၂၁ ရာစု ပင်လုံညီလာခံ၌ တင်သွင်းရန် စီစဉ်ခဲ့သည့် ‘ဝ’ လက်နက်ကိုင်အဖွဲ့ (UWSP/UWSA) ၏ စာတမ်းတွင် အခန်းကဏ္ဍ ၁၅ ခုဖြင့် နိုင်ငံရေး အသေးစိတ် တောင်းဆိုချက်များ ပါဝင်

၂၁ ရာစု ပင်လုံညီလာခံ၌ တင်သွင်းရန် စီစဉ်ခဲ့သည့် ‘ဝ’ လက်နက်ကိုင်အဖွဲ့ (UWSP/UWSA) ၏ စာတမ်းတွင် အခန်းကဏ္ဍ ၁၅ ခုဖြင့် နိုင်ငံရေး အသေးစိတ် တောင်းဆိုချက်များ ပါဝင်
Published 4 September 2016
ကျော်ဇင်ဝင်း

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ အစည်းအဝေး၌ တင်သွင်းရန် စီစဉ်ခဲ့သည့် ‘ဝ’ လက်နက်ကိုင် အဖွဲ့ဖြစ်သည့် (UWSP/UWSA) ၏ ဗဟိုပေါ်လစ်ဗျူရိုကော်မတီ၏ စာတမ်းတွင် အခန်းကဏ္ဍ ၁၅ ခုဖြင့် နိုင်ငံရေး အသေးစိတ် တောင်းဆိုချက်များ ပါဝင်သည်။
UWSP/UWSA အဖွဲ့မှ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံသို့ တက်ရောက်နေသော ကိုယ်စားလှယ်အဖွဲ့သည် ညီလာခံဒုတိယနေ့တွင် ၎င်းတို့အား ညီလာခံတက်ရောက်ရန် ဖိတ်ကြားထားမှုမှာ တန်းတူညီမျှမှုမရှိသည့် အတွက်ဟုဆိုကာ ညီလာခံမှ ထွက်ခွာသွားသဖြင့် ၎င်းတို့အဖွဲ့က စာတမ်းတင်သွင်းရန် အစီအစဉ် ပါဝင်သော်လည်း စာတမ်းအား ဖတ်ကြားတင်သွင်း နိုင်ခဲ့ခြင်းမရှိပေ။
၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဟု သတ်မှတ်ထားသော်လည်း UWSP/UWSA ၏ စာတမ်းတွင် ‘‘ဝ’’ ပြည်နယ်၏ အထွေထွေမူဝါဒနှင့် အသေးစိတ် တောင်းဆိုချက်များဟု ဖော်ပြထားသည်။
အဆိုပါစာတမ်းတွင် ပြည်ထောင်စုအစိုးရနှင့် ‘‘ဝ’’ ပြည်နယ် တို့ ‘‘အဆင့်သုံးဆင့် ငြိမ်းချမ်းရေးစာချုပ်’’ ၏ ‘‘ပြည်နယ်အဆင့် ငြိမ်းချမ်းစာချုပ်’’ နှင့် ‘‘ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးစာချုပ်’’ လက်မှတ်ရေးထိုးပြီးနောက် ပြည်ထောင်စု အစိုးရ၊ တပ်မတော်နှင့် ၁၉၈၉ ခုနှစ် ကစ၍ ရရှိသောငြိမ်းချမ်းရေးကို အခြေခံပြီး နှစ်ပေါင်းများစွာ ငြိမ်းချမ်းရေးကို ဆက်လက်ရရှိခဲ့ကြောင်း၊ ‘‘အဆင့်သုံးဆင့် ငြိမ်းချမ်းရေးစာချုပ်’’ သည် ‘‘ဝ’’ ပြည်နယ်နှင့် ပြည်ထောင်စုအစိုးရနှင့် တပ်မတော်တို့အကြား အလွန်ထိရောက်မှုရှိသော သင့်လျော်သော စာချုပ်ဖြစ်သည်ဟု လက်တွေ့တွင် သက်သေထူနေကြောင်း၊ ဤ ‘‘အဆင့်သုံးဆင့် ငြိမ်းချမ်းရေးစာချုပ်’’ မူဘောင်အောက်တွင် နောင်ဆက်လာမည့် နှစ်ဖက်နိုင်ငံရေး ငြိမ်းချမ်းရေး စာချုပ်ဆွေးနွေးပွဲကို ဆက်လက်တက်လှမ်းရန် စွဲကိုင်ထိန်းသိမ်း ထားကြောင်း ရေးသားထားသည်။
