နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး ယနေ့ သွားရောက်မည်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး ယနေ့ သွားရောက်မည်
Published 17 August 2016
ငြိမ်းဇော်လင်း

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး ယနေ့ (သြဂုတ် ၁၇ ရက်)တွင် သွားရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ဒေါ်အောင်ဆန်းစုကြည်၏ ယခု တရုတ်နိုင်ငံသို့ သွားရောက်မည့် ချစ်ကြည်ရေး ခရီးစဉ်သည် လေးရက် ကြာမြင့်မည်ဖြစ်ပြီး အာဆီယံပြင်ပ ပထမဆုံးခရီးစဉ် ဖြစ်လာမည် ဖြစ်ကာ တရုတ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော် အကြီးအကဲ အဆောင်အယောင် ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုမည်ဖြစ်ကြောင်း တရုတ်အစိုးရအာဘော် သတင်းစာဖြစ်သည့် ဂလိုဘယ်တိုင်းမ် သတင်းစာက ဖော်ပြထားသည်။နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် မစ္စတာ လီခယ်ကျင်း၏ ဖိတ်ကြားချက်အရ ချစ်ကြည်ရေးခရီး သွားရောက်ခြင်းဖြစ်ကြောင်း သိရသည်။ယခု ခရီးစဉ်အတွင်း တရုတ်နိုင်ငံဘက်မှ မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ သေချာပေါက် ဆွေးနွေးလိမ့်မည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျက သြဂုတ် ၁၂ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားထားသည်။အဆိုပါ ခရီးစဉ် မတိုင်မီ ရက်ပိုင်းအလိုတွင် တရုတ်ကွန်မြူနစ်ပါတီ၊ နိုင်ငံတကာ ဆက်ဆံရေးဝန်ကြီး မစ္စတာ ဆောင်တာအိုက မြန်မာနိုင်ငံသို့ လာရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဟောင်း ဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ အပြင် ဦးသန်းရွှေနှင့်ပါ တွေ့ဆုံခဲ့သည်။ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့်နှစ် ဇွန်လပိုင်းကလည်း တရုတ်နိုင်ငံသို့ ပထမဆုံး ခရီးစဉ်အဖြစ် လေးရက်ကြာ သွားရောက်ခဲ့ပြီး ခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင်ပင်း၊ တရုတ်ဝန်ကြီးချုပ် လီခယ်ကျင်း အပါအဝင် တရုတ်ကွန်မြူနစ်ပါတီ ထိပ်တန်းခေါင်းဆောင်များနှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။