အမေရိကန်ခရီးစဉ်အတွင်း မြန်မာသံအမတ်များနှင့် ဒေါ်အောင်ဆန်းစုကြည် အင်္ဂလန်တွင် တွေ့ဆုံမည်

အမေရိကန်ခရီးစဉ်အတွင်း မြန်မာသံအမတ်များနှင့် ဒေါ်အောင်ဆန်းစုကြည် အင်္ဂလန်တွင် တွေ့ဆုံမည်
Published 23 August 2016
ငြိမ်းကို

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် စက်တင်ဘာလလယ်တွင် သွားရောက်မည့် အမေရိကန်ခရီးစဉ်အတွင်း မြန်မာသံအမတ်များနှင့် အင်္ဂလန်၌ တွေ့ဆုံမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
 
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ကုလသမဂ္ဂအထွေထွေညီလာခံ တက်ရောက်ရန် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့သို့ သွားရောက်မည့် ခရီးစဉ်အတွင်း ဥရောပ၊ အာဖရိကနှင့် အမေရိကရှိ နိုင်ငံများမှ မြန်မာသံအမတ်များနှင့် အင်္ဂလန်တွင် တွေ့ဆုံမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးစိုးက ပြောကြားသည်။
 
“အန်တီတို့ ဝန်ကြီး (ဒေါ်အောင်ဆန်းစုကြည်) အနေနဲ့ ဥရောပနဲ့ အနောက်ဘက်က နိုင်ငံတွေက မြန်မာသံအမတ်တွေနဲ့ တွေ့မယ်ဆိုတာ ဟုတ်ပါတယ်။ လာမယ့် စက်တင်ဘာမှာ အမေရိကန်၊ နယူးယောက်ကို ကုလသမဂ္ဂညီလာခံတက်ဖို့ သွားတဲ့ ခရီးစဉ်အတွင်းမှာပဲ တွေ့မှာပါ။ မသေချာတာက အသွားမှာတွေ့မှာလား၊ အပြန်မှာတွေ့မှာလား ဆိုတာကိုပါ။ အင်္ဂလန်က ဗဟိုကျတော့ အင်္ဂလန်မှာပဲတွေ့ဖို့ စီစဉ်ထားတာပါ။ အဲဒီလို တွေ့ဖို့ကလည်း နောက်ထပ် စီစဉ်ဖို့ဆိုတာ ခက်ခဲလို့ တစ်ခါတည်းတွေ့လို့ရအောင် လုပ်လိုက်တာပါ”ဟု ဒေါ်အေးအေးစိုးက ပြောကြားသည်။
 
(၇၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကို အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် စက်တင်ဘာ ၂၀ ရက်မှ ၂၆ ရက်အထိ ကျင်းပမည်ဖြစ်သည်။
 
ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် ဇွန်လအတွင်းက အာရှနိုင်ငံများမှ မြန်မာသံအမတ် ၁၉ ဦးနှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။
 
ကမ္ဘာတစ်ဝန်းတွင် မြန်မာသံရုံး ၄၄ ရုံးရှိကြောင်း သိရပြီး ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ခရီးစဉ်အတွင်း ဥရောပ၊ အာဖရိကနှင့် အမေရိကရှိ နိုင်ငံများမှ မြန်မာသံအမတ် ၂၄ ဦးနှင့် တွေ့ဆုံသွားမည်ဟု သိရသည်။                                         
 

Most Read

Most Recent