ပြည်ထောင်စု မြန်မာနိုင်ငံသစ်၏ တည်ထောင်သောမူဝါဒကို ဖော်ဆောင်ရန်အတွက် နိုင်ငံရေးငြိမ်းချမ်းရေး စာချုပ်သည် ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေအား ပြင်ဆင်ခြင်း (သို့မဟုတ်) ပြန်လည်ရေးဆွဲခြင်းနှင့် သက်ဆိုင်ကြောင်း၊ အခြေခံဥပဒေကို ပြင်ဆင်သည်ဖြစ်စေ၊ ပြန်လည်ရေးဆွဲသည်ဖြစ်စေ အခန်းကဏ္ဍ ၁၅ ခုအပေါ် ဘက်စုံတရားမျှတစွာ အကောင်အထည်ဖော်ရန် တောင်းဆိုကြောင်း ၎င်းတို့စာတမ်းတွင် ပါရှိသည်။
အဆိုပါ တောင်းဆိုချက် အခန်းကဏ္ဍ ၁၅ ခုမှာ နိုင်ငံတော် ဖွဲ့စည်းပုံစနစ်ဆိုင်ရာကိစ္စ၊ ပြည်ထောင်စုသမ္မတ တာဝန်ကို ထမ်းဆောင်သော အရည်အချင်းပုဒ်မ ဆိုင်ရာကိစ္စ၊ လွှတ်တော်၏ လွှတ်တော်အမတ်နေရာ ခွဲဝေမှုဆိုင်ရာကိစ္စ၊ ပြည်ထောင်စု တပ်မတော်ကို အစိုးရအုပ်ချုပ်မှုအောက်တွင် ထားရှိရေးကိစ္စ၊ တိုင်းရင်းသား တန်းတူညီမျှရေး မူဝါဒဆိုင်ရာကိစ္စ၊ ဥပဒေပြုပိုင်ခွင့်ကိစ္စ၊ တရားစီရင်ခွင့်ကိစ္စ၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်ပိုင်ခွင့်ကိစ္စ၊ ဘဏ္ဍာအခွန်နှင့် ငွေကြေးရေးရာ ကိစ္စ၊ သယံဇာတတူးဖော် အသုံးချခြင်းကိစ္စ၊ ဒေသန္တရနယ်စပ်ရေးရာ ကိစ္စ၊ ဒေသန္တရနယ်စပ်ရေးရာ လုံခြုံရေးကိစ္စ၊ အခွန်နှင့် ကူးစက်ရောဂါ စစ်ဆေးကာကွယ် ထိန်းချုပ်ရေးကဏ္ဍ၊ တိုင်းရင်းသားတပ်ဖွဲ့ကိစ္စ၊ လူမှုရေးရာကဏ္ဍတို့ဖြစ်ပြီး ကဏ္ဍတစ်ခုချင်းစီအလိုက် အသေးစိတ် တောင်းဆိုချက်များ ပါဝင်သည်။
ယင်းတောင်းဆိုချက်များ အနက် တိုင်းရင်းသား တန်းတူညီမျှရေး မူဝါဒဆိုင်ရာ ခေါင်းစဉ်အောက်တွင် အချို့သော တိုင်းရင်းသားများသည် ဗမာတိုင်းရင်းသားနှင့် မိမိတို့အတွက် တန်းတူညီမျှခွင့် တောင်းဆိုနေသည့် တစ်ပြိုင်တည်းတွင် မိမိတို့ ဒေသတွင်း၌ မိမိတို့လူမျိုးစု၏ အသာရသည့် အင်အားဖြင့် ဒေသ တွင်းရှိ အခြားတိုင်းရင်းသားငယ်များ၏ တန်းတူခံစားခွင့် တောင်းဆိုမှုများကိုဖိနှိပ်ခြင်း၊ အသိအမှတ်မပြု ခြင်းများကို