အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းရေးအတွက် အစိုးရကကြိုးပမ်း ဆောင်ရွက်ရန် တိုက်တွန်းကြောင်း ပြည်ခိုင်ဖြိုး လွှတ်တော်ကိုယ်စားလှယ် တင်သွင်းသည့်အဆို လက်ခံဆွေးနွေးရန် သင့်၊ မသင့် မဲခွဲဆုံးဖြတ်ပြီး ပြည်သူ့လွှတ်တော် ပယ်ခ

အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းရေးအတွက် အစိုးရကကြိုးပမ်း ဆောင်ရွက်ရန် တိုက်တွန်းကြောင်း ပြည်ခိုင်ဖြိုး လွှတ်တော်ကိုယ်စားလှယ် တင်သွင်းသည့်အဆို လက်ခံဆွေးနွေးရန် သင့်၊ မသင့် မဲခွဲဆုံးဖြတ်ပြီး ပြည်သူ့လွှတ်တော် ပယ်ခ
Published 15 August 2016
မျိုးမင်းထက်

အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းရေးအတွက် နိုင်ငံတော်အစိုးရက ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းသည့် အဆိုကို လက်ခံဆွေးနွေးရန် သင့်၊ မသင့် မဲခွဲဆုံးဖြတ်ရာ ကန့်ကွက်ဆန္ဒမဲ များသည့်အတွက် ပြည်သူ့လွှတ်တော်က ပယ်ချခဲ့သည်။
နေပြည်တော်တွင် သြဂုတ် ၁၅ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ မန္တလေးတိုင်းဒေသကြီး၊ သာစည် မဲဆန္ဒနယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိုးက အထက်ပါအဆိုကို တင်သွင်းခဲ့ခြင်းဖြစ်သည်။
အဆိုရှင် ဦးသန်းစိုးက ဖွံ့ဖြိုးတိုးတက်မှု နောက်ကျသည့် နိုင်ငံများအတွက် ပြည်တွင်းအင်အားနှင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန် လိုသလို နိုင်ငံတကာ၏ အင်အားနှင့်လည်း ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရန်လိုကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျသည့် နိုင်ငံများအတွက် စီးပွားရေးဆိုင်ရာ အထူးအခွင့်အရေးပေးမှု၊ နည်းပညာဆိုင်ရာ လွှဲပြောင်းပေးမှု၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် အကူအညီများသည် အဆိုပါနိုင်ငံ၏ ဖွံ့ဖြိုးတိုး တက်မှု၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို မလွဲမသွေ မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
မြန်မာနိုင်ငံအပေါ် အမေရိကန်နိုင်ငံ၏ စီးပွားရေးပိတ်ဆို့မှုကို ၁၉၉၇ ခုနှစ် မေလကစတင်ခဲ့ပြီး မြန်မာနိုင်ငံကို အုပ်ချုပ်နေသည့် စစ်အစိုးရ အနေဖြင့် ဒီမိုကရေစီအရေး ကို ဆန့်ကျင်ခြင်း၊ ဒီမိုကရေစီအရေး လှုပ်ရှားနေမှုများကို ဖိနှိပ်ချုပ်ချယ်မှုများကြောင့် ပိတ်ဆို့ဒဏ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဦးသန်းစိုးက ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ၌ ၂၀၁၀ ရွေး ကောက်ပွဲအပြီးတွင် ဒီမိုကရေစီအရေး ပြုပြင်ပြောင်းလဲမှုတွေကို အရှိန်အဟုန်ဖြင့် စတင်ဆောင်ရွက်ခဲ့ကြောင်း အမေရိကန်နှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံမှု မူဝါဒများလည်း ပိုမိုသွက်လက် လာခဲ့ကြောင်း အဆိုရှင်က ဆွေးနွေးပြောကြားသည်။
