၂၁ ရာစုပင်လုံ အစည်းအဝေးမှ ထွက်ခွာလာခြင်းသည် ညီလာခံအား ကန့်ကွက်ခြင်း မဟုတ်ဘဲ အစီအစဉ်၏ တရားမျှတမှုနှင့် ပွင့်လင်းမြင်သာမှု မရှိခြင်းကြောင့်ဖြစ်ကြောင်း ‘ဝ’ အဖွဲ့ ထုတ်ပြန်

၂၁ ရာစုပင်လုံ အစည်းအဝေးမှ ထွက်ခွာလာခြင်းသည် ညီလာခံအား ကန့်ကွက်ခြင်း မဟုတ်ဘဲ အစီအစဉ်၏ တရားမျှတမှုနှင့် ပွင့်လင်းမြင်သာမှု မရှိခြင်းကြောင့်ဖြစ်ကြောင်း ‘ဝ’ အဖွဲ့ ထုတ်ပြန်
Published 3 September 2016

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ -၂၁ ရာစု ပင်လုံအစည်းအဝေးမှ ထွက်ခွာလာခြင်းသည် ညီလာခံကိုကန့်ကွက်ခြင်းမဟုတ်ဘဲ အစီအစဉ်၏ တရားမျှတမှုနှင့် ပွင့်လင်းမြင်သာမှု မရှိခြင်းကြောင့်ဖြစ်ကြောင်း ‘‘ဝ’’ ပြည် သွေးစည်း ညီညွတ်ရေးပါတီ (UWSP) ဗဟိုပေါ်လစ်ဗျူရို အမြဲတမ်း ကော်မတီက စက်တင်ဘာ ၂ ရက်က သဘောထားကြေညာချက် ထုတ်ပြန်သည်။
ညီလာခံမှ ထွက်ခွာခြင်းကြောင့် ပြင်ပမှ ‘‘ဝ’’ ပြည်နယ်အား ထင်မြင်လွဲမှားမှုကို ရှင်းလင်းပေးရန်နှင့် ငြိမ်းချမ်းရေးကိစ္စအပေါ် ‘‘ဝ’’ ပြည်နယ်၏ ရပ်တည်ချက်ကို ဖော်ပြရန်အတွက် ထုတ်ပြန်ခြင်းဖြစ်ကြောင်း ကြေညာချက်တွင် ရေးသားထားသည်။
အဆိုပါကြေညာချက်၌ ၂၁ ရာစုပင်လုံအပေါ် ညီလာခံအစီအစဉ်၊ ဆွေးနွေးတင်ပြရန် အကြောင်းအရင်းနှင့် ဤညီလာခံသို့ တက်ရောက်သော ‘‘ဝ’’ ပြည်နယ် ကိုယ်စားလှယ်အဖွဲ့အား တရားဝင် ကိုယ်စားလှယ် မဟုတ်သော ကတ်ပြားဖြင့် ‘‘ဝ’’ ပြည်နယ်ကို နိမ့်ချခြင်း၊ ဆွေးနွေးတင်ပြရန် အစီအမံကိစ္စကြောင့် ‘‘ဝ’’ ပြည်နယ်အနေဖြင့် ညီလာခံကို ကြီးမှူးကျင်းပသော ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နှင့် အကြိမ်ကြိမ်ညှိနှိုင်းပြီး အကျိုးသက်ရောက်မှုမရှိသော အခြေအနေမျိုးအောက်တွင် မတတ်သာ၍ စက်တင်ဘာ ၁ ရက် နံနက်ပိုင်းတွင် ညီလာခံမှ ထွက်ခွာရန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ရေးသားထားသည်။
‘‘ဝ’’ ပြည်နယ်အနေဖြင့် ငြိမ်းချမ်းရေးကို အသိအမှတ်ပြုပြီး ထောက်ခံကာ တောင့်တပါကြောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ တစ်သက်တာလုံး အကြမ်းမဖက်ရေး၊ အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးကြိုးပမ်းမှုများကို လေးစားချီးကျူးကြောင်းနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမှ ထွက်ခွာသွားခြင်းသည် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ကန့်ကွက်ခြင်းမဟုတ်ဘဲ အစီအစဉ်၏ တရားမျှတမှုမရှိခြင်းနှင့် ပွင့်လင်းမြင်သာမှု မရှိခြင်းကြောင့် ကန့်ကွက်ခြင်းသာဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ထို့ပြင် မျက်မှောက်ပြည်ထောင်စုအစိုးရနှင့် တပ်မတော်တို့သည် အုပ်ချုပ်ရေး အရင်းအမြစ် သာလွန်ပြီး ပြည်ထောင်စုညီလာခံ၏ အစီအစဉ်တွင် တိုင်းရင်းသား လူနည်းစုအား ညှာတာသင့်၍ အနည်းဆုံးအနေဖြင့် တရားမျှတသော အစည်းအဝေးအစီအစဉ်ကို ဖန်တီးသင့်ကြောင်း၊ လူနည်းစု တိုင်းရင်းသားတို့သည် သမိုင်းတစ်လျှောက်တွင် အားနည်းဖက်ဖြစ်ပြီး အကယ်၍ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၏ အစီအ စဉ်တွင် တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အာမခံချက်မပေးနိုင်လျှင် နောက်နောင် နိုင်ငံရေးဆွေးနွေးမှုတွင် တရားမျှတမှု မည်သို့ရှိနိုင်မည်နည်းဟု ထုတ်ပြန်ချက်တွင် မေးခွန်းထုတ်ထားသည်။
