုံးပြောရရင် ဒီညီလာခံကြီးတောင်မှ ဘယ်အောက်မှာပဲ ဆွေးနွေးရမလဲဆိုတော့ ပြင်ဆင်နိုင်ဖို့အတွက် ၄၃၆ အောက်မှာပဲ သွားတယ်ဆိုတဲ့ ပုံစံအထိ ပြောထားတာရှိတယ်။ ဒါက အစွန်းတစ်ဖက်ပါ။ နောက်တစ်ခုကတော့ ကျွန်တော်တို့ ၁၉၄၇ ခုနှစ်မှာ နိုင်ငံတော်စတည်ခဲ့တဲ့ ခေတ်သစ်မြန်မာနိုင်ငံ ဖြစ်ပေါ်ခဲ့တဲ့ ပင်လုံစာချုပ်။ အဲဒီစာချုပ်မရှိရင် မြန်မာနိုင်ငံ မရှိပါဘူး။ ဒါကဒီနိုင်ငံတည်ခဲ့တဲ့ စာချုပ်။ တိုင်းရင်းသားတွေအားလုံး ပြောတာက ဒီအပေါ်မှာပဲ တည်မှီပြီးတော့ အခြေခံပြီးတော့ပြော တာရှိတယ်။ အဲဒီတော့ ဒါကိုအစွန်းတစ်ခုလို့ ပြောမယ်ဆိုရင်လည်း မှားကောင်း မှားလိမ့်မယ်။ စဉ်းစားကြည့်ရင်တော့ လက်ရှိနဲ့အရင်ပေါ့။ ဒါကို ဘယ်လို စေ့စပ်ညှိနှိုင်းမလဲ ဆိုတာက အဖြေဖြစ်တယ်။ ဒါဆိုရင် ၂၀၀၈ အခြေခံဥပဒေကို တရားသေ ကိုင်တွယ်ထားပါတယ်ဆိုတဲ့ အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များကလည်း လွှတ်ချလိုက်။ ဟိုဘက်ကလည်း ငါးနယ်ပေါ့လေ။ အခုက ခုနစ်တိုင်း၊ ခုနစ် ပြည်နယ်ဖြစ်နေပြီ။ အဲဒီတော့ ဒီနှစ်ခုကြားထဲမှာ ချိန်ခွင်လျှာ ဘယ်လိုပြန်လည် ညှိနှိုင်းနိုင်မလဲဆိုတဲ့ ကိစ္စဖြစ်တယ်။ ဒါကိုလုပ်ချင်စိတ် မရှိသရွေ့တော့ ကျွန်တော်တို့နိုင်ငံက ဘယ်တော့မှ မပြီးသေးဘူး” ဟု ပြောကြားသည်။
ဆက်လက်၍ “ဘာလို့ ဖွဲ့စည်းပုံ ပြဿနာလို့ ပြောလဲဆိုတော့ ၁၉၄၇ မှာ ကတိတွေရှိခဲ့တယ်။ စာချုပ်တွေရှိခဲ့တယ်။ အဲဒီမှာရှိခဲ့တဲ့ ကတိတွေ၊ စာချုပ်တွေကို ပြန်လည် ဖော်ဆောင်တဲ့ အပိုင်းမှာက  ဖဆပလ ညီလာခံမှာ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင ်တင်သွင်းခဲ့တဲ့ ဖွဲ့စည်းပုံရှိခဲ့တယ်။ ဒါပေမဲ့ ၁၉၄၈ မှာ အတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံနဲ့မတူဘူး။ ဗိုလ်ချုပ်နဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ လုပ်ကြံခံခဲ့ရတယ်။ အဲဒီနောက် အတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံကိုက တိုင်းရင်းသားတွေ လိုချင်တဲ့ပုံစံ မဟုတ်ခဲ့တော့ဘူး။ ၁၉၆၂ ခုနှစ်မှာတော့ ဖွဲ့စည်းပုံ ပြဿနာကြောင့်ပဲ စစ်တပ်က အာဏာသိမ်းခဲ့တယ်” ဟု ပြောကြားသည်။
၂၀၀၈ ဖွဲ့စည်းပုံကို ကိုင်တွယ်နေသည့် သူများကမူ လက်ရှိဖွဲ့စည်းပုံသည် ဖက်ဒရယ်ဖြစ်သည်ဟု ပြောကြောင်း၊ သို့ရာတွင် မည်သည့် ဖက်ဒရယ်တွင်မှ  ရွေးကောက်ခံမဟုတ်သူ မရှိကြောင်း၊ ရွေးကောက်ခံမဟုတ်သည့် ၂၅ ရာခိုင်နှုန်း ရှိနေသည့် ဖက်ဒရယ်မှာ ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံက ပထမဆုံး ဖြစ်မည်ထင်ကြောင်း၊ ရွေးကောက်ခံစရာ မလိုဘဲရှိသည့် တပ်မတော်က ယခုကဲ့သို့ပုံစံ ရှိနေခြင်းသည် လွန်စွာထူးခြားသည့် နိုင်ငံဟု ပြော၍ရကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
“အဲဒါကြောင့် Constitutional Problem ကို မဖြေရှင်းနိုင်သရွေ့ ဘယ်တော့မှ မပြီးဆုံးပါဘူး။ လွတ်လပ်ရေးနဲ့အတူ ရယူခဲ့တဲ့ Constitution ကို ကောင်းမွန်စွာ မလုပ်ခဲ့နိုင်တဲ့ အတွက်ကြောင့် အခုထက်ထိ ဖြစ်နေတဲ့ ပြဿနာတွေ အများကြီး ရှိပါတယ်” ဟု  ဆက်လက် ပြောကြားခဲ့သည်။
၂၁ ရာစု ပင်လုံညီလာခံ ပူးတွဲကျင်းပရေး ကော်မတီမှ ဦးဇော်ဌေးက “အခုဖြစ်နေတာက ပြင်မလား၊ ဖျက်မလားဆိုတဲ့ ပြဿနာပါ။ ပြင်-သစ် ပြဿနာပါ။ ဒါကလည်း နိုင်ငံရေး ဆွေးနွေးပွဲတွေကနေ အဖြေရှာမှာပါ။ အခုအချိန်မှာ အသစ်ရေးမယ်။ ပြင်မယ်လို့ ပြောနေလည်း ဒါကတစ်ဦးချင်း သဘောထားပဲဖြစ်မယ်။ ကျွန်တော်လည်း လုပ်လို့မရဘူး။ အစိုးရလည်း ပြောလို့မရဘူး။ လွှတ်တော်လည်း ပြောလို့မရဘူး။ EAO လည်း ပြောလို့မရဘူး။ အဲဒီစားပွဲဝိုင်းက ထွက်လာတဲ့ အပေါ်မှာ အားလုံးညှိနှိုင်း သဘောတူတဲ့ဟာ ပြင်မလား၊ ဖျက်မလား၊ ပြင်-သစ်လား ဆိုတာ အဲဒီမှာ ရှင်းသွားမှာပါ” ဟု ပြောကြားသည်။        

Most Read

Most Recent