“သံတမန် ဆက်ဆံရေးကဏ္ဍမှာ အမေရိကန်နဲ့ မြန်မာနိုင်ငံအကြား ယာယီသံရုံး တာဝန်ခံအဆင့်မျှသာ ရှိခဲ့ပါတယ်။ ၂၀၁၂ ဇူလိုင်မှာ သံအမတ်ကြီးအဆင့် ဆက်ဆံရေး ကို တိုးမြှင့်ခဲ့ပါတယ်။ ပိတ်ဆို့မှုများကို အားလုံးဖြေလျှော့ မပေးသော်လည်း မြန်မာပို့ကုန် ကန့်သတ်မှုအချို့ကို ဖြေလျှော့ခဲ့ပါတယ်။ အဲဒီနောက်မှာ သမ္မတရဲ့ အမေရိကန်နိုင်ငံ ခရီးစဉ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန် ခရီးစဉ်များ ဖြစ်လာခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၉ ရက်မှာတော့ အမေရိကန် သမ္မတဘားရက် အိုဘားမားရဲ့ မြန်မာ့ခရီးစဉ် ဖြစ်လာခဲ့ပါတယ်။ ဒီလို ဆက်ဆံရေး တိုးတက်မှု မြန်မာနိုင်ငံအတွင်း ထင်သာမြင်သာ ရှိလာခဲ့ပါတယ်။ ဒီမိုကရေစီအရေး တိုးတက်မှုတွေရှိပေမယ့် အရေးယူပိတ်ဆို့မှုတွေကိုတော့ အကန့်အသတ်ဖြင့်သာ ဖြေလျှော့ပေးခဲ့ကြောင်း တွေ့ရပါတယ်” ဟု အဆိုရှင် ဦးသန်းစိုးက ပြောကြားသည်။
အဆိုရှင်ဦးသန်းစိုးက “အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာ့ဒီမိုကရေစီအရေး မြှင့်တင်ရေးကို အားပေးသွားမယ်။ ကူညီသွားမယ်ဆိုတဲ့ စကားတွေ၊ ကတိတွေ အများအပြားရှိခဲ့ပါတယ်။ ဒါပေမဲ့လက်တွေ့ မှာတော့ အပြောနဲ့အလုပ် ကွာဟနေသေးတာကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါတယ်။ နိုင်ငံတကာက မြန်မာ့ဒီမိုကရေစီအရေး ပြုပြင်ပြောင်းလဲမှု အသိအမှတ် ပြုနေကြပါတယ်။ အားပေးထောက်ခံပါတယ်။ နိုင်ငံတော်အစိုးရ အနေနဲ့လည်း ဒီမိုကရေစီ အခြေခံ အုတ်မြစ်ဖြစ်တဲ့ အမျိုးသား ရင်ကြားစေ့ရေး၊  ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်နေတဲ့ အချိန်မျိုးမှာ ကမ္ဘာ့ဒီမိုကရေစီ ဦးဆောင်နိုင်ငံလို့ ခံယူထားတဲ့ အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံကို ပိုမိုအားပေးသင့်၊ ထောက်ခံသင့်တယ်လို့ ကျွန်တော်မြင်ပါတယ်။ ဒါပေမဲ့  ဝမ်းနည်းစရာ ကောင်းတာက ၁၉၉၇ ခုနှစ် မေလက စတင်ခဲ့တဲ့ ပိတ်ဆို့မှုကို မရုပ်သိမ်းသေးဘဲ ယခုနှစ် မေလမှာ ဆက်လက်ပြီး သက်တမ်းတိုးတာကို သိခဲ့ရပါတယ်။ မြန်မာ့ဖွံ့ဖြိုးမှု နောက်ပြန်ဆွဲစေခဲ့ပါတယ်” ဟု ဆွေးနွေး ပြောကြားသည်။
အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းရေးအတွက် နိုင်ငံတော် အစိုးရက ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းသည့် အဆိုကို ရှမ်းပြည်နယ်၊ မိုင်းပျဉ်းမဲဆန္ဒနယ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်က ထောက်ခံဆွေးနွေးသည်။
သို့သော် အဆိုနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်မှ လက်ခံဆွေးနွေးရန် သင့်၊ မသင့် စက်ခလုတ်နှိပ် မဲခွဲဆုံးဖြတ်ရာတွင် ဆန္ဒမဲပေးခွင့် ရှိသူပေါင်း ၃၉၅ ဦးရှိပြီး ထောက်ခံဆန္ဒမဲ ၁၅၁ မဲ၊ ကန့်ကွက်ဆန္ဒမဲ ၂၁၉ မဲ၊ ကြားနေ ဆန္ဒမဲ ၁၆ မဲ ဖြစ်ရာ ကန့်ကွက်ဆန္ဒမဲ များသည့်အတွက် အဆိုအား ပြည်သူ့လွှတ်တော်မှ လက်ခံဆွေးနွေးမည် မဟုတ်ကြောင်း ဆုံး ဖြတ်ခဲ့သည်။
“ပယ်လိုက်တယ် ဆိုတော့လည်း ဆက်ပြီး ဒီအတိုင်းပဲသွားမှာပေါ့။ လက်ရှိ သက်ရောက်မှု အနေနဲ့ကတော့ နိုင်ငံတကာ ဆက်ဆံတဲ့နေရာမှာ သက်ရောက်မှု ရှိမှာပေါ့နော်။ လက်ရှိဆိုရင် မယုံကြည်ဘူးပေါ့လေ။ လက်ရှိ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ နိုင်ငံရေးမူဝါဒ နိုင်ငံခြားရေး ကိစ္စတွေကျတော့ ဦးတို့ နားမလည်တာ အများကြီး ရှိတယ်လေ။ အဲဒီအတွက်ကြောင့် အကျပ်အတည်း တွေ့မှာပေါ့” ဟု အဆိုရှင် ဦးသန်းစိုးက မီဒီယာများကို ပြောကြားသည်။