လုပ်ဆောင်နေကြောင်း၊ ဒေသတွင်း လူမျိုးကြီးဝါဒသည်လည်း ပင်လုံစိတ်ဓာတ်နှင့် ကိုက်ညီခြင်း မရှိကြောင်း၊ လူမျိုးကြီးဝါဒကို အခြေခံဥပဒေမှ လုံးဝရှင်းထုတ်ရ မည်ဖြစ်ကြောင်းနှင့် အကယ်၍ တိုင်း ရင်းသားချင်း တန်းတူညီမျှခွင့်ရှိသည်ဟု ဆိုပါလျှင် တိုင်းရင်းသားလူ မျိုးစုတစ်စု၏ အခွင့်အရေး တောင်းဆိုမှုသည် အခြားလူမျိုးစု တစ်စု၏ သဘောတူခြင်း၊ ကန့်ကွက်ခြင်းအပေါ် တည်မှီခြင်း မရှိသင့်ဘဲ သို့မဟုတ်ပါက တိုင်းရင်းသား တန်းတူညီမျှခြင်း မရှိခြင်းပင်ဖြစ်ကြောင်း ရေးသားထားသည်။
ထို့အတူ စာတမ်း၌ တူညီသော ဒေသတစ်ခုအတွင်း တူညီသောလူမျိုးစု တစ်စု၏ လူဦးရေသည် တစ်သိန်းရှိလျှင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ ်လည်းကောင်း၊ လူဦးရေ နှစ်သိန်းရှိလျှင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအဖြစ် လည်းကောင်း၊ လူဦးရေ သုံးသိန်းရှိလျှင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဖြစ် လည်းကောင်း လျှောက်ထားနိုင်သည်ဟု ခံယူကြောင်း တောင်းဆိုရေးသားထားသည်။
အလားတူ အားနည်းသော လူနည်းစု တိုင်းရင်းသားများကို ဗဟိုပြည်ထောင်စု အစိုးရက ပိုမိုထိရောက် ကောင်းမွန်စွာ စောင့်ရှောက်နိုင်ရန်အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတို့ကို ၎င်းတည်ရှိနေသော တိုင်းနှင့် ပြည်နယ်မှ စိုးမိုးအုပ်ချုပ်မှုအောက်တွင် မရှိစေဘဲ ဗဟိုပြည်ထောင်စု အစိုးရက တိုက်ရိုက်အုပ်ချုပ်မှု အောက်တွင်ထားရှိပြီး ပိုမိုဖွံ့ဖြိုးအောင် ဆောင်ရွက်သွားသင့်သည်ဟု အကြံပြုကြောင်း၊ နယ်မြေထိစပ်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ တိုင်းများ အနေဖြင့် သဘောတူညီချက်အရ လူမျိုးစုပေါင်းစုံ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်တစ်ခုအဖြစ် ထူထောင်ရန် လျှောက်ထားလျှင်လည်း အကြွင်းမဲ့ ထောက်ခံကြောင်းနှင့် လူမျိုးစုငယ်နှင့် လူဦးရေ နှစ်သောင်းအောက်သာရှိသည့် လူမျိုးစုများအတွက် အမျိုးသားဘာသာ ဓလေ့ထုံးတမ်းများကို ထိန်းသိမ်းခြင်းကို ဦးတည်သည့် သီးခြားမြို့နယ် ထူထောင်ရန် ဖြစ်ကြောင်း UWSP/UWSA ၏ စာတမ်းတွင် အကြံပြုချက်များ ပါရှိသည်။
