ကဘူးရှိ အမေရိကန် တက္ကသိုလ်ကို စစ်သွေးကြွများ ဝင်ရောက်တိုက်ခိုက်မှုကြောင့် လူကိုးဦးထက်မနည်း သေဆုံး

ကဘူးရှိ အမေရိကန် တက္ကသိုလ်ကို စစ်သွေးကြွများ ဝင်ရောက်တိုက်ခိုက်မှုကြောင့် လူကိုးဦးထက်မနည်း သေဆုံး
Published 25 August 2016

စစ်သွေးကြွများက အာဖဂန်နိုင်ငံ မြို့ တော်ကဘူးရှိ အမေရိကန်တက္ကသိုလ်ကို စီးနင်းတိုက်ခိုက် ခဲ့ပြီးနောက် ယင်းတိုက်ခိုက်သူ နှစ်ဦးအပါအဝင် စုစုပေါင်း ၁၁ ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက သြဂုတ် ၂၅ ရက်တွင် ပြောကြားခဲ့သည်။ ယင်းတက္ကသိုလ်မှ အမေရိကန်နှင့် သြစတြေးလျပါမောက္ခ နှစ်ဦးကို ယင်းကျောင်းအနီးတွင် သေနတ်သမားများက ပြန်ပေးဆွဲသွား ခဲ့ပြီးနောက် သီတင်းပတ် အနည်းငယ်အကြာတွင် ယင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
သြဂုတ် ၂၄ ရက်ညနေတွင် တိုက်ခိုက်မှု စတင်ဖြစ်ပွားခဲ့ပြီးနောက် ကျောင်းဝင်းအတွင်း ပေါက်ကွဲမှုများနှင့် ပစ်ခတ်မှုများစွာ ဖြစ်ပွားခဲ့ပြီး အပြန်အလှန် တိုက်ခိုက်မှုသည် ၁၀ နာရီနီးပါး ကြာမြင့်ခဲ့ကြောင်း သိရသည်။ ယခုတိုက်ခိုက်မှုအတွက် တာဝန်ရှိကြောင်း မည်သည့်အဖွဲ့ကမျှ မထုတ်ပြန်သေးသော်လည်း တာလီဘန်များက အနောက်နိုင်ငံများ ကျောထောက်နောက်ခံပြု အာဖဂန်အစိုးရကို နိုင်ငံတစ်ဝန်း နွေရာသီ ထိုးစစ်ဆင်တိုက်ခိုက်မှု အရှိန်မြှင့်နေစဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
“ကျောင်းသားခုနစ်ဦး သေဆုံးခဲ့ရတယ်။ ပြီးတော့ ကျောင်းသား ၃၀ လောက်နဲ့ ကထိကတွေ ဒဏ်ရာရခဲ့တယ်” ဟု ပြည်ထဲရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဆီဒစ်ဆီဒစ်ခီက ပြောကြားခဲ့ပြီး ရဲနှစ်ဦးလည်း သေဆုံးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တိုက်ခိုက်မှုများ ဖြစ်ပွားနေစဉ် ကျောင်းထဲ၌ ပိတ်မိနေခဲ့သည့် ကျောင်းသားအများအပြားက အကူအညီတောင်းသည့် မက်ဆေ့များ ပေးပို့ခဲ့ပြီး အချို့ကလည်း စာသင်ခန်း ပရိဘောဂများဖြင့် အခန်းတံခါးများကို ပိတ်ဆို့ထားခဲ့သည်။ ညလုံးပေါက် တိုက်ခိုက်မှုအတွင်း ကျောင်းသားရာနှင့်ချီကို ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။ ကယ်တင်ခံခဲ့ရသူများတွင် အေပီဓာတ်ပုံဂျာနယ်လစ် မာဆွတ်ဟိုစနီလည်း ပါဝင်ခဲ့ပြီး ၎င်းသည် ဒဏ်ရာရခဲ့ကာ နောက်ပိုင်းတွင် ကျောင်းသားအချို့နှင့် ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ စာသင်ခန်းအနီးမှာ ပေါက်ကွဲသံတွေနဲ့ ပစ်ခတ်သံတွေ ကြားလိုက်ရတယ်။ နောက်တော့ စာသင်ခန်း တစ်ခန်းလုံး မီးခိုးတွေ၊ ဖုန်တွေနဲ့ ပြည့်သွားတယ်” ဟု ကြောက်လန့်နေသည့် ကျောင်းသားတစ်ဦးက အေအက်ဖ်ပီကို ဖုန်းဖြင့်ပြောကြားခဲ့သည်။ ဓားစာခံများ ထိန်းသိမ်းခံခဲ့ရခြင်းရှိ၊ မရှိကို မှတ်ချက်ပေးရန် အာဏာပိုင်များက ငြင်းဆန်ခဲ့သည်။ ယင်းတိုက်ခိုက်မှုကို တုံ့ပြန်ရန်အတွက် နေတိုးစစ်ဘက် အကြံပေးများက အာဖဂန်တပ်များကို ကူညီပေးခဲ့ကြောင်း အမေရိကန် တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သော်လည်း တပ်ဖွဲ့ဝင်မည်မျှ ပါဝင်ခဲ့ကြောင်း မပြောကြားခဲ့ပေ။
၂၀၀၆ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သော ယင်းတက္ကသိုလ်ကို တက်ရောက်ရန် ကျောင်းသား ၁၇၀၀ ကျော်က စာရင်းသွင်းခဲ့သည်။ ပြည်ပတက္ကသိုလ် ဆရာများကို ဆွဲဆောင်နိုင်ခြင်းကြောင့် ယင်းထိပ်တန်း တက္ကသိုလ်သည် စစ်သွေးကြွများအတွက် အရေးပါသော ပစ်မှတ်တစ်ခု ဖြစ်နေခဲ့သည်။ သြဂုတ် ၇ ရက်တွင် ပြန်ပေးဆွဲခံခဲ့ရသော ယင်းတက္ကသိုလ်မှ ပါမောက္ခ နှစ်ဦးသည်လည်း မည်သည့်နေရာသို့ ရောက်ရှိနေသည်ကို မသိရသေးပေ။ ပဋိပက္ခများကြောင့် ပျက်စီးနေသော အာဖဂန်တွင် နိုင်ငံခြားသားများကို ပြန်ပေးဆွဲခဲ့သည့် ယင်းနောက်ဆုံးဖြစ်စဉ်ကို ပြုလုပ်ခဲ့ကြောင်း မည်သည့်အဖွဲ့ကမျှ မထုတ်ပြန်သေးပေ။              
Ref : AFP