ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် NCA တွင် ပါဝင်နိုင်ရေး UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ အစိုးရနှင့် ယနေ့ တရားဝင် တွေ့ဆုံညှိနှိုင်းမည်

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် NCA တွင် ပါဝင်နိုင်ရေး UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ အစိုးရနှင့် ယနေ့ တရားဝင် တွေ့ဆုံညှိနှိုင်းမည်
Published 19 August 2016
ဇာလီမြင့်ဦး

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်  တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) က အစိုးရနှင့် သြဂုတ် ၂၀ ရက်(ယနေ့) တွင် ရန်ကုန်မြို့၌ တရားဝင် တွေ့ဆုံညှိနှိုင်းမည် ဖြစ်ကြောင်း သတင်းရရှိသည်။
UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) ၏ သြဂုတ် ၁၉ ရက်ထုတ်ပြန်ချက်တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အပါအဝင် အာမခံချက်ရှိပြီး အဓိပ္ပာယ် ပြည့်ဝသော နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်သို့ တက်လှမ်းနိုင်ရေးအတွက် အားလုံးနှင့်အတူတကွ ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်းနှင့် အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံမှုကို ရန်ကုန်မြို့ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ၌တွေ့ဆုံဆွေးနွေး ညှိနှိုင်းသွားကြမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ဆက်လက်၍ အဆိုပါအစည်းအဝေးတွင် DPN အနေဖြင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် လွန်ခဲ့သော ဇူလိုင်လက အစိုးရသို့ အဆိုပြုထားသည့် အဆိုပြုချက်များနှင့် နိုင်ငံရေးအရ အာမခံချက်ရှိသော ဖြစ်စဉ်ဆိုင်ရာ ကိစ္စရပ်များကို တရားဝင် တွေ့ဆုံညှိနှိုင်းသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
UNFC အထွေထွေအတွင်းရေးမှူး ခူဦးရယ် ဦးဆောင်သော DPN အဖွဲ့သည် ဒေါက်တာတင်မျိုးဝင်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူသည့် ၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီနှင့် ဇွန် ၃ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ပထမအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လအတွင်းကလည်း ရန်ကုန်မြို့တွင် တွေ့ဆုံမှုများပြုလုပ်ကာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တိုးတက်မှုဖြစ်ပေါ်ရေး ညှိနှိုင်းခဲ့ကြသည်။
အစိုးရနှင့် UNFC ကိုယ်စားလှယ်အဖွဲ့တို့ ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ရာတွင် ညှိနှိုင်းရမည့်အချက် အနည်းငယ် ရှိနေသေးကြောင်းနှင့် တွေ့ဆုံညှိနှိုင်းမှုတွင် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှု မူဘောင်နှင့် ပတ်သက်၍၂၁ ရာစု ပင်လုံညီလာခံမတိုင်မီနှင့် ညီလာခံပြီးစီးပြီးနောက်ပိုင်းပြုလုပ်မည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများအတွက်လည်း အသေးစိတ် ဆွေးနွေးရန် လျာထား ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)အတွင်းရေးမှူးအဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောကြားထားသည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် UNFC အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များသည် ဇူလိုင် ၁၇ ရက်က ရန်ကုန်မြို့တွင်တွေ့ဆုံခဲ့ပြီး တွေ့ဆုံမှုအပြီးတွင် UNFC က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေသည့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အားလုံးပူးပေါင်း ပါဝင်နိုင်သည့် ငြိမ်းချမ်းရေးဖြစ်စဉ် ဖြစ်ရေးအတွက်  လက်တွေ့ဆွေးနွေးချက်များကို ဆွေးနွေးခဲ့ကြောင်းနှင့် စစ်ပဋိပက္ခတွင် ပါဝင်နေသည့် လက်နက်ကိုင်အဖွဲ့အစည်းများ အားလုံးမှ စစ်မှန်သည့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို တစ်ပြိုင်နက်တည်း ကြေညာနိုင်မည်ဟု မျှော်လင့်ကြောင်း သတင်းထုတ်ပြန်ထားသည်။
လက်ရှိ UNFC အဖွဲ့ဝင်  အဖွဲ့အစည်းများမှာ ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ KIO/KIA ၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရခိုင်ပြည်အမျိုးသားကောင်စီ (ANC)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ တအာင်းလက်နက်ကိုင်အဖွဲ့ (PSLF/TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA) ၊ ‘ဝ’ အမျိုးသားအဖွဲ့ချုပ် (WNO) နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ဖြစ်ပြီး ၎င်းအဖွဲ့အားလုံးသည် ယခင် အစိုးရလက်ထက်က အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား NCA ရရှိရေး ညှိနှိုင်းရာတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။
သို့ရာတွင် NCA တွင် ပါဝင် လက်မှတ်ထိုးမည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ကိစ္စ ဆွေးနွေးရာတွင် နှစ်ဖက်ပြေလည်မှု မရခဲ့၍၂၀၁၅ ခုနှစ် အောက်တိုဘာက ကျင်းပခဲ့သည့် NCA လက်မှတ်ထိုးပွဲတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ရှစ်ဖွဲ့သာ ပါဝင်လက်မှတ်ထိုးခဲ့ပြီး UNFC အဖွဲ့ဝင် ကိုးဖွဲ့မှာ လက်မှတ်မထိုးခဲ့ပေ။
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစုပင်လုံကို သြဂုတ် ၃၁ ရက်တွင် စတင်ပြုလုပ်မည်ဖြစ်ပြီး ညီလာခံကျင်းပရေး ပူးတွဲကော်မတီတွင် နိုင်ငံရေးပါတီများ အစုအဖွဲ့မှ ၁၆ ဦး၊(အစိုးရ၊လွှတ်တော်၊ တပ်မ တော်)ပါဝင်သည့် အစိုးရအဖွဲ့မှ ၁၆ ဦး၊ NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ ရှစ်ဦးနှင့် NCA လက်မှတ် မရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ရှစ်ဦး ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent