သြဂုတ်လအတွက် ထုတ်ပြန်သော နစ်ကေး အာဆီယံ စက်မှုကုန်ထုတ်လုပ်ငန်း PMI အညွှန်းကိန်း၌ မြန်မာက ၄၇ ဒသမ ၂ မှတ်သာ ရှိခဲ့ပြီး ဇူလိုင်လထက် နှစ်မှတ်ကျဆင်းခဲ့

သြဂုတ်လအတွက် ထုတ်ပြန်သော နစ်ကေး အာဆီယံ စက်မှုကုန်ထုတ်လုပ်ငန်း PMI အညွှန်းကိန်း၌ မြန်မာက ၄၇ ဒသမ ၂ မှတ်သာ ရှိခဲ့ပြီး ဇူလိုင်လထက် နှစ်မှတ်ကျဆင်းခဲ့
Published 1 September 2016
စည်သူအောင်

သြဂုတ်လအတွက် ထုတ်ပြန်သော နစ်ကေး အာဆီယံစက်မှု ကုန်ထုတ်လုပ်ငန်း PMI အညွှန်းကိန်း ((Manufacturing Purchasing Manager's Index- ဝယ်ယူရေး မန်နေဂျာများ၏ အညွှန်းကိန်း) တွင် မြန်မာနိုင်ငံ က ၄၇ ဒသမ ၂ မှတ်သာ ရရှိခဲ့ပြီး ဇူလိုင်လနှိုင်းယှဉ်ပါက နှစ်မှတ်ကျဆင်းခဲ့ကာ ကုန်ထုတ်လုပ်မှုနှင့် ဝယ်လိုအား ကျုံ့လာသည့် အခြေအနေ ဖြစ်လာကြောင်း သိရသည်။
ယင်းထုတ်ပြန်ချက်ကို စက်တင်ဘာ ၁ ရက်တွင် ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး ဂျပန်အခြေစိုက် Nikkei  မီဒီယာအုပ်စုက ပံ့ပိုးကာ ဗြိတိန်အခြေစိုက် ဈေးကွက်စစ်တမ်း ကောက်ယူမှုနှင့် အကြံပေးလုပ်ငန်းဖြစ်သော IHS Markit က ပြုစုထုတ်ဝေထားခြင်းဖြစ်သည်။ အဆိုပါ အစီရင်ခံစာကို Nikkei ၏ ပံ့ပိုးမှုဖြင့် ပထမဦးဆုံးအကြိမ် ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ထိုင်း၊ မြန်မာနိုင်ငံတို့၏ PMI အချက်အလက်များ ပါဝင်ကြောင်း သိရသည်။
သြဂုတ်လတွင် အာဆီယံနိုင်ငံများ၏ စက်မှုကုန်ထုတ်လုပ်ငန်း အခြေအနေသည် အနည်းငယ် တိုးတက်လာခဲ့ပြီး အာဆီယံ စက်မှုကုန်ထုတ်လုပ်ငန်း PMI အညွှန်းကိန်းသည် ၅၀ ဒသမ ၃ မှတ်ရှိရာ ဇူလိုင်လ အညွှန်းကိန်း ၄၈ ဒသမ ၅ မှတ်ထက် သာလွန်ခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံသည် ခိုင်မာသော တိုးတက်မှုများ ရရှိလျက်ရှိပြီး ထိုင်း၊ မလေးရှား၊  မြန်မာနိုင်ငံတို့တွင် ဝယ်ယူရေး မန်နေဂျာများ၏ အညွှန်းကိန်း ကျုံ့သွားမှုများမှာ ထင်ရှားသည်ဟု ဆိုသည်။
မြန်မာစက်မှု ကုန်ထုတ်လုပ်မှု ညွှန်းကိန်းများနှင့် ပတ်သက်၍ IHS Markit မှ စစ်တမ်းများ မှတ်တမ်းတင်သူ Alex Gill က “အခု နောက်ဆုံး PMI က အာဆီယံစက်မှုကုန် ထုတ်လုပ်ငန်းကဏ္ဍ အခြေအနေရဲ့ ရောထွေးတဲ့ ပြကွက်အနေအထားကို ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ လေးလမှာ သုံးလမှာ တိုးတက်မှုရှိပေမယ့် တိုးတက်နှုန်းဟာ သေချာမှုမရှိဘဲ အပြောင်းအလဲ ဖြစ်နိုင်ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ လာနီညာရာသီဥတုနဲ့ ရေဘေးအန္တရာယ် တွေကလည်း ကုန်ထုတ်လုပ်မှု အညွှန်းကိန်းကို ကြီးကြီးမားမား သက်ရောက်မှု ရှိစေပါတယ်” ဟု မှတ်ချက်ပြုထားသည်။
အာဆီယံ တစ်မျိုးသားလုံးဆိုင်ရာ စက်မှုကုန်ထုတ်လုပ်ငန်း PMI အညွှန်းကိန်း ကောက်ယူမှုတွင် ပါဝင်သော ခုနစ်နိုင်ငံအနက် ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနိုင်ငံ တို့သည် သြဂုတ်လအတွင်း တိုးတက်မှုများ ရှိသော်လည်း မြန်မာ၊ ထိုင်း၊ မလေးရှားနိုင် ငံတို့သည် တိုးတက်နှုန်းပြန်လည်ကျဆင်း လာကာ စင်ကာပူနိုင်ငံမှာလည်း ယခင်လများနှင့် နှိုင်းယှဉ်ပါက အညွှန်ကိန်းများ လျော့နည်းလာကြောင်း သိရသည်။
မြန်မာနိုင်ငံသည် သြဂုတ်လအတွင်း ကုန်ထုတ်လုပ်မှု အမှာစာသစ် လက်ခံရရှိမှု အသင့်အတင့် ကျဆင်းလာမှု ရှိသည်ကို တွေ့ရကြောင်း IHS Markit က ဆိုသည်။ အဆိုပါ အခြေအနေမှာ၂၀၁၅ ခုနှစ် ဒီဇင်ဘာတွင် ကိန်းဂဏန်း စတင်ကောက်ယူပြီးနောက်ပိုင်း အခြေအနေဆိုးရွားမှုမှာ အသိသာဆုံးဖြစ်ကာ ထိုသို့ကျုံ့ဝင်လာမှုမှာ ကုန်ထွက်ရှိမှုနှင့် လုပ်ငန်းသစ်များ သိသာစွာ ကျဆင်းလာမှု၏ ဖော်ညွှန်းချက်ဖြစ်ကြောင်း သုံးသပ်ထားသည်။
ယခုထုတ်ပြန်ထားသော အာဆီယံစက်မှု ကုန်ထုတ်လုပ်ငန်း အညွှန်းကိန်းသည် IHS Markit က စက်မှုကုန်ထုတ် လုပ်ငန်းပေါင်း ၂၁၀၀ ဝန်းကျင်၏ ကိုယ်စားပြု အဖွဲ့များထံမှ ကောက်ယူစုစည်းရရှိသည့် စစ်တမ်းမူလ ကိန်းဂဏန်းများကို အခြေခံထားခြင်းဖြစ်ကြောင်း သိရသည်။
 

Most Read

Most Recent