ထို့ပြင် အိမ်နီးချင်းနိုင်ငံနှင့် နယ်မြေဆက်စပ်သည့် တိုင်းရင်းသား ပြည်နယ်ဒေသ၏ ပြည်ပဆက်ခံခွင့်ဆိုင်ရာ ခေါင်းစဉ်အောက်တွင် အစိုးရကချုပ်ဆိုထားသော နိုင်ငံတကာ စာချုပ်စာတမ်းများကို ပြည်ထောင်စုအစိုးရ အနေဖြင့် တိုင်းရင်းသား ပြည်နယ်ဒေသ၏ လိုအပ်မှု ပေါ်မူတည်ပြီး တိုင်းရင်းသား ပြည်နယ်လွှတ်တော် (သို့မဟုတ်) အစိုးရ၏ သဘောထားကို မေးမြန်းပြီးလျှင် တိုင်းရင်းသား ပြည်နယ်ဒေသ အတွက် သင့်လျော်မှုရှိ၊ မရှိဆုံးဖြတ်ရန် ဖြစ်ကြောင်း၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရမှ တိုင်းရင်းသား ပြည်နယ်သို့ အာဏာလွှဲအပ်ချက်အရ ဥပဒေနှင့်အညီ တိုင်းရင်းသား ပြည်နယ်တွင် ထာဝရနေခွင့် မှတ်ပုံတင်လက်မှတ် ကိုင်ဆောင်သူ မြန်မာနိုင်ငံသားအား မြန်မာနိုင်ငံ တိုင်းရင်းသားပြည်နယ် နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်ကို ထုတ်ပေးနိုင်ကြောင်း၊ ထိုလက်မှတ်သည် ပြည်ထောင်စု မြန်မာနိုင်ငံ၏ ပြည်မနှင့် အိမ်နီးချင်း နိုင်ငံများသို့ ဝင်ရောက်ရန် တရားဝင်သည့်အပြင် လက်မှတ်ကိုင်ဆောင်သူသည် မူလတိုင်းရင်းသားပြည်နယ်သို့ ပြန်လည် ဝင်ရောက်ခွင့်ရှိကြောင်း ရေးသားထားရမည်ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံများနှင့် ဒေသအသီးသီးများမှ လူပုဂ္ဂိုလ်များ၏ ဒေသတွင်း ဝင်ရောက်ခွင့်၊ နေထိုင်ခွင့်၊ ထွက်ခွာခွင့်ကို တိုင်းရင်းသားပြည်နယ်မှ စီရင်ပိုင်ခွင့်ရှိကြောင်း စာတမ်း၌ ရေးသားထားသည်။
အလားတူစာတမ်း၌ ပြည်ထောင်စုအစိုးရမှ ကူညီ၍ (သို့မဟုတ်) အာဏာလွှဲအပ်၍ တိုင်းရင်းသားပြည်နယ် အစိုးရက အိမ်နီးချင်း နိုင်ငံနှင့် အပြန်အလှန် ဗီဇာမဲ့စာချုပ်ကို ဆွေးနွေးညှိနှိုင်း ချုပ်ဆိုနိုင်ကြောင်းနှင့် နိုင်ငံရေး ငြိမ်းချမ်းရေးစာချုပ် မချုပ်နိုင်သေးမီ ပြည်ထောင်စုအစိုးရနှင့် အိမ်နီးချင်းနိုင်ငံများအကြား ချုပ်ဆိုပြီးသော သက်ဆိုင်ရာ ဒေသများ၏ ပြင်ပဆက်ဆံရေး စာချုပ်တွင် တိုင်းရင်းသား ပြည်နယ်နှင့် သက်ဆိုင်သော အသေးစိတ်မူဝါဒ စာချုပ်များကို ပြည်ထောင်စုအစိုးရမှ တိုင်းရင်းသားပြည်နယ် အစိုးရသို့  အာဏာလွှဲအပ်ပေးပြီး ဖော်ဆောင်သွားရန် ဖြစ်ကြောင်း တောင်းဆိုထားသည်။