ထို့အတူ ‘‘ဝ’’ ပြည်နယ် တောင်းဆိုနေသည်မှာ ယခုတွင်သာမက နောက်နောင် နိုင်ငံရေး ဆွေးနွေးသည့်အခါ အစီအစဉ် တရားမျှတမှုရှိရေးလည်း တောင်းဆိုနေခြင်းဖြစ်ကြောင်း၊ တရားမျှတမှုရှိသော အစီအစဉ်ကို အခြေခံပြီး နှစ်ဦးနှစ်ဖက်မှ တရားမျှတသော နိုင်ငံရေး ဆွေးနွေးမှုမှတစ်ဆင့်         နှစ်ဖက် လက်ခံနိုင်သောရလဒ်ကို ရယူနိုင်မည်ဖြစ်ကြောင်းနှင့် သာလွန်မှုရှိသော တစ်ဖက်မှ တရားမျှတမှုမရှိသော အစီအစဉ်စီမံခြင်းမှတစ်ဆင့် အားနည်းဖက်ကိုဖိနှိပ်ခြင်းသည် ‘‘ဝ’’ ပြည်နယ်မှ ကန့်ကွက်သော သဘောထားကို ကိုင်စွဲသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် တောင်းဆိုရေးသားထားသည်။
ငြိမ်းချမ်းရေးကို ‘‘ဝ’’ ပြည်နယ်မှ တစ်လျှောက်လုံး ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ ၂၀၀၉ ခုနှစ် အစောပိုင်းတွင် ၈၈ ကိုးကန့် အရေးအခင်းနှင့် စစ်အစိုးရမှ ‘‘ဝ’’ ပြည်နယ်အပေါ် ဖျက်လေးဖျက် စီမံကိန်းကျင့်သုံးပြီး ယခင်ကာလ မကြုံဖူးခဲ့သော တင်းမာမှု အခြေအနေသို့ ရောက်ရှိသောအချိန်တွင် ‘‘ဝ’’ပြည်နယ်မှ တစ်လျှောက်လုံး ငြိမ်းချမ်းရေးအတွက် နည်းလမ်းမျိုးစုံရှာဖွေခဲ့ပြီး တစ်နိုင်ငံလုံး ပြည်တွင်းစစ်ပေါက်ဖွားမှုကို အတတ်နိုင်ဆုံး ဟန့်တားနိုင်ခဲ့ကြောင်း၊ တင်းမာသောအခြေအနေကို ဦးစွာဖြေလျှော့နိုင်ခဲ့ပြီး ၂၀၁၁ ခုနှစ် ဇွန် ၉ ရက်နှင့် အောက်တိုဘာ ၁ ရက်တွင် ရွေးကောက်ပွဲပြီးနောက် တက်လာသော ဦးသိန်းစိန်အစိုးရနှင့် အဆင့်သုံးဆင့် ငြိမ်းချမ်းရေးစာချုပ် လမ်းပြမြေပုံအောက်ရှိ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးစာချုပ်၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုခဲ့ပြီး နောက်ဆုံးအဆင့်ဖြစ်သော လွှတ်တော်အဆင့် ငြိမ်းချမ်းရေးစာချုပ်ကို ချုပ်ဆိုရန်သာ ကျန်ရှိနေသည်မှာ လက်ရှိ ပြည်ထောင်စုအစိုးရ အကောင်အထည် ဖော်ဆောင်ရွက်နေသော တစ်နိုင်ငံလုံး ပစ်ခတ်ရပ်စဲရေး စာချုပ်ထက် ပိုမိုစောလျှင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
‘‘ဝ’’ပြည်နယ်အနေဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မရှင်နှင့် နှစ်ဖက် တိုက်ရိုက် တွေ့ဆုံဆွေးနွေးခြင်းဖြင့် ယခင်အစိုးရ ချန်လပ်ထားသော အဆင့်သုံးဆင့် ငြိမ်းချမ်းရေး သဘောတူစာချုပ်ဖြစ်မြောက်ရန် ဆက်လက်ဖော်ဆောင်ပြီး နောက်ဆုံးတွင် ငြိမ်းချမ်းရေး နိုင်ငံရေး သဘောတူစာချုပ် ရယူလိုသည့် သဘောထားကို ကိုင်စွဲထားကြောင်းလည်း ပါရှိသည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ -၂၁ ရာစုပင်လုံ အစည်းအဝေး၌ တင်သွင်းရန် စီစဉ်ခဲ့သည့် ‘‘ဝ’’ လက်နက်ကိုင်အဖွဲ့ ဖြစ်သည့် (UWSP/ UWSA)၏  ဗဟိုပေါ်လစ်ဗျူရိုကော်မတီ၏ စာတမ်းတွင် အခန်းကဏ္ဍ ၁၅ ခုဖြင့် နိုင်ငံရေး အသေးစိတ် တောင်းဆိုချက်များ ပါဝင်သည်။

Most Read

Most Recent